အရိုးအဆစ်ရောင်ရမ်းခြင်း (Osteoarthritis)
Osteoarthritis (OA) သည် အသက်ကြီးလျှင်ဖြစ်တတ်သည့် အရိုးဆစ်ရောင်ရမ်းနာရောဂါ တစ်မျိုး ဖြစ်ပါတယ်၊ လက်၊ ဒူး၊ တင်ပါးနှင့် ကျောရိုးတို့တွင်အဖြစ်များလေ့ရှိပြီး မကုသဘဲထားပါက တဖြည်းဖြည်းနှင့် ပိုမိုဆိုးဝါးလာတတ်ပါ တယ်။ OA ကို ကုသနိုင်သောကုထုံးမရှိသေးသော်လည်း အနေအထိုင်ပြုပြင် ပြောင်းလဲခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း တို့ဖြင့် ရောဂါပိုမဆိုးလာအောင် ထိန်းသိမ်းသွားနိုင်ပါတယ်။
ဖြစ်ပွားရသည့်အကြောင်းရင်း
OA သည် အရိုးများ၏ အစွန်းတစ်ဘက်တစ်ချက်တွင် ကူရှင်သဖွယ် အထောက်အပံ့ပေးထားသော အရိုးနုများ ပျက်စီးလာခြင်းကြောင့်ဖြစ်ပါတယ်။ အရိုးနုများသည် မာကျောပြောင်လက်သော တစ်ရှူးများဖြစ်ပြီး လှုပ်ရှားမှု ပြုလုပ်နေစဉ်အတောအတွင်း အဆစ်များအချင်းချင်း ပွတ်တိုက်မှုမရှိစေရန် အကာအကွယ်ပြုလုပ်ပေးပါတယ်။ အသက်အရွယ် ကြီးလာခြင်း၊ အ၀လွန်လာခြင်း စတဲ့အကြောင်းအရာများကြောင့် အရိုးနုများ၏ မျက်နှာပြင်များ ကြမ်းတမ်းလာပြီး တဖြည်းဖြည်းနှင့် ယိုယွင်းပျက်ဆီးလာတာကြောင့် လှုပ်ရှားမှုပြုလုပ်တဲ့အခါ အရိုးအချင်းချင်း ပွတ်တိုက်မှုများလာပြီး နာကျင်မှုကို ခံစားလာရပါတယ်။
OA ဖြစ်နိုင်ခြေများသော အကြောင်းရင်းများ
၁။ အသက်အရွယ်ကြီးခြင်း
၂။ အ၀လွန်ခြင်း
၃။ အမျိုးသမီးများ - သဘာ၀အားဖြင့် အမျိုးသမီးများသည် အမျိုးသားများထက် OA ရောဂါ ဖြစ်ပွားနိုင်ခြေများပါတယ်။
၄။ အရိုးအဆစ်များ မကြာခဏ ထိခိုက်ဒဏ်ရာရခြင်း
၅။ အရိုးအဆစ်များပေါ်တွင် ထပ်ခါထပ်ခါ ဖိအားသက်ရောက်စေသော အလုပ်အကိုင်လုပ်သူများ
၆။ မိဘမျိုးရိုးရှိသူများ
၇။ မွေးရာပါ အရိုးနုနှင့် အဆစ်များ ပျက်ဆီးမှုရှိသူများ
၈။ ဆီးချိုရောဂါရှိသူများ
၉။ ဂေါက်ရောဂါရှိသူများ။
ရောဂါလက္ခဏာများ
ရောဂါလက္ခဏာများမှာ -
၁။ လှုပ်ရှားနေချိန်နှင့် လှုပ်ရှားပြီးချိန်တွင် အရိုးအဆစ်များနာကျင်ခြင်း
၂။ အဆစ်များကို ဖိလိုက်ပါက နာကျင်မှုကိုခံစားရခြင်း
၃။ မနက်ပိုင်းတွင် အဆစ်များတောင့်တင်းနေခြင်း
၄။ အဆစ်များ လွယ်လင့်တကူမလှုပ်ရှားနိုင်ခြင်း
၅။ လှုပ်ရှားနေစဉ်အတောအတွင်း တဂျစ်ဂျစ်မြည်သံကြားရခြင်း
၆။ OA ဖြစ်နေသောအဆစ်နားတွင် အရိုးအတက်ထွက်ခြင်းတို့ဖြစ်ပါတယ်။
ဒါ့ကြောင့် အထက်မှာ ဖော်ပြခဲ့တဲ့ OA ဖြစ်နိုင်ခြေများသူတွေအနေနဲ့ အရိုးအဆစ်များတောင့်တင်းခြင်း၊ နာကျင်ခြင်းကို တပတ်ထက်ပိုပြီး ခံစားရပါက ဆရာ၀န်နှင့်ပြသပြီး OA ရောဂါ ဟုတ် မဟုတ် စစ်ဆေးကြည့်သင့်ပါတယ်။
နောက်ဆက်တွဲဆိုးကျိုးများ
OA သည် အချိန်ကြာလာတာနှင့်အမျှ ရောဂါလက္ခဏာများကို ပိုမိုဆိုးဝါးစွာခံစားရပြီး၊ နေ့စဉ်လုပ်ဆောင် ရမည့်လုပ်ငန်းများကို မလုပ်ဆောင်နိုင်ခြင်း၊ အလုပ်ပျက်လာခြင်းစတဲ့ နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရနိုင်ပါတယ်။
စမ်းသပ်စစ်ဆေးခြင်း
