/
news/ကျန်းမာရေး-z/အဆုတ်ရောင်-နမိုးနီးယားရောဂါ

အဆုတ်ရောင် နမိုးနီးယားရောဂါ

Category
ကျန်းမာရေး (A-Z)

        အဆုတ်ရောင်နမိုးနီးယားဆိုသည်မှာ ရောဂါပိုး၀င်ရောက်ခြင်းကြောင့် အဆုတ်တွင်းရှိ လေအိတ် များ ရောင်ရမ်းခြင်းကို ဆိုလိုပါတယ်။ ရောဂါပိုး၀င်ရောက်လာခြင်းကြောင့် လေအိတ်များထဲတွင် အရည် (သို့) ပြည်များဖြင့်ပြည့်နှက်လာပြီး ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ အသက်ရှူ ခက်ခဲခြင်း တို့ကို ခံစားရပါတယ်။ သာမာန်အဆုတ်ရောင်ခြင်းမှ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ပြင်းထန် နိုင််ပါတယ်။ မွေးကင်းစကလေးများ၊ ကလေးငယ်များ နှင့် အသက် ၆၅ နှစ်နှင့် အထက် လူကြီးများ ဟာ အဆုတ်ရောင် နမိုးနီးယားရောဂါကို ပိုမို ခံစား ရလေ့ရှိပါတယ်။

ဖြစ်ပွားစေတဲ့ အကြောင်းရင်း

        နမိုးနီးယား အဆုတ်ရောင်ရောဂါဖြစ်စေတဲ့ အဓိကအကြောင်းရင်းကတော့ လေထုထဲမှာရှိ တဲ့ ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးတွေဖြစ်ပါတယ်။

အဆုတ်ရောင်ရောဂါ အမျိုးအစားများ

အဓိက အမျိုးအစားအားဖြင့် (၃) မျိုးခွဲခြားနိုင်ပါတယ်။

(၁) လုထုအတွင်းမှ ကူးစက်ပျံ့နှံ့သော အဆုတ်ရောင်ရောဂါ (Community – Acquired Pneumonia)

       အဖြစ်အများဆုံး အမျိုးအစားဖြစ်ပါတယ်။ ဖြစ်ပွားစေတဲ့ ရောဂါပိုးမွှားများကတော့ -

-      Streptococcus pneumoniae

-      Mycoplasma Pneumoniae

-      အအေးမိခြင်းကိုဖြစ်စေသော ဗိုင်းရပ်ပိုးမွှားများ

-      ငှက်ချီးနှင့် မြေသြဇာများတွင် တွေ့ရသောမှိုပိုးများ

 

(၂) ဆေးရုံ ပတ်၀န်းကျင်မှ ကူးစက်ပျံ့နှံ့သော အဆုတ်ရောင်ရောဂါ (Hospital Acquired Pneumonia)

          ဆေးရုံတက်နေတဲ့ လူ၊ အထူးကြပ်မတ် ကုသဆောင်မှာ ကုသမှုခံယူနေရတဲ့လူနာ တွေမှာတွေ့ရလေ့ရှိတဲ့ အမျိုးအစားဖြစ်ပါတယ်။ Hospital Acquired Pneumonia ကို ဖြစ်စေတဲ့ ရောဂါပိုးမွှားတွေက များသောအားဖြင့် ပဋိဇီ၀ဆေးကို ယဉ်ပါးနေတဲ့ ပိုးမွှားတွေဖြစ်ပါတယ်။

 

(၃) ကျန်းမာရေး အထောက်အကူပစ္စည်းများကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ (Health Care Acquired Pneumonia)

        ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ (ဥပမာ-အသက်ရှူစက်)ကိုရေရှည် အသုံးပြုနေသူများတွင် ဖြစ်လေ့ရှိတဲ့ အဆုတ်ရောင် ရောဂါဖြစ်ပါတယ်။

 

          အခြား အမျိုးအစားမှာ-

ပြင်ပ အရာ၀တုများ အဆုတ်တွင်းသို့ ၀င်ရောက်မှုကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ (Aspiration Pneumonia)

