/
news/ကျန်းမာရေး-z/အမျိုးအစား-1-သွေးချိုဆီးချိုရောဂါ-type-1-diabetes

အမျိုးအစား (1) သွေးချိုဆီးချိုရောဂါ (Type 1 Diabetes)

Category
ကျန်းမာရေး (A-Z)

အမျိုးအစား (1) သွေးချိုဆီးချိုရောဂါဆိုတာဘာလဲ

          အမျိုးအစား (1) ဆီးချိုရောဂါကို ငယ်ရွယ်သူများ၏ဆီးချိုရောဂါ (Juvenile Diabetes) (သို့မဟုတ်) အင်ဆူလင်ဟော်မုန်းမှီခိုရသော ဆီးချိုရောဂါ (Insulin-dependent Diabetes) ဟုလည်း ခေါ်ဝေါ်ခဲ့ကြသည်။ မုန့်ချိုအိတ်ဟုခေါ်ဝေါ်ကြသော ပန်ကရိယ (Pancreas) မှ အင်ဆူလင်ဟော်မုန်းကို လုံးဝမထုတ်နိုင် (သို့မဟုတ်) အနည်းငယ်သာထုတ်နိုင်ခြင်းကြောင့်ဖြစ်ပေါ်ရသော နာတာရှည်ဆီးချိုရောဂါဖြစ်သည်။

          အင်ဆူလင်ဟော်မုန်းမှာ စွမ်းအင်ထုတ်လုပ်နိုင်ရန် အရေးပါသော ဂလူးကို့စ်သကြားဓာတ်ကို ဆဲလ်များအတွင်းသို့ပို့ဆောင်ပေးသည်။  အမျိုးအစား (1) ထက် ပို၍အတွေ့ရများသော အမျိုးအစား (2) ဆီးချိုရောဂါတွင်မူ မုန့်ချိုအိတ်မှ အင်ဆူလင်ဓာတ် ထုတ်လုပ်သော်လည်း မလုံလောက်ခြင်း (သို့မဟုတ်) ခန္ဓာကိုယ်မှ အင်ဆူလင်ဓာတ်ကို မတုံ့ပြန်နိုင်ခြင်းတို့ကြောင့် ဆီးချိုရောဂါဖြစ်ပေါ်ရသည်။ အမျိုးအစား (1) ဆီးချိုရောဂါဖြစ်ပေါ်နိုင်သော အကြောင်းအရင်းမျိုးစုံရှိပြီး မျိုးရိုးဗီဇပြဿနာနှင့် အချို့သောဗိုင်းရပ်စ်ရောဂါများ ကူးစက်ခံရခြင်းတို့ပါဝင်သည်။ အမျိုးအစား (1) ဆီးချိုရောဂါမှာ ကလေးအရွယ်နှင့် ပျိုဖော်ဝင်စအရွယ်တို့တွင် အဖြစ်များသည်ဟု ဆိုသော်လည်း အရွယ်ရောက်ပြီးသူများတွင်လည်း ဖြစ်ပေါ်နိုင်ပါသည်။ အမျိုးအစား (1) ဆီးချိုရောဂါကို ပျောက်ကင်းအောင်ကုသ၍ မရသော်လည်း သင့်လျော်လုံလောက်သောကုသမှုများခံယူပါက ယခင်ခေတ်ကထက် ပိုမိုကျန်းမာစွာသက်တမ်းပိုရှည် စွာ နေထိုင်နိုင်ပြီဖြစ်သည်။

 

အမျိုးအစား (1) ဆီးချိုရောဂါ၏လက္ခဏာများ

          အမျိုးအစား (1) ဆီးချိုရောဂါလက္ခဏာများမှာ လျင်မြန်စွာဖြစ်ပေါ်လေ့ရှိပြီး မကြာခဏရေဆာခြင်း၊ဆီးမကြာခဏသွားခြင်း၊ ညဘက်အိပ်ရာထဲ ဆီးမသွားတတ်သော ကလေးငယ်များတွင် အိပ်ရာထဲတွင် ဆီးသွားတတ်လာခြင်း၊ အလွန်အမင်းဆာလောင်ခြင်း၊ အစာစားသော်လည်း ကိုယ်အလေးချိန်လျော့ကျခြင်း၊ စိတ်တိုစိတ်ဆတ်ခြင်းနှင့် အခြားစိတ်အပြောင်းအလဲများ ဖြစ်ပေါ်ခြင်း၊ နုန်းခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ အားနည်းခြင်း၊ မျက်စိအမြင်မှုန်ဝါးခြင်း၊ အမျိုးသမီးများတွင် မိန်းမကိုယ်မှိုစွဲခြင်း အစရှိသည်တို့ပါဝင်သည်။

 

