/
news/ကျန်းမာရေး-z/အပူရှပ်ခြင်း-heatstroke

အပူရှပ်ခြင်း (Heatstroke)

Category
ကျန်းမာရေး (A-Z)

        အပူကြောင့်ဖြစ်သော ေ၀ဒနာခံစားရမှုများထဲတွင် အဆိုးဆုံးဖြစ်တဲ့ Heatstroke ဟာ လူတစ်ယောက်ရဲ့ ကိုယ်ခန္ဓာအပူချိန် 104. F (40. C) နှင့် အထက်တွင် ဖြစ်ပွားတတ်ပါတယ်။ အရေးပေါ်ကုသမှုခံယူဖို့ လိုအပ်တဲ့ အခြေအနေတစ်မျိုးဖြစ်ပြီး အချိန်မီ မကုသနိုင်ခဲ့လျှင် ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်နှင့် ကြွက်သားတွေကို ထိခိုက် ပျက်စီးသွားစေပါတယ်။ ကုသမှုခံယူဖို့ နှောင့်နှေးလေလေ ထိခိုက်ပျက်စီးခံရနိုင်ခြေများလေလေဖြစ်ပြီး အသက်ပါ ဆုံးရူံးနိုင်တဲ့အထိ အန္တရာယ်ပေးနိုင်ပါတယ်။

 

♦ ဖြစ်ပွားရသောအကြောင်းရင်းများ

 

၁။ အပူလွန်ကဲသော ပတ်၀န်းကျင်နှင့် ထိတွေ့ခြင်း

          အပူလွန်ကဲသောပတ်၀န်းကျင်တွင် ၂ ရက်၊ ၃ ရက်လောက် ကြာရှည်စွာနေထိုင်မိခြင်းကြောင့် Heatstroke ဖြစ်နိုင်ပါတယ်။ ဒါကို ပုံမှန်ဖြစ်ပွားလေ့ရှိတဲ့ Heatstroke လို့ခေါ်ပါတယ်။ အများအားဖြင့် သက်ကြီးရွယ်အိုတွေနှင့် နာတာရှည်ရောဂါတစ်မျိုးမျိုး ခံစားနေရတဲ့သူတွေမှာ အဖြစ်များပါတယ်။

 

၂။ ပြင်းထန်စွာအလုပ်လုပ်ခြင်း

        အပူလွန်ကဲသော ရာသီဥတုတွင် ခန္ဓာကိုယ်လှုပ်ရှားမှု ပြင်းထန်စွာပြုလုပ်ပါကလည်း ကိုယ်အပူချိန်တက် လာ၍ heatstroke ဖြစ်ပွားနိုင်ပါတယ်။ ပူပြင်းသောရာသီဥတု၌ လေ့ကျင့်ခန်း (သို့) ကိုယ်လက်လှုပ်ရှားမှုများပါက မည်သူမဆို ဖြစ်ပွားနိုင်ပြီး အထူးသဖြင့် ပူပြင်းသောရာသီဥတုတွင် နေထိုင်လေ့ မရှိသူများအနေဖြင့် ကြုံတွေ့ရနိုင် ခြေပိုများပါတယ်။

          မည်သို့သောအကြောင်းကြောင့်ဖြစ်စေ၊ Heatstroke ဟာ အောက်ပါအချက်များကြောင့် ပိုမိုဆိုးဝါး သွားစေနိုင်ပါတယ်။

-      အ၀တ်အစားများ ထူထဲစွာ ၀တ်ဆင်ခြင်း

-      အရက်သောက်ခြင်း

-      ဆုံးရှုံးသွားသော ရေဓာတ်များကို ပြန်လည်မဖြည့်ခြင်း

 

♦ Heatstroke ဖြစ်နိုင်ခြေများသူများ

 

        မည်သူမဆို Heatstroke ဖြစ်နိုင်သော်လည်း ဖြစ်နိုင်ချေပို၍ မြင့်မားစေသောအချက်များမှာ

