/
news/ကျန်းမာရေး-z/အရက်သောက်ခြင်းကြောင့်-အသည်းခြောက်ခြင်း-alcoholic-liver-cirrhosis

အရက်သောက်ခြင်းကြောင့် အသည်းခြောက်ခြင်း (Alcoholic Liver Cirrhosis)

Category
ကျန်းမာရေး (A-Z)

         အသည်းဟာ ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးခြင်း၊ အသားဓာတ်များကို ဖြိုခွဲပေးခြင်း၊ ခန္ဓာကိုယ်မှ အဆီဓာတ်တွေကို စုပ်ယူနိုင်ရန် သည်းချေရည်ကိုထုတ်ပေးခြင်း စတဲ့အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပေးနေတဲ့ အင်္ဂါကြီးတစ်ခုဖြစ်ပါတယ်။ လူတယောက်ဟာ အရက်ကိုအလွန်အကျွံသောက်သုံးတဲ့အခါမှာ အသည်းရဲ့ ကောင်းမွန်တဲ့ တစ်သျှူးတွေနေရာမှာ အမာရွတ်တစ်သျှူးတွေအစားထိုးဖြစ်ပေါ်လာပြီး Alcoholic liver cirrhosis လို့ခေါ်တဲ့ အရက်ကြောင့်ဖြစ်တဲ့ အသည်းခြောက်ခြင်းဖြစ်လာပါတယ်။

         အသည်းရောဂါပိုဆိုးလာတဲ့နဲ့အမျှ ကောင်းမွန်တဲ့အသည်းတစ်သျှူးနေရာမှာ အမာရွတ်တစ်သျှူးတွေ ပိုမိုဖြစ်ပေါ်လာပြီး နောက်ဆုံးမှာ အသည်းရဲ့လုပ်ငန်းဆောင်တာတွေ ပျက်ယွင်းလာပါတယ်။ အမေရိကန်အသည်းဖောင်ဒေးရှင်းမှ ထုတ်ပြန်ချက်အရ အရက်အလွန်အကျွံသောက်သုံးသူရဲ့ 10% မှ 20% ခန့်ဟာ အသည်းခြောက်ခြင်းကို ခံစားနေရတယ်လို့သိရပါတယ်။ အစပိုင်းမှာ အသည်းအဆီဖုံးခြင်း ထို့နောက် အသည်းရောင်ခြင်း ထိုမှတဆင့် အသည်းခြောက်ခြင်း စသည်ဖြင့် အဆင့်ဆင့်ကူးပြောင်းလာတာဖြစ်ပါတယ်။ တခါတရံမှာ အသည်းမရောင်ဘဲနှင့်လည်း အသည်းခြောက်ရောဂါဖြစ်နိုင်ပါတယ်။

 

ရောဂါလက္ခဏာများ

        အသက် 30၊ 40 အရွယ်မှာ အသည်းခြောက်ခြင်းရဲ့ရောဂါလက္ခဏာတွေ စတင်ဖြစ်ပေါ်လာပါပြီ။ အစောပိုင်းမှာ အသည်းရဲ့ချို့ယွင်းမှုတွေကို အစားထိုးပြုပြင်နိုင်ပေမယ့် ရောဂါအခြေအနေပြင်းထန်လာတာနှင့်အမျှ ရောဂါလက္ခဏာတွေလည်း ပိုမိုသိသာထင်ရှားလာပါတယ်။

          ရောဂါလက္ခဏာတွေကတော့ အသားဝါခြင်း၊ မျက်လုံးဝါခြင်း၊ အရေပြားယားယံခြင်း၊ အသဲတွင်းကို ဖြတ်သွားသော သွေးပြန်ကြောအတွင်းရှိ သွေးဖိအားမြင့်တက်ခြင်းတို့ပဲဖြစ်ပါတယ်။

 

အသည်းခြောက်ခြင်းကိုမြင့်တက်စေတဲ့ အကြောင်းရင်းများ

        အဓိကအကြောင်းရင်းကတော့ အရက်သောက်တာပဲဖြစ်ပါတယ်။ အထူးသဖြင့် အရက်သောက်တဲ့အမျိုးသမီးတွေမှာ အသည်းခြောက်ဖို့ အလားအလာပိုများပါတယ်။ အမျိုးသမီးတွေရဲ့ အစာအိမ်မှာ အရက်ကိုချေဖျက်နိုင်တဲ့ အင်ဇိုင်းတွေအများကြီး မရှိတာကြောင့် ပိုမိုများပြားတဲ့ အရက်တွေက အသည်းဆီကိုရောက်ရှိသွားပြီး အသည်းမှာအမာရွတ်တွေ ပိုဖြစ်စေတာဖြစ်ပါတယ်။