ရောဂါဖြစ်ရသည့်နောက်ခံအကြောင်းရင်း

          အမျိုးအစား (1) ဆီးချိုရောဂါဖြစ်ပွားရသည့် တိကျသောအကြောင်းရင်းကို မသိရှိသေးသော်လည်း အမျိုးအစား (1) ဆီးချိုဝေဒနာရှင်အများစုတွင် ဘတ်တီးရီးယားပိုးနှင့်ဗိုင်းရပ်စ်ပိုးများကို ခုခံတိုက်ခိုက်သည့် ကိုယ်ခန္ဓာတွင်း ခုခံအားစနစ်မှာ မိမိကိုယ်ခန္ဓာတွင်းရှိ မုန့်ချိုအိတ်မှ အင်ဆူလင်ထုတ်လုပ်သည့်ဆဲလ်များကို မှားယွင်းဖျက်ဆီးသည်ကိုတွေ့ရှိရသည်။ အဆိုပါဖြစ်စဉ်တွင် မျိုးရိုးဗီဇ၏ အခန်းကဏ္႑လည်းပါဝင်နေပြီး ဗိုင်းရပ်စ်ပိုးကဲ့သို့သော ပတ်ဝန်းကျင်မှ အချို့သောအကြောင်းများကလည်း ရောဂါဖြစ်ပွားမှုကို အစပျိုးပေးတတ်သည်။ မုန့်ချိုအိတ်သည် အစာအိမ်၏နောက်ဘက် အောက်နားတွင်တည်ရှိပြီး ၄င်းတွင်ရှိသည့် အင်ဆူလင်ထုတ်လုပ်သော ဆဲလ်များပျက်စီးသွားသောအခါတွင် အင်ဆူလင်ဟော်မုန်း ကို သွေးအတွင်းသို့လုံးဝမထုတ်လွှတ်နိုင် (သို့မဟုတ်) အနည်းငယ်မျှသာထုတ်လွှတ်နိုင်တော့သည်။ အင်ဆူလင်ဟော်မုန်းမှာ သွေးတွင်းတွင်လှည့်ပတ်ပြီး သကြားဓာတ်ကို ခန္ဓာကိုယ်အနှံ့အပြားမှဆဲလ်များ အတွင်းသို့ စွမ်းအင်ထုတ်လုပ်ရန် ပို့ဆောင်ပေးခြင်းဖြင့် သွေးတွင်း သကြားဓာတ်ကိုလျော့ကျစေ သည်။ သွေးတွင်းသကြားဓာတ်လျော့နည်းသွားချိန်တွင် အင်ဆူလင်ထုတ်လုပ်မှုလည်း လျော့နည်းသွားသည်။

        ဂလူးကို့စ် (Glucose) မှာ သကြားဓာတ်တစ်မျိုးပင်ဖြစ်ပြီး ခန္ဓာကိုယ်အတွင်းကြွက်သားများနှင့် အခြားအင်္ဂါများရှိဆဲလ်များအတွက် စွမ်းအင်ရင်းမြစ်ဖြစ်သည်။ ဂလူးကို့စ်ကို လူတို့နေ့စဉ်စားသုံးသောအစားအသောက် များနှင့် လူ့ခန္ဓာကိုယ်အတွင်းရှိ အသည်းတွင်သိုလှောင်ထားသည့် ကစီဓာတ်များမှ အဓိကရရှိပြီး အဆိုပါသကြားဓာတ်ကို သွေးတွင်းသို့စုပ်ယူပြီးနောက် အင်ဆူလင်အကူအညီဖြင့် ဆဲလ်များအတွင်းသို့ပို့ဆောင်ရ သည်။ အသည်း (Liver)တွင် ဂလူးကို့စ်ဓာတ်အား ဂလိုင်ကိုဂျင် (Glycogen) အမည်ရှိ ကစီဓာတ်အဖြစ် သိုလှောင်သိမ်းဆည်းထားပြီး အစာမစားသည့်အချိန်တွင် အသည်းမှ Glycogen အား Glucose ဓာတ်အဖြစ် ပြန်လည်ပြောင်းလဲထုတ်လွှတ်ပေးကာ သွေးတွင်းသကြားဓာတ် ပမာဏကို ပုံမှန်အတိုင်းရှိစေရန် ထိန်းညှိပေးသည်။

        အမျိုးအစား (1) ဆီးချိုရောဂါတွင်မူ ဆဲလ်များတွင်းသို့ ဂလူးကို့စ်ဓာတ်အားပို့ဆောင်ပေးမည့် အင်ဆူလင်ဓာတ် မရှိသည့်အတွင် သွေးတွင်းသကြားဓာတ်မြင့်မားလာပြီး အသက်သေဆုံးနိုင်သည့် နောက်ဆက်တွဲ ဆိုးကျိုးများအထိဖြစ်ပေါ်နိုင်သည်။ ပို၍အဖြစ်များသော အမျိုးအစား (2) ဆီးချိုရောဂါတွင်မူူ မုန့်ချိုအိတ်မှ အင်ဆူလင်ထုတ်သောဆဲလ်များမှာ အလုပ်လုပ်သော်လည်း ခန္ဓာကိုယ်မှအင်ဆူလင်ဓာတ်ကို မတုံ့ပြန်တော့ခြင်းနှင့် အင်ဆူလင်ဓာတ်လုံလောက်စွာမထုတ်ခြင်း (သို့မဟုတ်) ထိုအကြောင်းထဲမှ တစ်မျိုးမျိုးဖြစ်ပေါ်ခြင်း တို့ကြောင့် သွေးတွင်းအချိုဓာတ်မြင့်မားရသည်။

 

အမျိုးအစား (1) ဆီးချိုရောဂါဖြစ်နိုင်ခြေမြင့်မားသောအခြေအနေများ

          အမျိုးအစား(1)ဆီးချိုရောဂါဖြစ်နိုင်ခြေရှိသော အခြေအနေများမှာ အောက်ပါအတိုင်းဖြစ်သည်။

(1) မိသားစုရာဇဝင်တွင် မိဘ (သို့မဟုတ်) မောင်နှမသားချင်းတွင် အမျိုးအစား (1) ဆီးချိုရောဂါရှိပါက အနည်းငယ်ပို၍ရောဂါဖြစ်ပွားနိုင်ခြေရှိသည်။

(2) အချို့သော မျိုးရိုးဗီဇ (Genes) ရှိလျှင် ရောဂါပိုမိုဖြစ်နိုင်ခြေရှိသည်။

(3) အီကွေတာနှင့် ဝေးသောအရပ်များတွင်နေထိုင်သူများတွင် ရောဂါဖြစ်နိုင်ခြေပိုများကြောင်းတွေ့ရပြီး ဖင်လန်နိုင်ငံ (Finland) နှင့် ဆာဒီနီးယား (Sardinia) ဒေသတွင် နေထိုင်သူများသည် အမေရိကန်ပြည်ထောင်စုနေသူများထက် အမျိုးအစား (1) ဆီးချိုရောဂါ 2 ဆမှ 3 ဆ ပိုမိုဖြစ်ပွားကြောင်းတွေ့ရပြီး ဗင်နီဇွဲလား (Venezuela) တွင် နေထိုင်သူများထက်မူ အဆ 400 ပင် ပိုမိုဖြစ်နိုင်ခြေများကြောင်းတွေ့ရသည်။