 

၁။ အသက်အရွယ်

           အပူဒဏ်ခံနိုင်စွမ်းဟာ ဗဟိုအာရုံကြောစနစ်မှာမူတည်ပါတယ်။ ငယ်ရွယ်လွန်းပါကလည်း အာရုံကြော စနစ်ကောင်းစွာမဖွံ့ဖြိုးသေးသလို အသက် 65 နှစ်အထက်တွင်လည်း အာရုံကြောစနစ်ယိုယွင်း ပျက်ဆီးလာပါ တယ်။ ဒါ့ကြောင့် အပူချိန်ပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်နည်းပါးတယ်။

 

၂။ ပူပြင်းသောရာသီဥတု၌ ပြင်းထန်စွာလှုပ်ရှားခြင်း

        ပူပြင်းသောရာသီဥတုမှာ ပြင်းထန်သော လေ့ကျင့်ခန်းနှင့် ဘောလုံးကဲ့သို့သော အားကစားများ၌ ပါ၀င်ခြင်း ကလည်း Heatstroke ဖြစ်ပွားစေနိုင်ပါတယ်။

 

၃။ ရုတ်တရက် ပူပြင်းသောရာသီဥတုနှင့် တွေ့ထိခြင်း

          ပူပြင်းသော အညာဒေသများသို့ ခရီးသွားခြင်းဖြင့် ပူသောရာသီဥတုနှင့် ရုတ်တရက်ထိတွေ့လိုက်ရပြီး အပူဒဏ်နှင့်ဆိုင်သော ရောဂါများပိုမိုဖြစ်ပွားစေနိုင်ပါတယ်။ အပြောင်းအလဲနှင့် ကျင့်သားရစေရန် ရက်အတန်ကြာ နားနားနေနေ နေဖို့လိုအပ်ပါတယ်။

 

၄။ အဲယားကွန်းမရှိခြင်း

        ပန်ကာကြောင့် အပူဒဏ်သက်သာနိုင်သော်လည်း တောက်လျှောက်ပူသောရာသီဖြစ်ပါက အဲယားကွန်း သည်သာလျှင် အပူကိုအထိရောက်ဆုံးလျှော့ချပေးနိုင်ပါတယ်။

 

၅။ ဆေးဝါးများ

          အချို့ဆေးဝါးများက ခန္ဓာကိုယ်၏ ရေဓာတ်ထိန်းသိမ်းမှုနှင့် အပူကိုတုံ့ပြန်မှုအား ထိခိုက်စေနိုင်ပါတယ်။ ရာသီဥတုပူပြင်းပါက သွေးကြောကျဉ်းစေသောဆေးများ (Vasoconstrictors)၊ Beta blocker သွေးကျဆေးများ ၊ ဆီးဆေးများနှင့် စိတ်ကျရောဂါအတွက် သုံးသောဆေးများကို သတိထားသင့်ပါတယ်။

 

၆။ ကျန်းမာရေးအခြေအနေအချို့

        အ၀လွန်သူများ၊ ယခင်က Heatstroke ဖြစ်ဖူးသူများနှင့် နာတာရှည်ရောဂါများဖြစ်သည့် နှလုံး (သို့) အဆုတ်ရောဂါခံစားနေရသူများမှာ Heatstroke ဖြစ်နိုင်ချေပိုများပါတယ်။

 

♦ ရောဂါလက္ခဏာများ

 

        ရောဂါလက္ခဏာများမှာ -

-    ကိုယ်ပူချိန်တက်ခြင်း - ကိုယ်ပူချိန် 104. F (40.C) နှင့်အထက်သည် Heatstroke ၏ အဓိက လက္ခဏာ ဖြစ်ပါတယ်။