OAရောဂါရှိနေကြောင်းကို အောက်ပါနည်းလမ်းများဖြင့် စစ်ဆေးသိရှိနိုင်ပါတယ်။
၁။ အထွေထွေကျန်းမာရေးစစ်ဆေးခြင်း
၂။ ဓါတ်မှန်ရိုက်ခြင်း ( X-ray )
၃။ MRI ရိုက်ခြင်း ( Magnetic Resonance Imaging )
၄။ သွေးစစ်ဆေးခြင်း ( Blood Tests )
၅။ အဆစ်များအတွင်းမှ အရည်ကိုယူ၍ စစ်ဆေးခြင်း ( Joint Fluid Analysis )
ကုသခြင်း
OA ရောဂါကို ကုသနိုင်မည့် ကုထုံးမရှိသေးပါ။ နာကျင်ကိုက်ခဲမှုသက်သာစေရန် ပါရာစီတမော (သို့) စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေး NSAID တွေကို သုံးစွဲနိုင်ပါတယ်။ အသက် ၆၅ နှစ် အထက် လူကြီးများနှင့် အစာအိမ်သွေးယိုဖူးသူများအနေဖြင့် အကိုက်အခဲပျောက်စေရန် လိမ်းဆေးများကိုသာ အသုံးပြုသင့်ပါတယ်။
လေ့ကျင့်ခန်းလုပ်ခြင်းနှင့် ကျန်းမာသောကိုယ်အလေးချိန်ကို ထိန်းထားနိုင်ခြင်းကလည်း OA အတွက် အကောင်းဆုံးကုထုံးတစ်ခုဖြစ်ပါတယ်။
ကျွမ်းကျင်သောပညာရှင် ( Physiotherapist )နှင့်တိုင်ပင်ပြီး အဆစ်များအနီးရှိ ကြွက်သားများသန်မာ စေရန် မိမိနှင့်သင့်လျော်သော လေ့ကျင့်ခန်းများ ပြုလုပ်ပေးပါ။ လမ်းလျှောက်နေစဉ်မှာဖြစ်စေ၊ မတ်တပ်ရပ်နေ စဉ်မှာဖြစ်စေ၊ သက်တောင့် သက်သာဖြစ်စေမည့် ဖိနပ်ကိုသာရွေးချယ်၀တ်ဆင်ပေးပါ။
အထက်ပါနည်းလမ်းများဖြင့် မသက်သာပါက အဆစ်များအတွင်းသို့ စတီးရွိုက်ဆေးဝါးများ ထိုးသွင်းခြင်းဖြင့်ဖြစ်စေ၊ အဆစ်များ ချောမွတ်စေရန် Hyaluronic Acid ထိုးသွင်းခြင်းဖြင့်ဖြစ်စေ၊ Osteotomy ဟု ခေါ်သော ခွဲစိတ်သည့်နည်းဖြင့် အရိုးများ၏ အလိုင်းမင်းကို ပြန်ချိန်ပေးခြင်းဖြင့်ဖြစ်စေ၊ အရိုးအစားထိုး ကုသမှုများ ပြုလုပ်၍ဖြစ်စေ ကုသနိုင်ပါတယ်။
အိမ်တွင်းကုထုံးများ
နေထိုင်မှုပုံစံပြုပြင်ပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများကလည်း OA ရဲ့ရောဂါလက္ခဏာများကို လျော့ပါး သက်သာစေပါတယ်။
၁။ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်းစတဲ့ ကြွက်သားများကို သန်မာစေမည့် လေ့ကျင့်ခန်းများ ကို လုပ်ဆောင်ပေးပါ။ ညင်သာစွာလှုပ်ရှားရသော ထိုက်ကျိနှင့် ယောဂ တို့ကိုလည်း ကစားနိုင်ပါတယ်။
၂။ ၀ိတ်များနေပါက ၀ိတ်လျှော့ပါ။
၃။ အရိုးအဆစ်များတောင့်တင်းနေပါက ရေနွေးအိတ် ကပ်ပေးပါ။
၄။ အရောင်လျော့ပြီး အနာသက်သာစေတဲ့ လိမ်းဆေးတွေကို လိမ်းပါ။
၅။ နာကျင်မှုကို သက်သာစေရန် အပ်စိုက်သည့် နည်းလမ်းကိုလည်း အသုံးပြုနိုင်ပါတယ်။
၆။ Glucosamine နဲ့ Chondroitin ကဲ့သို့သော အရိုးအဆစ်များကောင်းမွန်စေမယ့် ဖြည့်စွက်စာများကို မှီ၀ဲပေးပါ။
၇။ ထောပတ်သီးနဲ့ ပဲပိစပ်အဆီရောစပ်ပြီး စားသုံးပေးပါ။ လေ့လာမှုတွေအရ ဒီလိုရောစပ်စားသုံးပေးခြင်းဖြင့် အရိုးအဆစ်တွေ ရောင်ရမ်းတာကို လျော့ကျစေကြောင်း သိရှိရပါတယ်။ ဥရောပနိုင်ငံတွေမှာတော့ ဒီနည်းကို တွင်တွင်ကျယ်ကျယ် အသုံးပြုကြပါတယ်။






























