အယ်လ်ထရာဆောင်း (Ultrasound)
Sonogram လို့ခေါ်တဲ့ အယ်လ်ထရာဆောင်းစကန် (Ultrasound Scan) ဟာ ကြိမ်နှုန်းမြင့်မားတဲ့ အသံလှိုင်းတွေကို အသုံးပြုပြီး ခန္ဓာကိုယ်တွင်းရှိ အစိတ်အပိုင်းတွေကို ပုံဖော်ပေးတဲ့ နည်းပညာတစ်ခုဖြစ် ပါတယ်။ အယ်လ်ထရာဆောင်းကို မိခင်၀မ်းကြာတိုက်အတွင်းရှိ သနေ္ဓသားကျန်းမာရေးကို စောင့်ကြည့် ရန်၊ ရောဂါရှာဖွေရန်နှင့် အချို့သောခွဲစိတ်မှုများတွင် အထောက်အကူပြုပစ္စည်းအနေဖြင့် အသုံးပြုနိုင်ပါတယ်။
အယ်လ်ထရာဆောင်းစကန်အလုပ်လုပ်ပုံ
အယ်လ်ထရာဆောင်း (Ultrasound probe) မှနေပြီး ကြိမ်နှုန်းမြင့် အသံလှိုင်းတွေကို ထုတ်လွှတ်ပေးပြီးလူရဲ့ ခန္ဓာကိုယ်ကို ဖြတ်စေပါတယ်။ ထို့နောက်ခန္ဓာကိုယ်အစိတ်အပိုင်းကို ရိုက်ခတ်ပြီး ပြန်ထွက်လာတဲ့ အသံလှိုင်းတွေ ပဲ့တင်သံတွေကို transducer (လက်ကိုင်ကိရိယာ) ကနေ ဖန်သားပြင်ပေါ်မှာ ပြန်လည်ဖမ်းယူပြီး ရွေ့လျားပုံရိပ်အဖြစ်သို့ ပြောင်းလဲဖော်ပြပေးတာ ဖြစ်ပါတယ်။
အယ်လ်ထရာဆောင်းရိုက်ရန်အတွက် ပြင်ဆင်ပုံ
ပုံရိပ်အရည်အသွေးကောင်းမွန်စေရန်အတွက် အယ်လ်ထရာဆောင်းမရိုက်ခင်မှာ ကြိုတင်ပြင်ဆင်ထားရမယ့် အချက်တွေ ရှိပါတယ်။ ဥပမာ - ၀မ်းဗိုက်ကို အယ်လ်ထရာဆောင်းရိုက်မယ်ဆိုပါက မရိုက်ခင်မှာ ရေ 4 ခွက်မှ 6 ခွက်ထိ သောက်ထားဖို့ လိုအပ်ပါတယ်။ အသည်း၊ သည်းခြေအိတ် စတာတွေကို အယ်လ်ထရာဆောင်းရိုက်မယ်ဆိုရင်တော့ မရိုက်ခင် 8 နာရီ 12 နာရီ အလိုကတည်းက အစာမစားထားရပါဘူး။
အယ်လ်ထရာဆောင်းရိုက်မယ့်နေရာကို ဖော်ထားပေးရမှာဖြစ်တာကြောင့် သက်သာချောင်ချိတဲ့ ပေါ့ပေါ့ပါးပါး အ၀တ်အစားကိုသာ ၀တ်ဆင်သွားသင့်ပါတယ်။
အယ်လ်ထရာဆောင်းရိုက်ချိန်ဟာ 15 မိနစ်မှ 20 မိနစ်အတွင်းကြာမြင့်ပြီး ဆရာ၀န် (သို့) ကျွမ်းကျင်ပညာရှင်ကနေ လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။
ရိုက်ချင်တဲ့နေရာပေါ်မူတည်ပြီး အယ်လ်ထရာဆောင်း အမျိုးအစားကွဲပြားပြီး အဓိကအားဖြင့် 3 မျိုးရှိပါတယ်။
1. External Ultrasound Scan (အရေပြားပေါ်မှနေ၍ probe ဖြင့်ရိုက်တဲ့ အယ်လ်ထရာဆောင်း)
2. Internal Ultrasound Scan (ခန္ဓာကိုယ်အတွင်းသို့ probe ထည့်ပြီး ရိုက်သော အယ်လ်ထရာဆောင်း)
3. Endoscopic Ultrasound Scan (probe နှင့်အတူ မှန်ပြောင်းကိုပါအသုံးပြုပြီးရိုက်သော အယ်လ်ထရာဆောင်း)
1. External Ultrasound Scan
နှလုံး၊ အသည်း၊ ကျောက်ကပ်၊ သားအိမ်နှင့် တင်ပဆုံပိုင်းရှိကိုယ်တွင်းအင်္ဂါတွေကို ရိုက်ရာမှာအသုံးပြုတဲ့ အယ်လ်ထရာဆောင်းကို External Ultrasound Scan လို့ခေါ်ပါတယ်။ ရိုက်လိုတဲ့နေရာမှာ ဂျဲလ်ကိုသုတ်လိမ်းပေးပြီး probe လို့ခေါ်တဲ့ လက်ကိုင်ကိရိယာနဲ့ ဟိုဟိုဒီဒီရွှေ့ပြီး ရိုက်ကူးတာဖြစ်ပါတယ်။ ဂျဲလ်လိမ်းထားလို့ အေးတဲ့ခံစားချက်ကို ခံစားရရုံမှတပါး မည်သည့်နာကျင်မှုမျိုးမှ ခံစားရမှာမဟုတ်ပါဘူး။