(4) အမျိုးအစား (1) ဆီးချိုရောဂါသည် အသက်အရွယ်မရွေးဖြစ်ပွားနိုင်သည်ဟုဆိုသော်လည်း အသက် 4 နှစ်မှ 7 နှစ်အတွင်း ကလေးငယ်များနှင့် အသက် 10 နှစ်နှင့် 14 နှစ်အတွင်း ဆယ်ကျော်သက်များတွင် အဖြစ်များဆုံးဖြစ်သည်။

(5) ဖြစ်နိုင်ခြေမြင့်မားစေသော အခြားအကြောင်းများတွင် - ပါးချိတ်ယောင်ဗိုင်းရပ်စ်၊ Epstein-Barr ဗိုင်းရပ်စ်၊ Coxsackie ဗိုင်းရပ်စ်၊ Cytomegalovirus ကဲ့သို့သော အချို့သောဗိုင်းရပ်စ်ပိုးများ ကူးစက်ခံရဖူးခြင်း၊ အသက်အလွန်ငယ်ချိန်တွင် နွားနို့တိုက်ကျေွးခြင်း၊ ဗီတာမင်ဒီဓာတ်ချို့ တဲ့ခြင်း၊ နိုက်ထရိတ်ပါသောရေ များ သောက်သုံးခြင်း၊ အသက် 4 လမတိုင်မီ စောစီးစွာ (သို့မဟုတ်) 7 လ နောက်ပိုင်းတွင်မှ နောက်ကျလျက် ကစီဓာတ်ပါသော အစားအသောက်များ၊ ဆန်၊ ပြောင်း စသည်တို့ကို ကလေးအားဖြည့်စွက်စာကျေွးခြင်း၊ မိခင်မှာ ကိုယ်ဝန်ဆောင်စဉ်အတွင်း ကိုယ်ဝန်ဆိပ်တက်ဖူးခြင်းနှင့် မွေးမွေးချင်းအသားဝါခြင်းတို့ပါဝင်ပါသည်။

 

ရောဂါနောက်ဆက်တွဲ ဝေဒနာများ

        အမျိုးအစား (1) ဆီးချိုရောဂါသည် ခန္ဓာကိုယ်တွင်းရှိ အဓိကအင်္ဂါအစိတ်အပိုင်းများဖြစ်သော နှလုံး၊ သွေးကြော၊ အာရုံကြော၊ မျက်လုံးနှင့် ကျောက်ကပ်တို့ကို ထိခိုက်စေနိုင်ပါသည်။ သို့ဖြစ်ရာ သွေးတွင်းအချိုဓာတ်ကို ပုံမှန်ပမာဏနှင့်အနီးစပ်ဆုံးရရှိစေရန် အချိန်တိုင်းနီးပါးနေထိုင်ခြင်းသည် နောက်ဆက်တွဲဝေဒနာများကို အကောင်းဆုံးကာကွယ်နည်းပင်ဖြစ်သည်။

        အမျိုးအစား (1) ဆီးချိုရောဂါ၏ နာတာရှည်နောက်ဆက်တွဲဝေဒနာများဖြစ်ပွားရန် နှစ်နှင့်ချီကြာမြင့်နိုင်ပြီး မသန်မစွမ်းသာမက အသက်သေဆုံးသည်အထိဖြစ်နိုင်ပါသည်။

(1) နှလုံးနှင့် သွေးကြောရောဂါ

        အမျိုးအစား (1) ဆီးချိုရောဂါသည် နှလုံးသွေးကြောကျဉ်းရောဂါ၊ ရုတ်တရက်နှလုံးသွေးကြောပိတ်ရော ဂါ၊ လေဖြတ်ခြင်း၊ သွေးတိုးရောဂါနှင့် သွေးကြောအဆီဖုံးခြင်းတို့ဖြစ်နိုင်ခြေကို သိသာစွာမြင့်မားစေပါသည်။

(2) အာရုံကြောပျက်စီးခြင်းရောဂါ

        သွေးတွင်းအချိုဓာတ်များပြားခြင်းသည် အာရုံကြောများကို ထောက်ပံ့ပေးသည့် သွေးကြောငယ်များကို ပျက်စီးစေနိုင်သည်။ အထူးသဖြင့် ခြေထောက်တွင် ပိုမိုအဖြစ်များပြီး ခြေချောင်း၊ လက်ချောင်းများမှစ၍ ထုံခြင်း၊ ကျဉ်ခြင်း၊ အပ်နှင့်ထိုးသကဲ့သို့နာခြင်းများ စတင်ဖြစ်ပေါ်ပြီး ခြေထောက်အပေါ်ပိုင်း၊ လက်အပေါ်ပိုင်းတွင်ပါ ပါဝင်ဖြစ်ပေါ်လာတတ်သည်။ သို့ဖြစ်ရာ သွေးတွင်းသကြားဓာတ်ကို ကောင်းမွန်စွာမထိန်းချုပ်နိုင် ပါက နောက်ပိုင်းတွင် ခြေထောက်များ၊ လက်များတွင် ထိတွေ့ခံစားမှု လုံးဝပျောက်ဆုံးနိုင်သည်။ အစာအိမ်နှင့် အူလမ်းကြောင်းရှိ အာရုံကြောများပျက်စီးခြင်းကလည်း ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်း စသည့်ပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။ အမျိုးသားများတွင် လိင်တံမတောင့်တင်းနိုင်ခြင်းဖြစ်ပေါ်နိုင်သည်။