        စားလိုက်တဲ့ အစားအစာများ၊ အရည်များ၊ အန်ဖတ်များ အဆုတ်ထဲသို့ ရောက်ရှိလာသောအခါ Aspiration Pneumonia ဖြစ်နိုင်ပါတယ်။

 

နမိုးနီးယား ရောဂါဖြစ်ပွားနိုင်ခြေများ

-      အသက် ၂ နှစ်အောက်ကလေးများ

-      အသက် ၆၅ နှစ်အထက် လူကြီးများ

-      ပန်းနာရင်ကြပ်ရောဂါ၊ နှလုံးရောဂါ၊ နာတာရှည် အသက်ရှူလမ်းကြောင်း ပိတ်ဆို့သော ရောဂါရှိသူများ

-      ခုခံအားနည်းသူများ

-      ဆေးလိပ်သောက်သူများတို့ဖြစ်ပါတယ်။

 

ရောဂါလက္ခဏာများ

        ရှေ့ပြေးလက္ခဏာအနေနဲ့ အများအားဖြင့် အဖျား၀င်ခြင်း၊ ချမ်းတုန်ခြင်း တို့ကို ခံစားရတတ်ပြီး အသက် ၆၅ နှစ်အထက် လူကြီးများ၊ ခုခံအားစနစ်အားနည်းနေသူများတွင် သာမာန်ကိုယ်အပူချိန်ထက် လျော့နည်းခြင်း၊ ချောင်းဆိုးချွဲထခြင်း၊ အသက်ရှူလျှင်၊ ချောင်းဆိုးလျှင် ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူမ၀ခြင်း၊ နုံးချိခြင်း၊ နာကျင်ကိုက်ခဲခြင်း၊ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း တို့ကို ခံစားရနိုင်ပါတယ်။

ရောဂါရှာဖွေ စစ်ဆေးခြင်း

        စစ်ဆေးမှုအနေနဲ့ ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း၊ သွေးစစ်ဆေးခြင်း သွေးတွင်းရှိ အောက်စီဂျင်ပမာဏတိုင်း တာခြင်း (Pulse Oximetry)၊ သလိပ်စစ်ဆေးခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။

          အသက် ၆၅ နှစ်အရွယ်လူကြီးများအနေဖြင့် အဆုတ်အမြှေးပါးရှိ အရည်ကို ပိုးမွေးစစ်ဆေးခြင်း (Pleural fluid culture) နှင့် အဆုတ်အတွင်းသို့ မှန်ပြောင်းဖြင့် ကြည့်ရှုခြင်း (Bronchoscopy) တို့ကိုပါ ပြုလုပ်သင့်ပါ တယ်။

ကုသခြင်း

        ကုသမှုမှာ ရောဂါပိုးကို အမြစ်ပျောက်အောင် ကုသခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်အောင် ကာကွယ်ခြင်းဆိုပြီး (၂)ပိုင်း ရှိပါတယ်။ ရောဂါအမျိုးအစားနှင့် ပြင်းထန်မှု၊ အသက်အရွယ်ပေါ်မူတည်ပြီး ကုသမှုကွဲ ပြားနိုင်ပါတယ်။

          ရောဂါဖြစ်စေတဲ့ ပိုးမွှားပေါ်မူတည်ပြီး ပဋိဇီ၀ဆေးဝါးကို ၃ ရက်မှ ၂ ပတ်အထိ ပေးလေ့ရှိပါတယ်။ ဗိုင်းရပ်ကြောင့် ဖြစ်တာဆိုရင်တော့ ဗိုင်းရပ်စ်သတ်ဆေးကို အသုံးပြုပါတယ်။ တစ်ပတ်မှ သုံးပတ်အတွင်း သက်သာလာလေ့ရှိပါ တယ်။

          အဖျားကျစေရန် အိုင်ဗျူပရိုဖန် (Ibuprofen) (သို့)အက်စပရင် (Aspirin) ဆေးဝါး အသုံးပြုနိုင်ပါတယ်။ အောက်ပါလက္ခဏာများတွေ့ရှိရပါက ဆေးရုံသို့ အမြန်ဆုံးခေါ်ဆောင်သွားပါ။

