/
news/ကျန်းမာရေး-z/အသည်းရောင်-အသားဝါ-c-ပိုး

အသည်းရောင် အသားဝါ C ပိုး

Category
ကျန်းမာရေး (A-Z)

          အသည်းရောင် အသားဝါ C ရောဂါဟာ Hepatitis C Virus (HCV)) ဗိုင်းရပ်ပိုးကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတစ်ခုဖြစ်ပါတယ်။ C ပိုးနှင့် ဆက်စပ်တဲ့ရောဂါများကြောင့် သေဆုံးသူဦးရေဟာ တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြား လာပြီး ကောက်ယူထားတဲ့ အချက်အလက်များအရ ခန့်မှန်းခြေအားဖြင့် C ပိုးကူးစက်ခံရထားသူ 185 မှ 200 ဘီလီယံရှိတာကို တွေ့ရပါတယ်။

 

ရောဂါလက္ခဏာများ

          လူအများစုမှာ ရောဂါဖြစ်ဖြစ်ချင်း လက္ခဏာပြလေ့မရှိပေမယ့် အသားဝါခြင်း၊ မျက်လုံးဝါခြင်း၊ ဆီးအရောင်ဝါခြင်း၊ ဗိုက်အောင့်ခြင်း၊ ကြွက်သားအဆစ်အမြစ်တွေ နာကျင်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ပျို့အန်ခြင်း၊ နှုန်းခွေခြင်းတို့ ဖြစ်ပါက အသည်းရောင် အသားဝါ C ပိုး ရှိ/မရှိ စစ်ကြည့်သင့်ပါတယ်။

          နာတာရှည်ရောဂါပိုးကူးစက်ခံရပြီး အသည်းပျက်စီးနေပြီဆိုရင်တော့ -

-     သွေးထွက်လွယ်ခြင်း

-     သွေးခြေဥလွယ်ခြင်း

-     ယားယံခြင်း

-     ရေဖျဉ်းစွဲခြင်း

-     ခြေထောက်ဖောရောင်ခြင်း

-     စိတ်ရှုပ်ထွေးခြင်း၊ ဗလုံးဗထွေးစကားပြောခြင်း

-     အရေပြားတွင် ပင်ကူဖြာယှက်နေသကဲ့သို့ ပုံသဏ္႑ာန်ရှိသော သွေးကြောများပေါ်လာခြင်း စတဲ့လက္ခဏာတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

 

ကူးစက်ပုံ

        သွေးမှတဆင့် ကူးစက်တာဖြစ်ပြီး ရောဂါပိုးရှိသူနှင့် ဆေးထိုးအပ်မျှေ၀သုံးစွဲခြင်း၊ ရောဂါပိုးရှိသူနှင့် အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်း၊ ရောဂါပိုးရှိနေသောအပ် စူးမိခြင်းတို့ကြောင့် ကူးစက်နိုင်ပါတယ်။ မိခင်မှ ကလေးသို့လည်းကူးစက်နိုင်ပြီး အစားအစာ၊ ရေနှင့် သာမန်ထိတွေ့ခြင်းမှတဆင့် မကူးစက်နိုင်ပါဘူး။ တက်တူးထိုးထားသူများ၊ သွေးသွင်းဖူးသူများ၊ မူးယစ်ဆေးအကြောထဲသို့ သွင်းဖူးသူများ၊ ကိုယ်အင်္ဂါအစားထိုးကုသမှုခံယူထားသူများ၊ မကြာခဏ ကျောက်ကပ်ဆေးရသူများ၊ HIV ရောဂါပိုးကူးစက်ခံရသူများ စတဲ့သူတွေဟာ C ပိုးကူးစက်ခံရဖို့ အလားအလာပိုများပါတယ်။

 

နောက်ဆက်တွဲဆိုးကျိုးများ

    Hepatitis C ရောဂါပိုးကူးစက်ခံရသူအချို့ဟာ ကုသမှုကောင်းစွာမခံယူပါက နောက်ဆက်တွဲအနေဖြင့် နာတာရှည် အသည်းရောင်ရမ်းခြင်း၊ အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာဖြစ်ခြင်းတို့ကို ခံစားရပါတယ်။ အထူးသဖြင့် HIV ရောဂါပိုးရှိနေပါက Hepatitis C ရဲ့ နောက်ဆက်တွဲပြဿနာတွေ ခံစားရဖို့အလားအလာပိုများပါတယ်။

 