(3) ကျောက်ကပ်ပျက်စီးခြင်း

        ဆီးချိုသွေးချိုရောဂါသည် ကျောက်ကပ်ရှိ အညစ်အကြေးအဆိပ်အတောက်များ စစ်ထုတ်နိုင်သည့်စနစ်ကိုပျက်စီးစေနိုင်ပြီး ကျောက်ကပ် အားနည်းခြင်း၊ အလုပ်မလုပ်နိုင်ခြင်း တို့ဖြစ်ပေါ်စေနိုင်ပြီး ပြင်းထန်သောအခြေအနေများ တွင် ကျောက်ကပ်ဆေးကြောခြင်း၊ ကျောက်ကပ် အစားထိုးခြင်းတို့ လုပ်ဆောင်ရန်လိုအပ်နိုင်ပါသည်။

(4) မျက်လုံးထိခိုက်ခြင်း

        ဆီးချိုသွေးချိုရောဂါသည် မျက်စိမြင်လွှာ (Retina) ကိုထောက်ပံ့သော သွေးကြောများကိုလည်း ပျက်စီးစေပြီး မျက်စိကွယ်ခြင်းကိုဖြစ်ပေါ်စေနိုင်သည်။ ထို့ပြင် အတွင်းတိမ်၊ ရေတိမ်ကဲ့သို့သော ပြင်းထန်သော မျက်စိရောဂါများ ဖြစ်နိုင်ခြေကိုလည်းမြင့်မားစေသည်။

(5) ခြေထောက်အနာမကျက်ခြင်း၊ ပိုးဝင်ခြင်း

        ခြေထောက်ရှိအာရုံကြောများ၊ သွေးကြောများပျက်စီးသည့်အတွက် ခြေထောက်တွင် နောက်ဆက်တွဲ ဆိုးကျိုးများစွာဖြစ်စေနိုင်ပြီး မကုသဘဲထားပါက အနာများ၊ မီးလောင်ဖုများမှတစ်ဆင့် ပြင်းထန်သောရောဂါ ပိုးများဝင်ရောက်နိုင်ပြီး အနာမကျက်နိုင်ဖြစ်ကာ နောက်ဆုံးတွင် ခြေချောင်းများဖြတ်ပစ်ရခြင်း၊ ခြေထောက်ဖြတ် ပစ်ရခြင်းတို့အထိ ဖြစ်နိုင်သည်။

(6) ပါးစပ်နှင့် အရေပြားကျန်းမာရေးပြဿနာများ

        ဆီးချိုရောဂါသည် အရေပြားရောဂါများလည်းပိုမိုဖြစ်ပေါ်စေနိုင်ပြီး မှိုစွဲခြင်း၊ ဘတ်တီးရီးယားပိုးဝင်ခြင်းတို့ ပိုမိုဖြစ်ပေါ်စေနိုင်ပါသည်။

(7) ကိုယ်ဝန်ဆောင်စဉ်ကျန်းမာရေးပြဿနာများ

        သွေးတွင်းသကြားဓာတ်မြင့်မားခြင်းသည် မိခင်ရော ကလေးပါအန္တရာယ်ရှိပြီး သွေးချိုကိုမထိန်းနိုင်ပါက ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးအသေမွေးခြင်းနှင့် မွေးရာပါချွတ်ယွင်းချက်ရှိခြင်းတို့ ဖြစ်နိုင်ခြေမြင့် တက်လာသည်။ မိခင်တွင်လည်း သွေးချိုမြင့်တက်လွန်းပြီး ကီတုန်းဓာတ်နှင့် အက်ဆစ်ဓာတ်များခြင်း (Diabetic Ketoacidosis)၊ ဆီးချိုနှီးနွယ်မျက်စိရောဂါများဖြစ်ခြင်းနှင့် ကိုယ်ဝန်ဆိပ်တက်ခြင်းတို့ ဖြစ်ပေါ်နိုင် ပါသည်။

 

 ရောဂါကိုသိရှိနိုင်ရန်စစ်ဆေးစမ်းသပ်နည်းများ

        အမျိုးအစား (1) ရောဂါရှိ/မရှိသိရှိနိုင်ရန် အောက်ပါစမ်းသပ်စစ်ဆေးမှုများကို လုပ်ဆောင်နိုင်ပါသည်။

 (1) သကြားဓာတ်ကပ်တွယ်နေသော ဟေမိုဂလိုဘင် (Glycated Hemoglobin or HBA1C) ပမာဏစစ်ဆေးခြင်း

        ဟေမိုဂလိုဘင်သည် သွေးနီဥတွင်း အောက်ဆီဂျင်ဓာတ်သယ်ဆောင်ပေးသော ပရိုတိန်းဓာတ်ပစ္စည်းဖြစ်ပြီး သွေးတွင်းသကြားဓာတ်များလာသည်နှင့်အမျှ သကြားဓာတ်ကပ်တွယ်နေသော ဟေမိုဂလိုဘင်ပမာဏရာခိုင်နှုန်းလည်း ပိုမိုများပြားလာသည်။ သကြားဓာတ်ကပ်တွယ်နေသော ဟေမိုဂလိုဘင် (HBA1C) ပမာဏစစ်ဆေးခြင်းသည် လွန်ခဲ့သောနှစ်လ၊ သုံးလအတွင်း သွေးတွင်းသကြားဓာတ်မြင့်တက်မှု ရှိ/မရှိကို သိရှိနိုင်ပါသည်။ သွေးတွင်း HBA1C ပမာဏကို အချိန်ခြားပြီး နှစ်ကြိမ်တိုင်းတာရာတွင် 6.5 ရာခိုင်နှုန်းနှင့်အထက်ရှိလျှင် သွေးချိုဆီးချိုရှိပြီဟုယူဆနိုင်သည်။ သို့ရာတွင် ကိုယ်ဝန်ဆောင်နှင့် ပုံမှန်ဟေမိုဂလိုဘင်အမျိုးအစားမရှိသူများတွင် အဆိုပါပမာဏတိုင်းတာခြင်းမှာ မတိကျပေ။

(2) သွေးတွင်းသကြားဓာတ်ကျပမ်းတိုင်းတာခြင်း (Random Blood Sugar Test)