-    စိတ်အခြေအနေပြောင်းလဲခြင်း - စိတ်ရှုပ်ထွေးခြင်း၊ စကားမပီခြင်း၊ စိတ်ဆိုးခြင်း၊ ကယောင်ကတန်း ဖြစ်ခြင်း၊ တက်ခြင်းနှင့် သတိလစ်ခြင်းများဖြစ်ပွားနိုင်ပါတယ်။

-    ချေွးထွက်မှုပုံစံပြောင်းခြင်း -  ရာသီဥတုပူ၍ဖြစ်ပွားသော Heatstroke ၌ အရေပြားသည် ပူ၍ခြောက်သွေ့ နေတတ်ပါတယ်။ လေ့ကျင့်ခန်းကြောင့်ဖြစ်ပါကမူ အရေပြားသည် စိုစွတ်နေတတ်ပါတယ်။

-    ပျို့ခြင်း၊ အော့အန်ခြင်း - ၀မ်းဗိုက်ထဲ၌  မအီမသာဖြစ်ပြီး အော့အန်နိုင်ပါတယ်။

-    အရေပြားနီမြန်းလာခြင်း - အပူချိန်တက်လာလေလေ အရေပြားများနီမြန်းလာလေလေ ဖြစ်တတ်ပါတယ်။

-    အသက်ရှုမြန်ခြင်း - အသက်ရှုမြန်လာတတ်ပါတယ်။

-    နှလုံးခုန်နှုန်းမြန်ခြင်း - နှလုံးမှခန္ဓာကိုယ်အပူချိန်ကျစေရန် အလုပ်ပိုလုပ်ရသဖြင့် နှလုံးခုန်နှုန်း မြင့်တက် လာ ပါတယ်။

-    ခေါင်းကိုက်ခြင်း  - ခေါင်းတစစ်စစ် ကိုက်တတ်ပါတယ်။

 

♦ စမ်းသပ်စစ်ဆေးခြင်း

 

        Heatstroke အား ဆရာ၀န်မှ အလွယ်တကူသိနိုင်ပြီး အခြားအင်္ဂါအစိတ်အပိုင်းများပါ ထိခိုက်မှုရှိ မရှိကို ဓာတ်ခွဲစမ်းသပ်ခြင်းဖြင့် ပိုမိုသေချာစေနိုင်ပါတယ်။

-    သွေးအတွင်း ဆိုဒီယမ်ဓာတ်နှင့် ပိုတက်ဆီယမ်ဓာတ်ကို စစ်ခြင်းဖြင့် ဗဟိုအာရုံကြောစနစ်အား ထိခိုက်မှုရှိ၊ မရှိသိနိုင်ပါတယ်။

-    ဆီးစစ်ခြင်းဖြင့် ကျောက်ကပ်အား ထိခိုက်မှုရှိ၊ မရှိသိနိုင်ပါတယ်။

-    ကြွက်သားများကို စစ်ဆေးခြင်းဖြင့် ကြွက်သားတစ်သျှူးများ ထိခိုက်မှုရှိ၊ မရှိသိနိုင်ပါတယ်။

-    X-rays၊ USG ၊ CT scan ရိုက်ခြင်းဖြင့် ကိုယ်တွင်းအင်္ဂါများ ထိခိုက်မှုရှိ၊ မရှိ သိနိုင်ပါတယ်။

 

ကုသခြင်း

 

          Heatstroke အား ကုသရာတွင် အဓိကအားဖြင့် ခန္ဓာကိုယ်အား ပုံမှန်အပူချိန်သို့ကျစေရန်နှင့် ဦးနှောက် အပါအ၀င် အခြားကိုယ်တွင်းအင်္ဂါများ ထိခိုက်မှုမှကာကွယ်ရန်ဖြစ်ပါတယ်။

        Heatstroke အား အိမ်၌ကုသ၍မလုံလောက်နိုင်ပါ။ ရောဂါလက္ခဏာများပြားပါက အရေးပေါ်ဆေးကုသမှု ခံယူရပါမယ်။