စစ်ဆေးခြင်း

        တံတွေး (သို့) သွေးကို စစ်ဆေးခြင်းဖြင့် အသည်းရောင် အသားဝါ C ပိုး ရှိ/မရှိ သိနိုင်ပါတယ်။ Hepatitis C ပိုးရှိနေတာ သေချာအောင် ပိုးကောင်ရေ (Viral load) ထပ်စစ်ကြည့်ရမှာဖြစ်ပါတယ်။ သက်ဆိုင်ရာဆရာ၀န်က ပိုးကောင်ရေ အရေအတွက်ကိုကြည့်ပြီး လိုအပ်ပါက C ပိုး အမျိုးအစားကို သိရဖို့အတွက် genotyping ပြုလုပ်ရမှာဖြစ်ပါတယ်။

 

ကုသမှု

         အသည်းရောင် အသားဝါ C ပိုး ဗိုင်းရပ်စ်ကို ခန္ဓာကိုယ်ထဲမှာ အပြီးတိုင်ဖယ်ရှားနိုင်ဖို့အတွက် ဗိုင်းရပ်စ်ကို တိုက်ထုတ်တဲ့ ဆေးဝါးတွေကို အသုံးပြုပြီး ကုသတာဖြစ်ပါတယ်။ ကုထုံးက C ပိုးအမျိုးအစား (genotype)၊ အသည်းထိခိုက်ခံရမှုအခြေအနေ၊ အသည်းခြောက်ခြင်း ရှိ/မရှိ နှင့် အခြားသောရောဂါများ ရှိ/မရှိ ပေါ်မူတည်ပြီး လူတစ်ဦးချင်းစီအလိုက် ကွဲပြားနိုင်ပါတယ်။

          C ပိုးကုထုံးတွေဟာ တစ်နှစ်ထက် တစ်နှစ် အသစ်အသစ်တွေပေါ်ထွက်လာသလို ကုသမှုရလဒ်တွေကလည်း ပိုမိုကောင်းမွန်လာပါတယ်။

          2011 မတိုင်မီက Pegylated Interferon (Peg IFN) နှင့် Ribavirin ဆေးဝါးတွေကို အသုံးပြုခဲ့ကြပြီး 2011 မှ စပြီး Interferon မပါ၀င်တဲ့ Interferon-Free ကုထုံးတွေကို ဦးစားပေးရွေးချယ်လာကြပါတယ်။

          Sofosbuvir, Daclatasvir, Ribavirin, Ledipasvir, Simeprevir, Ombitasvir, Paritaprevir, Ritonavir, Dasabuvir စတဲ့ ဆေးဝါးတွေဟာ C ပိုးကုသရာမှာ အသုံးပြုတဲ့ဆေးဝါးတွေဖြစ်ပါတယ်။

          အသည်းခြောက်ခြင်း ရှိ/မရှိ ပေါ်မူတည်ပြီး ကုသချိန်ဟာ 12 ပတ်၊ 24 ပတ် စသည်ဖြင့် ကြာမြင့်နိုင်ပါတယ်။

 

ဆေးဝါးများရဲ့ ဘေးထွက်ဆိုးကျိုး

        ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ -

-     နုံးခွေခြင်း

-     ခေါင်းကိုက်ခြင်း

-     သွေးအားနည်းခြင်း

-     ပျို့အန်ခြင်း

-     အိပ်မပျော်ခြင်း

-     ယားယံခြင်း

-     ၀မ်းပျက်၀မ်းလျောဖြစ်ခြင်း

-     ဂဏာမငြိမ်ဖြစ်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။

 

ကြိုတင်ကာကွယ်ခြင်း

1. အသည်းရောင်အသားဝါ C ပိုးအတွက် ကာကွယ်ဆေးမရှိသေးတာကြောင့် C ပိုးကူးစက်ခံရခြင်း မရှိရလေအောင် လိင်ဆက်ဆံဖော် တစ်ဦးထက်ပိုပြီးရှိပါက  အကာအကွယ် (ကွန်ဒုံး) သုံးပါ။

2. မူးယစ်ဆေးဝါးသုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။ သုံးစွဲနေပါက ဖြတ်နိုင်ရန် ကြိုးစားပါ။

3. တကိုယ်ရေသုံး သန့်ရှင်းရေးကိရိယာတွေ (ဥပမာ - မုတ်ဆိတ်ရိတ်စက်)ကို သူများနှင့် မျှေ၀သုံးစွဲခြင်းမပြုပါနှင့်။ တက်တူးထိုးခြင်း၊ ခန္ဓာကိုယ်မှ အပေါက်ဖောက်၍ အလှဆင်ခြင်းတို့ပြုလုပ်ရာတွင် တစ်ခါသုံးအပ်အသုံးပြုပါ။

 

Dr. Htet Htet Aung

www.drmyanmar.com