        သွေးနမူနာအား အချိန်မခွဲခြားဘဲ ကျပမ်းထုတ်ယူပြီး ကျပမ်းသွေးတွင်းသကြားဓာတ် မည်မျှရှိသည်ကို တိုင်းတာခြင်းဖြစ်သည်။ သွေးတစ်လီတာ၏ ဆယ်ပုံတစ်ပုံတွင် သကြားဓာတ်မီလီဂရမ် မည်မျှရှိသည် (mg/dl) သို့မဟုတ် သွေးတစ်လီတာတွင် သကြားဓာတ်မီလီမိုးမည်မျှရှိသည် (mmol/L)နှင့် ဖော်ပြ သည်။ သွေးတွင်းကျပမ်းသကြားဓာတ် 200 mg/dl (သို့မဟုတ်) 11.1 mmol/L နှင့်အထက်ရှိပြီး ဆီးချိုလက္ခဏာများဖြစ်သည့် မကြာခဏဆီးသွားခြင်း၊ ရေဆာခြင်းစသည်တို့ရှိနေလျှင် ဆီးချိုရောဂါရှိပြီဟု ယူဆနိုင်သည်။

(3) အစာမရှိချိန် သွေးတွင်းသကြားဓာတ် တိုင်းတာခြင်း (Fasting Blood Sugar)

        ညဘက်တစ်ညလုံးအစာမစားဘဲ နံနက်အစောပိုင်းသွေးဖောက်၍ သွေးတွင်းသကြားဓာတ် တိုင်းတာပါက 100 နှင့် 125 mg/dl (5.6 နှင့် 6.9 mmol/L) ကြားရှိလျှင် ဆီးချိုအကြိုရောဂါအဆင့် သတ်မှတ်နိုင်သည်။ အချိန်ခြားလျက် စစ်ဆေးသော စစ်ဆေးမှုနှစ်ကြိမ်လုံးတွင် 126 mg/dl (7 mmol/L) အထက်ရှိနေပါက ဆီးချိုရောဂါရှိပြီဟု သတ်မှတ်နိုင်သည်။

          ဆီးချိုရှိနေပါက မိမိကိုယ်ခန္ဓာကို ပြန်လည်ဖျက်ဆီးနေသော ခုခံအားပဋိပစ္စည်း (autoantibodies) ရှိ၊ မရှိဆက်လက်စစ်ဆေးရန်လိုအပ်ပြီး အမျိုးအစား (1) ဆီးချိုရောဂါတွင် တွေ့ရလေ့ရှိသဖြင့် အမျိုးအစား (1) နှင့် (2) ဆီးချိုရောဂါကြားခွဲခြားပေးနိုင်သည်။ ခန္ဓာကိုယ်တွင်းအဆီချေဖျက်ရာမှ ရရှိသောဘေးထွက် ပစ္စည်းဖြစ်သည့် ကီတုန်းဓာတ်များရှိနေခြင်းသည်လည်း အမျိုးအစား (1) ဆီးချိုရောဂါဖြစ်နေနိုင်ခြေများသည်။

        ဆီးချိုရောဂါကိုကုသရာတွင် မိမိပြသနေသည့်ဆရာဝန်နှင့် ပုံမှန်ပြသစစ်ဆေးသင့်ပြီး သင့်လျော်သည့်ဆေးကုသမှုကို ပုံမှန်ခံယူသင့်သည့်အပြင် နေထိုင်စားသောက်မှုပုံစံကိုလည်း ပြောင်းလဲရန် လိုပါသည်။

 

ရောဂါကုသရန် ဆေးဝါးများနှင့် ကုသနည်းများ

        အမျိုးအစား (1) ဆီးချိုရောဂါကိုကုသရာတွင်

(1) အင်ဆူလင်ဆေးထိုးခြင်း

(2) ဆေးနှင့် ကာဗိုဟိုက်ဒရိတ်ကစီဓာတ်တိုင်းတာထိန်းညှိခြင်း

(3) သွေးတွင်းသကြားဓာတ် မကြာခဏတိုင်းတာပေးခြင်း

(4) ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များစားသုံးခြင်း

(5) လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းနှင့် သင့်လျော်သောကိုယ်အလေးချိန်ထိန်းသိမ်းခြင်းတို့ ပါဝင်သည်။

        နောက်ဆက်တွဲကျန်းမာရေးပြဿနာများကို ကာကွယ်ရန် သွေးတွင်းသကြားဓာတ်ကိုပုံမှန်နှင့် အနီးစပ်ဆုံးဖြစ်စေရန် ထိန်းညှိထားရန်လိုအပ်ပြီး ယေဘုယျအားဖြင့် အစာမစားမီ သွေးတွင်းသကြားဓာတ်ကို 70 နှင့် 130 mg/dl (3.9 နှင့် 7.2 mmol/L) ကြား နှင့် အစာစားပြီး 2 နာရီကြာ သွေးတွင်း သကြားဓာတ်ကို 180 mg/dl (10 mmol/L) ထက် မမြင့်စေရန် ထိန်းညှိထားရန်လိုအပ်ပါသည်။

(1) အင်ဆူလင်ဟော်မုန်းဆေးပေးခြင်း

        အစာအိမ်တွင်းရှိ အစာချေအင်ဇိုင်းများကြောင့် အင်ဆူလင်ကို သောက်ဆေးအဖြစ်သောက်၍မရဘဲ အရေပြားအောက်သို့ ထိုးဆေးအဖြစ်အသုံးပြုရသည်။ အင်ဆူလင်ဆေးအမျိုးအစားများတွင် အာနိသင်ပြချိန်ကြာမြင့်သော အင်ဆူလင်ဆေး (Long-acting insulin)၊ အာနိသင်ပြချိန် အလယ်အလတ်ရှိသောအင်ဆူလင်ဆေး (Intermediate-acting insulin) နှင့် အာနိသင်ပြချိန် တိုတောင်းသောအင်ဆူလင်ဆေး (Rapid-acting insulin) တို့ ပါဝင်သည်။

(2) အင်ဆူလင်အလိုအလျောက်ထိုးစက် (insulin pump)