အရေးပေါ်ကုသမှုမပြုနိုင်ခင် အပူလွန်းကဲသူအား အေးစေရန်ချက်ချင်းဆောင်ရွက်ရမည်။

-    အရိပ်ထဲ (သို့) အဲယားကွန်းရှိသောနေရာ (သို့) အိမ်ထဲသို့ခေါ်လာပါ။

-    ထူထဲသော အ၀တ်များကို ချွတ်ပစ်ပါ။

-    ဖြစ်နိုင်သောနည်းလမ်းများဖြင့်အအေးပေးပါ။ ရေအေးဖြင့် ရေချိုးပေးခြင်း (သို့) ရေပတ်တိုက်ပေးခြင်း များ ပြုလုပ်ပါ။ ရေငွေ့ပန်ကာဖြင့် အအေးပေးခြင်း၊ ရေခဲကပ်ခြင်း၊ ဦးခေါင်း၊ လည်ပင်း၊ ချိုင်း၊ ပေါင်ခြံတို့ အား ရေစို၀တ်ဖြင့် အုပ်ပေးခြင်းတို့အားပြုလုပ်ပေးပါ။     

-    ရေဓာတ်ပြန်လည် ဖြည့်တင်းရန် ရေများများသောက်ပါ။ ချေွးထွက်များပါက ဆားဓာတ်ဆုံးရှုံးနိုင်သဖြင့် ဓာတ်ဆားပြန်သောက်ပေးပါ။ သကြား(သို့) အရက်ပါတဲ့ အဖျော်ယမကာတွေနဲ့ ရေခဲရေကို ရှောင်ပါ။ ၎င်းတို့တွေက ခန္ဓာကိုယ်ရဲ့ အပူချိန်ထိန်းသိမ်းမှုကို အနှောင့်အယှက်ပေးနိုင်ပါတယ်။

-    ဆေးရုံဆေးခန်းသို့ အမြန်ဆုံးခေါ်သွားပါ။ အပူချိန်လျှော့ချလိုက်ခြင်းကြောင့် တုန်လာပါက Benzodiazepine ကဲ့သို့ ဆေးများပေး၍ တုန်ခြင်းကိုတားဆီးနိုင်ပါတယ်။ ချမ်း၍တုန်ခြင်းသည် ခန္ဓာကိုယ်အပူချိန်တက်စေပြီး ကုသမှု ကိုထိရောက်မှုနည်းစေပါတယ်။

 

နောက်ဆက်တွဲဆိုးကျိုးများ

 

        Heatstroke ကြောင့် နောက်ဆက်တွဲ ပြဿနာများစွာပေါ်ပေါက်လာနိုင်ပြီး၊ ပြင်းထန်မှုမှာ အပူချိန်မည်မျှ ကြာကြာ မြင့်တက်နေသည့်အချိန်ပေါ် မူတည်ပါတယ်။

ဆိုးဝါးသောနောက်ဆက်တွဲ အခြေအနေများမှာ-

၁။ ကိုယ်တွင်းအင်္ဂါများပျက်ဆီးခြင်း

        အပူချိန်အားမြန်မြန်မချနိုင်ပါက ဦးနှောက် (သို့) အခြားကိုယ်တွင်းအင်္ဂါများ ရောင်ရမ်းပျက်ဆီးစေနိုင်ပါတယ်။

 

၂။ သေဆုံးခြင်း

        မြန်မြန်နှင့်ထိထိရောက်ရောက် မကုသနိုင်ပါက သေဆုံးနိုင်ခြေ မြင့်မားပါတယ်။

 

♦ Heatstroke မဖြစ်အောင် ကြိုတင်ကာကွယ်ခြင်း

 

        Heatstroke သည် ကြိုတင်ကာကွယ်နိုင်ပါတယ်။ ဒါ့ကြောင့် ရာသီဥတုပူတဲ့အချိန် မှာ အောက်ပါအတိုင်း ဆောင်ရွက်သင့်ပါတယ်။