-      အသက် ၆၅ နှစ်နှင့်အထက် လူကြီးများ အဆုတ်ရောင်ရောဂါဖြစ်လျင်

-      ပျို့အန်လျှင်

-      သတိမမှန်တော့လျှင်

-      သွေးပေါင်ကျလျှင်

-      အသက်ရှူမြန်လျှင်

-      အသက်ရှူမ၀လျှင်

-      သာမန်အပူချိန်ထက် လျော့နည်းနေလျှင်

-      သုံးနှစ်အောက် ကလေးဖြစ်လျှင်

-      ကလေးငယ် မှိန်းနေလျှင်

-      နှုတ်ခမ်းပြာနေလျှင်

-      ရေဓာတ်ခန်းခြောက်နေလျှင်

-      တက်လျှင်

 

နောက်ဆက်တွဲဆိုးကျိုးများ

-      အခြားသောအင်္ဂါအစိတ်အပိုင်းများသို့ ဘက်တီးရီးယားပိုးများ ပျံ့နှံ့ခြင်း (သွေးဆိပ်တက်ခြင်း)

-      အဆုတ်ပြည်တည်ခြင်း

-      အဆုတ်အမြှေးပါး ၂ ခုကြား ရေခိုအောင်းခြင်း

-      အသက်ရှူရခက်ခဲခြင်း

-       

ကာကွယ်ခြင်း

          အဆုတ်ရောင် နမိုးနီးယား ရောဂါမဖြစ်အောင် အောက်ပါနည်းလမ်းများဖြင့် ကာကွယ်ပါ။

-      အအေးမိရောဂါကာကွယ်ဆေး နှစ်စဉ်ထိုးပါ။

-      အဆုတ်ရောင် နမိုးနီးယားရောဂါ ကာကွယ်ဆေးထိုးပါ။

-      ကလေးများကို ကာကွယ်ဆေး အပြည့်အ၀ထိုးထားပေးပါ။

-      လက်ကို အမြဲသန့်ရှင်းအောင်ထားပါ။

-      ဆေးလိပ်မသောက်ပါနှင့်။

-      လေ့ကျင့်ခန်းလုပ်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်တဲ့အစားအစာများ စားသုံးခြင်း၊ အိပ်ရေး၀၀အိပ်ခြင်းဖြင့် ခန္ဓာကိုယ် ခုခံအားကို မြှင့်တင်ပါ။

-      နှာချေလျင်ဖြစ်စေ၊ ချောင်းဆိုလျင်ဖြစ်စေ လက်ကိုင်ပဝါဖြင့် အုပ်ပါ ဒါမှမဟုတ် တံတောင်ဖြင့်ကာပါ။

အဆုတ်ရောင်ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ မခံရအောင် -

-      အအေးမိနေချိန်တွင် အပြည့်အ၀အနားယူပါ။

-      လူထူထပ်သော နေရာများသို့ မသွားပါနှင့်။

-      ရေများများသောက်ပါ။

-      ပဋိဇီ၀ဆေးကို ဆရာ၀န်ညွှန်ကြားချက်အတိုင်း တိတိကျကျ သောက်ပါ။

-      အရောင်စုံသစ်သီးများ၊ ကောက်နှံတစ်ခုလုံးပါ၀င်သော အစားအစာများ၊ ပရိုတင်းဓာတ်ကြွယ်၀စေတဲ့ အစားအစာ (ဥပမာ- ကြက်စွပ်ပြုတ်) စတာတွေဟာ ခုခံအားစနစ်ကို ကောင်းမွန်စေတာကြောင့် အဆုတ်ရောင်နမိုးနီးယား ရောဂါမှ အမြန်ဆုံးသက်သာလာစေရန် ကူညီပေးပါလိမ့်မယ်။ အပြည့်အ၀အနားယူရန် လိုအပ်တာကြောင့် အရက်၊ ကော်ဖီ စတာတွေကို ရှောင်ရှားသင့်ပါတယ်။

 

Dr. Htet Htet Aung

www.drmyanmar.com