        အင်ဆူလင်အလိုအလျောက်ထိုးစက် (insulin pump) ကိုလည်း အသုံးပြုနိုင်ပါသည်။ အဆိုပါ စက်သည် လက်ကိုင်ဖုန်းအရွယ်အစားမျှရှိပြီး စက်အတွင်းရှိအင်ဆူလင်သိုလှောင်ကန်ငယ်မှ ဝမ်းဗိုက်အရေပြားအောက်သို့ ပြွန်ငယ်တစ်ခုနှင့်ဆက်သွယ်ထားသည်။  စက်တွင် အာနိသင်ပြချိန် တိုတောင်းသော အင်ဆူလင်အမျိုးအစားပါဝင်ပြီး မိမိစားသောက်သောအစားအသောက်တွင်ပါဝင်သော ကစီဓာတ်နှင့် သွေးတွင်းသကြားဓာတ်ပေါ်မူတည်လျက် စက်ကိုချိန်ညှိပေးထားရန်လိုပြီး မိမိသွေးတွင်း သကြားဓာတ်အလိုက် လိုအပ်သောအင်ဆူလင်ပမာဏကို စက်မှထိုးပေးသွားမည်ဖြစ်သည်။  

(3) ပန်ကရိယ (မုန့်ချိုအိတ်)အတု (Artificial Pancreas)

        ပန်ကရိယ(မုန့်ချိုအိတ်)အတုသည် နောက်ဆုံးပေါ်ကုသနည်းတစ်ခုဖြစ်ပြီး စမ်းသပ်ဆဲဖြစ်ရာ လူနာများတွင် လက်တွေ့အသုံးမပြုနိုင်သေးပေ။

(4) အခြားထောက်ကူပြုဆေးဝါးများ

        အစာအိမ်မှ အစာလှုပ်ရှားမှုနှေးစေသည့် Prmlintide (Symlin)၊ သွေးကျဲဆေး Aspirin၊ ဆီးချိုကျောက်ကပ်ရောဂါကိုကာကွယ်ပေးနိုင်သည့် ACEI နှင့် ARB အုပ်စုဝင် သွေးကျဆေးများ၊ အဆီကျဆေးများ အစရှိသည့်အခြားထောက်ကူပြုဆေးဝါးများကိုလည်း အမျိုးအစား (1) ဆီးချိုရောဂါတွင် လိုအပ်သလို ဆရာဝန်မှညွှန်ကြားနိုင်ပါသည်။

(5) သွေးတွင်းအချိုဓာတ်စောင့်ကြည့်တိုင်းတာခြင်း

        သွေးတွင်းသကြားဓာတ် ပုံမှန်တိုင်းတာစစ်ဆေးခြင်းသည် သွေးတွင်းသကြားဓာတ် ပုံမှန်အတိုင်းရှိစေရန် သေချာစေမည့် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။

(6) အစားအသောက်ပုံစံဂရုစိုက်ခြင်း

        အဆီနည်းပြီး အာဟာရပြည့်ဝသော အမျှင်ဓာတ်များသည့် အစားအစာများပါဝင်သည့် စားသောက်မှုပုံစံဖြစ်သင့်သည်။ အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များနှင့် အခွံမချွတ်သော ဆန်၊ ဂျုံတို့ကို စားသုံးနိုင်သည်။ ပေါင်မုန့်ဖြူကဲ့သို့ အခွံချွတ်သန့်စင်ထားသော ကောက်ပဲသီးနှံထွက်ကုန်များ၊ အချိုများကို ရှောင်ကြဉ်သင့်သည်။ တတ်ကျွမ်းသည့်ဆရာဝန် (သို့မဟုတ်) အာဟာရပညာရှင်နှင့် တိုင်ပင်လျက် စားသောက်မှုပုံစံကို ရွေးချယ်သင့်ပြီး မိမိစားသုံးမည့် ကာဗိုဟိုက်ဒရိတ် ကစီဓာတ်ပမာဏကို တွက်ချက်တတ်ရန်၊ စားသုံးသည့်ပမာဏနှင့် သင့်လျော်သော အင်ဆူလင်ဆေးပမာဏ ထိုးတတ်ရန်လည်း သင်ယူသင့်သည်။

(7) လေ့ကျင့်ခန်းလုပ်ဆောင်ခြင်း

        လူတိုင်းလေ့ကျင့်ခန်းပုံမှန်လုပ်ဆောင်သင့်သည်ဖြစ်ရာ အမျိုးအစား (1) ဆီးချိုရောဂါရှင်များ အနေနှင့်လည်း လုပ်ဆောင်နိုင်သည့်ကျန်းမာရေးအခြေအနေဟု ဆရာဝန်မှခွင့်ပြုလျှင် တစ်ရက်လျှင် မိနစ် (30)ခန့် လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း စသည့်သင့်လျော်သော လေ့ကျင့်ခန်းအမျိုးအစားကို လုပ်ဆောင်ပေးသင့်သည်။ ရက်သတ္တပတ်အတွင်း ရက်အတော်များများတွင် လေ့ကျင့်ခန်းလုပ်သင့် သည်။ လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းသည် သွေးတွင်းသကြား ဓာတ်လျော့ကျတတ်သည့်အတွက် သတိပြုသင့်ပြီး ပုံမှန်ထက်ပိုမိုသွေးတွင်းအချိုဓာတ်ကို စစ်ဆေးကြည့်ရန်လိုပါသည်။

(8) ပန်ကရိယ (မုန့်ချိုအိတ်) အစားထိုးခြင်း (Pancreas Transplant)

        ပန်ကရိယအစားထိုးခြင်းသည် အလွန်အန္တရာယ်များသည့်အလျောက် ပုံမှန်အားဖြင့် လုပ်ဆောင်လေ့မရှိဘဲ ကျောက်ကပ်အစားထိုးရန်လည်း လိုအပ်နေသူများ၊ ဆီးချိုလုံးဝထိန်းမရသူများတွင်သာ လုပ်ဆောင်ရန် စဉ်းစားလေ့ရှိသည်။ ပန်ကရိယတွင်းရှိ အင်ဆူလင်ထုတ်သည့် အထူးဆဲများကိုသာ ရွေးလျက် အစားထိုးခြင်း (Islet Cell transplantation) မှ သုတေသနပြုဆဲဖြစ်သည်။