          ဒါ့အပြင် မွေးကတည်းကအရက်ကိုချေဖျက်နိုင်တဲ့အင်ဇိုင်းတွေ ပါမလာတဲ့လူတွေမှာလည်း အသည်းခြောက်နိုင်ချေ ပိုမိုမြင့်မားပါတယ်။

 

ရောဂါရှာဖွေစစ်ဆေးခြင်း

        အသည်းခြောက်ခြင်း ရှိ/မရှိ ရောဂါရာဇ၀င်မေးမြန်းခြင်း၊ အာထရာဆောင်းရိုက်ခြင်း၊ အသားစယူ၍ စစ်ဆေးခြင်းဖြင့် သိနိုင်ပါတယ်။ သွေးစစ်ဆေးမှုအဖြေများအနေဖြင့် -

-   သွေးအားနည်းခြင်း

-   သွေးထဲတွင် သကြားဓာတ်နှင့်အမိုးနီးယားဓာတ်မြင့်တက်နေခြင်း

-   သွေးဖြူဥပမာဏမြင့်တက်နေခြင်း

-   အသည်းအင်ဇိုင်း (AST, ALT) ပမာဏများတက်နေခြင်း

-   ဆိုဒီယမ်၊ ပိုတက်ဆီဒယမ်နှင့် မဂ္ဂနီဆီယမ်ဓာတ်များတက်နေခြင်းတို့ကို တွေ့ရနိုင်ပါတယ်။

 

နောက်ဆက်တွဲဆိုးကျိုးများ

-   ရေဖျဉ်းစွဲခြင်း

-   ခန္ဓာကိုယ်တွင်းသွေးယိုခြင်း

-   မျက်လုံးနှင့်အသားဝါခြင်း

-   Eneephalopathy (ဦးနှောက်ထိခိုက်ခြင်း)

 

ကုထုံး

        အမြစ်ပြတ်အောင်ကုသလို့မရပေမဲ့ ရောဂါအခြေအနေပိုပြီးမဆိုးဝါးလာစေရန်နှင့် ရောဂါလက္ခဏာတွေ သက်သာစေရန် အတွက်ကုထုံးတွေရှိပါတယ်။ ကုသမှုရလဒ်တွေက အထွေထွေကျန်းမာရေးနဲ့ အသည်းခြောက်ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ရှိ/မရှိ ပေါ်မူတည်ပြီး ရလဒ်ကွဲပြားနိုင်ပါတယ်။

          ပထမအဆင့်အနေနဲ့ အရက်ဖြတ်ရပါမယ်။ အရက်စွဲနေပါက ဆရာ၀န်နှင့်တိုင်ပင်ကုသပါ။ ဆရာ၀န်က စတီးရွိုက် (Corticosteroid, Calcium channel blockers, အင်ဆူလင် (Insulin), အင်တီအောက်ဆီးဒင့် (Anti Oxidant), S-adenosylmethionine စတဲ့ဆေးဝါးတွေကို လိုအပ်ပါက ညွှန်ကြားပါလိမ့်မယ်။ Phosphatidylcholine ပါ၀င်တဲ့ အသည်းအားဆေးတွေကိုလည်း ဆရာ၀န်ညွှန်ကြားချက်ဖြင့် သောက်သုံးနိုင်ပါတယ်။

          အလွန်အမင်းပြင်းထန်ပါက အသည်းအစားထိုးနိုင်ပါတယ်။ အသည်းအစားထိုးခြင်းကြောင့် 5 နှစ်အတွင်း အသက်ရှင်နှုန်းက 70% ထိမြင့်တက်လာနိုင်ပါတယ်။ အသည်းခြောက်နေသူအနေဖြင့် အဆီများတဲ့အစားအစာတွေကို ရှောင်ရှားသင့်ပါတယ်။

 

Dr. Htet Htet Aung

www.drmyanmar.com