၁။ ပေါ့ပါး၍ ပွသော၊ အရောင်ဖျော့သော အ၀တ်အစားများကိုသာ၀တ်ခြင်း

        ခန္ဓာကိုယ်နှင့်အံကိုက်၍ တင်းကြပ်သောအ၀တ်များသည် ခန္ဓာကိုယ်အေးစေရန်မစွမ်းနိုင်ချေ။ အရောင်ဖျော့ပြီး ချောင်ချိသော အ၀တ်များကိုသာ ၀တ်ဆင်ပါ။

 

၂။ နေရောင်ခြည်ဒဏ်မှကာကွယ်ခြင်း

        နေရောင်ထိတွေ့ခြင်းကြောင့် ခန္ဓာကိုယ်အအေးပေးရန်ခက်ခဲစေသဖြင့် အပြင်ထွက်ပါက ထီး၊ ဦးထုပ်၊  နေကာမျက်မှန်၊ sunscreen တို့ဖြင့် ကာကွယ်ထားသင့်ပါတယ်။

 

၃။ ရေ(သို့) အရည် များများသောက်ခြင်း

        ရေဓာတ်လုံလောက်နေပါက ချေွးပုံမှန်ထွက်နိုင်သဖြင့် ကိုယ်အပူချိန်အားထိန်းသိမ်းနိုင်ပါတယ်။

 

၄။ ချေွးထွက်များစေသော၊ ရေဓာတ်ကုန်ဆုံးစေသော ဆေးဝါးများသုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်း

        ခန္ဓာကိုယ်မှ ရေဓာတ်နှင့်အပူစွန့်ထုတ်မှုကို ထိခိုက်သောဆေးများ( ဥပမာ- ဆီးဆေး) သုံးစွဲနေပါက Heatstroke ရနိုင်ခြေ ပိုများတတ်ပါတယ်။

 

၅။ နေပူထဲတွင် ရပ်ထားသောကားထဲ ၀င်ထိုင်နေခြင်းမှ ရှောင်ကြဉ်ခြင်း

        နေပူထဲတွင် ကားရပ်ထားပါက 10 မိနစ်အတွင်း အပူချိန် 20. F (6.7. C) မြင့်တက်လာနိုင်ပါတယ်။ ဒါ့ကြောင့် ရာသီဥတုပူပါက ရပ်ထားသောကားအတွင်းတွင် အချိန်ကြာမြင့်စွာ မနေသင့်ပါဘူး။

 

၆။ အပူဆုံးအချိန်၌ သက်တောင့်သက်သာဖြစ်အောင်နေခြင်း

        ပူပြင်းချိန်ပင်ပန်းသောအလုပ်များလုပ်ရမည်ဆိုပါက အရည်များများသောက်၍ အေးသောနေရာ၌ မကြာခဏနားပေးပါ။ လေ့ကျင့်ခန်းလုပ်သူများလည်း မနက်စောစောနှင့် ညနေပိုင်းတွင်သာလုပ်ပါ။

 

၇။ ရာသီဥတုအပြောင်းအလဲကို ကျင့်သားရပြီးမှသာ အချိန်ကြာကြာအပြင်ထွက်ခြင်း

        အပူဒဏ်ကိုကျင့်သားမရခင် လှုပ်ရှားမှုများများမလုပ်ပါနှင့်။ အပူဒဏ်ကို ကျင့်သားမရသေးလျှင် အပူနှင့် ဆက်စပ်သောရောဂါများ ပိုမိုဖြစ်ပွားနိုင်သည်။ ပူပြင်းသောရာသီကို ကျင့်သားရရန် ရက်သတ္တပတ်များစွာ အချိန်ယူဖို့ လိုအပ်ပါတယ်။

 

Dr. Htet Htet Aung

www.drmyanmar.com