(9) ပင်မဆဲလ်အစားထိုးခြင်း (Stem Cell Transplant)

        2007 ခုနှစ်တွင် လေ့လာချက်တစ်ခုအရ ပင်မဆဲလ်အစားထိုးခြင်းဖြင့် အမျိုးအစား (1) ဆီးချိုရောဂါရှင်များတွင် ငါးနှစ်ကြာသည်အထိ အင်ဆူလင်အသုံးပြုရန်မလိုအပ်ကြောင်း တွေ့ရှိရသည်။

 

သတိပြုရမည့် အန္တရာယ်အခြေအနေများ

(1) သွေးတွင်းသကြားဓာတ်အလွန်အမင်းလျော့ကျခြင်း (Hypoglycemia)

        အစာမစားမိခြင်း၊ လေ့ကျင့်ခန်းအလွန်အမင်းလုပ်ဆောင်ခြင်းနှင့် အင်ဆူလင်ဆေးပမာဏ များသွားခြင်း စသည်တို့ကြောင့် သွေးတွင်းသကြားဓာတ်အလွန်အမင်းလျော့ကျခြင်း (Hypoglycemia) ဖြစ်ပေါ်နိုင်သည်။ အစောပိုင်းလက္ခဏာများမှာ ချေွးစေးပြန်ခြင်း၊ ဗိုက်ဆာခြင်း၊ ခေါင်းမူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အားအင်ကုန်ခန်းခြင်း၊ အမြင်ဝေဝါးခြင်း၊ စိတ်တိုစိတ်ဆတ်ခြင်း တို့ဖြစ်သည်။ နောက်ပိုင်းတွင် နုံးချည့်ခြင်း၊ ဇဝေဇဝါဖြစ်ခြင်း၊ အပြုအမူများရုတ်တရက်ပြောင်းလဲခြင်း၊ သတိလက်လွတ်ဖြစ်ခြင်းနှင့် တက်ခြင်းတို့အထိဖြစ်ပေါ်နိုင်သည်။

        သွေးစစ်ကြည့်၍ သွေးတွင်းသကြားဓာတ်လျော့နည်းနေလျှင် အသီးဖျော်ရည်၊ ဂလူးကို့စ်သကြားခဲ၊ သကြားလုံး (သို့မဟုတ်) သကြားဓာတ်ပါသောအရာတစ်ခုခုကဲ့သို့သော အာနိသင်လျင်မြန်စွာပြနိုင်သည့် ကာဗိုဟိုက်ဒရိတ် (ကစီဓာတ်) 15 ဂရမ် - 20 ဂရမ်ခန့် စားသုံးသင့်သည်။ အဆီဓာတ်ပါသော ချောကလက်၊ ရေခဲမုန့် စသည်တို့ မှာ သွေးတွင်းသကြားဓာတ်ကို လျင်မြန်စွာမမြှင့်တင်နိုင်ပေ။ 15 မိနစ်တစ်ကြိမ် သွေးတွင်းသကြားဓာတ်ကို စစ်ဆေးပြီး ပုံမှန်ရောက်သည်အထိ ဖော်ပြပါသကြားဓာတ်ပါသော အစားအသောက်များကို စားသုံးပေးရမည်။ သို့ဖြစ်ရာ သကြားလုံးကဲ့သို့သော သကြားဓာတ်ပါသောအစားအစာများကို အမြဲအသင့်ဆောင်ထားရန်လိုပါ သည်။ သွေးတွင်းသကြားဓာတ်အလွန်အမင်းလျော့ကျခြင်းကို အချိန်မီမကုသလျှင် သတိလစ်သည် အထိဖြစ်ပေါ်နိုင်ကာ ၄င်းအခြေအနေတွင် သွေးတွင်းသကြားဓာတ်ကို ထုတ်လွှတ်စေသည့် ဂလူကာဂွန်ဟော်မုန်းဆေး (Glucagon) ကို အရေးပေါ်ထိုးပေးရန်လိုအပ်နိုင်သည်။ သို့ဖြစ်ရာအဆိုပါဆေးကို အရေးပေါ်ဆောင်ထားသင့်သည်။ အချို့သူများတွင် သွေးတွင်းသကြားဓာတ်လျော့ကျနေသော်လည်း ခန္ဓာကိုယ်မှယဉ်ပါးမှုဖြစ်ကာ မတုံ့ပြန်သဖြင့် ခေါင်းမူးခြင်း၊ ချေွးစေးပြန်ခြင်းကဲ့သို့သော လက္ခဏာများမပေါ်ဘဲ စောစီးစွာမသိရှိနိုင်ဖြစ်တတ်သည်။

(2) သွေးတွင်းသကြားဓာတ်မြင့်တက်ခြင်း (Hyperglycemia)

        အစားအလွန်စားခြင်း၊ ဆီးချိုနှင့်မတည့်သောအစားအသောက်များစားသုံးခြင်း၊ အင်ဆူလင်ဆေးပမာဏ လုံလောက်စွာမပေးခြင်း၊ နေမကောင်းဖြစ်ခြင်း စသည်တို့ကြောင့် သွေးတွင်းသကြားဓာတ် မြင့်တက်ခြင်းဖြစ်နိုင်သည်။ လက္ခဏာများတွင် ဆီးမကြာခဏသွားခြင်း၊ ရေအလွန်ငတ်ခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ အားအင်ကုန်ခန်းနုန်း ချည့်ခြင်း၊ စိတ်ဆတ်ခြင်း၊ ဗိုက်ဆာခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်းတို့ဖြစ်ပေါ်နိုင်သည်။ သွေးတွင်းသကြားဓာတ်မြင့်တက် သည်ဟု သံသယရှိလျှင် သွေးစစ်ကြည့်သင့်ပြီး အစားအသောက်နှင့် ဆေးပမာဏကို ပြန်လည်ချိန်ညှိရမည်။ ထိန်းလိုသောပမာဏထက် သွေးတွင်းသကြားဓာတ်မြင့်တက်နေလျှင် အင်ဆူလင်ဆေးကို ပုံမှန်ပမာဏထက် တိုးမြှင့်ပေးရန်လိုပြီး သွေးတွင်းသကြားဓာတ်ပြန်လည်တိုင်းတာရမည့်အချိန်ကို မိမိ၏ဆရာဝန်နှင့် ပြန်လည် တိုင်ပင်သင့်သည်။