ဆီးအိမ်ကိုရိုက်ကူးချိန်မှာ ဆီးအိမ်တင်းနေတာကြောင့် ဗိုက်ပေါ်ကို probe နဲ့ ဖိတဲ့အခါမှာ ဆီးသွားချင်စိတ်တော့ ဖြစ်ပါလိမ့်မယ်။
2. Internal or Prostate or Transvaginal Ultrasound Scan
ဆီးကျိတ်၊ မျိုးဥ စတာတွေနဲ့ပတ်သက်ပြီး သိလိုတဲ့အခါမှာ Internal Ultrasound Scan ကို အသုံးပြုပါတယ်။ မိန်းမကိုယ်၊ စအိုပေါက်ကနေတဆင့် ချောဆီသုတ်ထားတဲ့ probe ကို ဖြည်းဖြည်းချင်းထည့်ပြီး ရိုက်ကူးတာဖြစ်ပါတယ်။ ရိုက်နေတုန်းမှာ ငြိမ်ငြိမ်လေးနေဖို့လိုအပ်ပါတယ်။ အချိန်အနည်းငယ်မျှသာကြာမြင့်မှာဖြစ်ပြီး အနည်းငယ်မသက်မသာဖြစ်နိုင် ပါတယ်။
3. Endoscopic Ultrasound Scan
အစာအိမ်၊ အစာရေမြို စတဲ့နေရာတွေကို စစ်ဆေးလိုပါက ပါးစပ်ကနေတဆင့်မှန်ပြောင်းထည့်ပြီး အယ်လ်ထရာဆောင်း ရိုက်လို့ရပါတယ်။ ပက်လက်အနေအထားနှင့်ရိုက်မှာဖြစ်ပြီး အဆုံးမှာအယ်လ်ထရာဆောင်းစက်ပါ၀င်တဲ့ မှန်ပြောင်းကို အစာအိပ် အတွင်းသို့ဖြေးညှင်းစွာထည့်ပြီး ရိုက်ကူးတာဖြစ်ပါတယ်။ သာမာန်အယ်လ်ထရာဆောင်းများနည်းတူ အသံလှိုင်းတွေကိုအသုံးပြုပြီး ပုံရိပ်ကိုဖန်တီးတာဖြစ်ပါတယ်။ မှန်ပြောင်းအသုံးပြုပြီးရိုက်ကူးတဲ့အခါမှာ လည်ချောင်းတလျှောက်ကို မသက်မသာဖြစ်စေတာ ကြောင့် ထုံဆေးပေးခြင်းဖြင့် စိတ်တည်ငြိမ်အောင်ဆေးဝါးတွေပေးရပါတယ်။
အယ်လ်ထရာဆောင်းရိုက်ပြီးနောက်
များသောအားဖြင့် အယ်လ်ထရာဆောင်းရိုက်ပြီးချိန်မှာ မိမိရဲ့လုပ်ငန်းဆောင်တာတွေကို ပုံမှန်အတိုင်းလုပ်ဆောင်လို့ရပေမယ့် မှန်ပြောင်းနှင့်ရိုက်ကူးချိန်မှာပေးထားတဲ့ စိတ်ငြိမ်ဆေး အရှိန်ပြယ်သည်အထိ ဆေးရုံမှာနေဖို့လိုအပ်ပါတယ်။ ဆေးအရှိန်မပြယ်မချင်းကားမောင်းခြင်း၊ အရက်သောက်သုံးခြင်းတို့ကို တတ်နိုင်သမျှရှောင်ကြဉ်ပါ။
အယ်လ်ထရာဆောင်းရိုက်ရင် ဘယ်လိုဆိုးကျိုးတွေရနိုင်သလဲ
အယ်လ်ထရာဆောင်းက အသံလှိုင်းကိုအသုံးပြုပြီး ဓာတ်ရောင်ခြည်ပါ၀င်မှုမရှိ တာကြောင့် ဘေးအန္တရာယ်ကင်းတဲ့ ကျန်းမာရေးစစ်ဆေးမှုတခုဖြစ်ပါတယ်။
Internal Ultrasound ရိုက်တော့မယ်ဆိုရင်တော့ Latex နှင့် ဓာတ်မတည့်မှုရှိပါက ကြိုတင်ပြောပြထားပါ။ Internal အယ်လ်ထရာဆောင်းမှာအသုံးပြုတဲ့ transduser ကို Latex အစွပ်နှင့်ဖုံးထားတာကြောင့် ဓာတ်မတည့်မှုရှိတယ်ဆိုရင်တော့ Latex free cover အသုံးပြုလို့ရပါတယ်။ မှန်ပြောင်းအသုံးပြုပြီး ရိုက်မယ်ဆိုရင်တော့ တခါတရံမှာ သွေးယိုနိုင်ပါတယ်။
Dr. Htet Htet Aung






