        အကယ်၍ သွေးတွင်းသကြားဓာတ်သည် 240 mg/dl (13.3 mmol/L) ထက် ပိုမိုမြင့်တက်နေလျှင် ကီတုန်းဓာတ်ဆီးစစ်တံနှင့် ကီတုန်းဓာတ်ရှိ/မရှိ စစ်ဆေးသင့်သည်။ ကီတုန်းဓာတ် အနည်းငယ်သာရှိလျှင် အရည်များများသောက်လျက် ခန္ဓာကိုယ်ထဲမှကီတုန်းဓာတ်ကို ဆေးကြောသင့်သည်။ အင်ဆူလင်ဆေးပမာဏ မှန်ကန်စွာသုံးစွဲနေသည့်ကြားမှ သွေးတွင်းသကြားဓာတ် 300 mg/dl (16.7 mmol/L)အထက် ဆက်တိုက်မြင့်မားနေလျှင် ဆရာဝန်နှင့်ချက်ချင်းပြသလျက် အရေးပေါ်ကုသမှု ခံယူသင့်သည်။

(3)  သွေးချိုရောဂါကြောင့်သွေးတွင်းကီတုန်းဓာတ်နှင့် အက်ဆစ်ဓာတ်များပြားခြင်း (Diabetic Ketoacidosis)

        အသက်အန္တရာယ်စိုးရိမ်ရသော အရေးပေါ်ရောဂါအခြေအနေတစ်ခုဖြစ်သည်။ သွေးတွင်းသကြားဓာတ်များ ဆဲလ်များတွင်းမဝင်ရောက်နိုင်သောကြောင့် စွမ်းအင်ထုတ်လုပ်ရန်အတွက် အဆီဓာတ်များကိုချေဖျက်ရာမှ အဆိပ်အတောက်အက်ဆစ်ဓာတ်များဖြစ်သော ကီတုန်းဓာတ်များပါထွက်လာသည်။ လက္ခဏာများအနေဖြင့် ပျို့ခြင်း၊ အန်ခြင်း၊ ဗိုက်နာခြင်း၊ အသက်ရှူထုတ်ရာတွင် မွှေးအီသော အနံ့တစ်မျိုးထွက်ခြင်း၊ ကိုယ်အလေးချိန်လျော့ကျခြင်း တို့ ဖြစ်ပေါ်နိုင်သည်။ ကီတုန်းအက်ဆစ်ဓာတ်များနေသည်ဟု သံသယရှိပါက ကီတုန်းစစ်သည့် ဆီးစစ်တံနှင့် စစ်လျက် ဆီးတွင်း ကီတုန်းဓာတ်များနေလျှင် အရေးပေါ်ကုသမှုခံယူရမည်။ ဆီးတွင်း ကီတုန်းဓာတ်ရှိနေပြီး ပျို့အန်ခြင်း တစ်ကြိမ်ထက်ပိုလျက် ဖြစ်ပေါ်ပါကလည်း အရေးပေါ်ကုသမှုခံယူသင့်သည်။

 

ဘဝနေထိုင်မှုပုံစံနှင့် ဂရုပြုရန်များ

        ဆီးချိုရောဂါရှိမှန်းသိရှိပြီးနောက်တွင် ဘဝတစ်သက်တာပတ်လုံး အမြဲမပြတ်ကုသမှုခံယူလျက် ဂရုစိုက်ရန်လိုအပ်ပါသည်။ ကောင်းမွန်လုံလောက်သည့် ကုသမှုခံယူခြင်းက ပြင်းထန်သောနောက်ဆက်တွဲ ကျန်းမာရေးဝေဒနာများကို ကောင်းစွာကာကွယ်ပေးနိုင်သည်။ ဆီးချိုရောဂါကုသရန်အတွက် ခိုင်မာသော စိတ်ဆုံးဖြတ်မှုလိုအပ်ပြီး ဆေးများကိုညွှန်ကြားထားသည့်အတိုင်း ပုံမှန်သုံးစွဲသင့်သည်။ နေ့စဉ်ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများစားသုံးလျက် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းပုံမှန်လုပ်ဆောင်သင့်သည်။ အရေးပေါ်သုံးစွဲရမည့်ဆေးဝါးများကို မိမိ မိသားစုနှင့် ချစ်ခင်ရင်းနှီးသူများလည်း သိရှိထားပြီး လုပ်ဆောင်တတ်စေရန်ပြောကြားထားသင့်သည်။ နှစ်စဉ်ခန္ဓာကိုယ်ကျန်းမာရေး စမ်းသပ်စစ်ဆေးမှုနှင့် မျက်လုံးစမ်းသပ်စစ်ဆေးမှုကို ပုံမှန်လုပ်ဆောင်ရန်လိုအပ်ပါသည်။ ကိုယ်ခံအားကောင်းမွန်နေစေရန်လည်း ဂရုပြုရန်လိုပြီး လိုအပ်ပါကအအေးမိတုပ်ကွေးကာကွယ်ဆေးကို နှစ်စဉ်ထိုးထားရန်နှင့် အဆုတ်ရာင်ကာကွယ်ဆေးများ ထိုးထားရန်လည်း လိုအပ်နိုင်ပါသည်။

 

 

Dr. Thanda Lin

 www.drmyanmar.com