/
news/ကျန်းမာရေး-z/၀က်ခြံ-acne

၀က်ခြံ (Acne)

Category
ကျန်းမာရေး (A-Z)

        ၀က်ခြံသည်ဆယ်ကျော်သက်လူငယ်များတွင် အဖြစ်များလေ့ရှိပြီး ဆယ်ကျော်သက်အရွယ်များ၏ 87% ခန့်သည် ၀က်ခြံပေါက်ခြင်းကို ခံစားရလေ့ရှိပါတယ်။ ၀က်ခြံသည်အမွှေးအိတ်များတွင် အဆီနှင့် အရေပြားဆဲလ်သေများ စုပုံလာခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ၀က်ခြံပြင်းထန်မှုပေါ်တွင် မူတည်၍ ရောဂါလက္ခဏာများ ကွဲပြားနိုင်ပါတယ်။

ဖြစ်ပွားရသည့်အကြောင်းရင်း

        ၀က်ခြံပေါက်ခြင်းကိုအားပေးတဲ့ အဓိကအကြောင်းရင်း ၄ ချက်ကတော့ - အဆီအထွက်များခြင်း၊ အရေပြားဆဲလ်သေများရှိခြင်း၊ ချေွးပေါက်များတွင် အညစ်အကြေးများဖြင့် ပိတ်နေခြင်းနှင့် ဘက်တီးရီးယားပိုးမွှား တို့ပဲဖြစ်ပါတယ်။

          ၀က်ခြံသည် များသောအားဖြင့် အဆီရှိရာနေရာများဖြစ်သောမျက်နှာ၊ လည်ပင်း၊ ရင်ဘတ်၊ ပခုံးနဲ့ ကျောဘက်တွေမှာ အဖြစ်များလေ့ရှိပါတယ်။ ခန္ဓာကိုယ်မှအဆီများကို ပိုမိုထုတ်လုပ်သောအခါ ၎င်းအဆီများနှင့် အရေပြားဆဲလ်သေများသည် အမွှေးအိတ်များတွင် စုပုံလာသဖြင့် ဘက်တီးရီးယားပိုးမွှားများ ပေါက်ဖွားမှုကို အားပေးသောကြောင့် ၀က်ခြံဖြစ်လာရခြင်းဖြစ်ပါတယ်။

၀က်ခြံကိုဖြစ်ပွားစေ (သို့) ပိုမိုဆိုးဝါးစေသော အကြောင်းများ

          ၀က်ခြံကိုဖြစ်ပွားစေ (သို့) ပိုမိုဆိုးဝါးစေတဲ့အကြောင်းရင်းများကတော့ -

1)   အန်ဒရိ်ုဂျင် (Androgen)ဟော်မုန်းပြောင်းလဲခြင်း အပျိုဖော်၀င်ချိန်နှင့် လူပျိုဖော်၀င်ချိန်တို့တွင် Androgen ဟော်မုန်း ပြောင်းလဲမှုကြောင့် အဆီများပိုမိုထွက်လာကာ ၀က်ခြံပေါက်စေပါတယ်။ ဒါ့အပြင် ကိုယ်၀န်ဆောင်ခြင်းနှင့် သနေ္ဓတားဆေးသုံးစွဲခြင်းတို့ကြောင့်လည်း ဟော်မုန်းအပြောင်းအလဲဖြစ်ကာ ၀က်ခြံပေါက်စေပါတယ်။

2)   စတီးရွိုက် (သို့) အန်ဒရိုဂျင်ဟော်မုန်း (သို့) စိတ်ရောဂါဆေး Lithium   ပါ၀င်သော ဆေးဝါးများသုံးစွဲခြင်း၊

3)     နို့နှင့် နို့ထွက်ပစ္စည်းများ၊ ကာဗိုဟိုက်ဒရိတ်ပါ၀င်မှုမြင့်မားသောအစားအစာများ (ဥပမာ - ပေါင်မုန့်၊ အာလူးကြော် အလွန်အကျွံစားသုံးခြင်း)

4)     ချော့ကလက် အစားများခြင်း

5)   စိတ်ဖိစီးမှုများခြင်း - စိတ်ဖိစီးမှုများခြင်းကြောင့် ၀က်ခြံမပေါက်စေပေမယ့် နဂို၀က်ခြံရှိတဲ့သူတွေ စိတ်ဖိစီးမှုရှိရင် ၀က်ခြံပိုဆိုးစေပါတယ်။

6)    မျိုးရိုးလို်က်ခြင်း

7)   မသန့်ရှင်းသောပစ္စည်းများနှင့် မကြာခဏထိတွေ့မိခြင်း (ဥပမာ- မိမိမျက်နှာနှင့် ဆဲလ်ဖုန်း၊ ဆိုင်ကယ်ဦးထုပ် စတာတွေဖြင့် ပွတ်တိုက်မိခြင်းကြောင့်လည်း ၀က်ခြံပေါက်နိုင်ပါတယ်။)

8)   အဆီပါ၀င်သော lotions နှင့် ခရင်မ်များ အလိမ်းများခြင်း

ကုသမှု

        ၀က်ခြံကိုကုသရာမှာအဆင့် (၃)ဆင့်ပါ၀င်ပါတယ်။

-    ၀က်ခြံကိုကုသခြင်း

-    အမာရွတ်မထင်စေရန်ပြုလုပ်ခြင်း

-    အမာရွတ်လျော့ပါးသွားအောင် ပြုလုပ်ခြင်းတို့ဖြစ်ပါတယ်။

**၀က်ခြံကိုကုသခြင်း**

          ၀က်ခြံကုသရာတွင် အရှင်းပျောက်ကင်းရန်လ မှ နှစ်အထိကြာနိုင်ပါတယ်။  ၀က်ခြံအမျိုးအစားပေါ် မူတည်၍ ကုထုံးများလည်း ကွဲပြားနိုင်တာကြောင့် ကျွမ်းကျင်သောဆရာ၀န်နဲ့ သေချာစွာတိုင်ပင်ကုသသင့်ပါတယ်။ ကုထုံးများကတော့ အောက်ပါနည်းအတိုင်းဖြစ်ပါတယ်။

(A)    လိမ်းဆေးအသုံးပြုခြင်း

          1)       Retinoid ပါ၀င်သောလိမ်းဆေးများ

          ၎င်းလိမ်းဆေးများကိုညနေခင်းတွင်လိမ်းပေးရမှာဖြစ်ပါတယ်။ အစပိုင်းတွင် တပတ်လျှင် ၃ ကြိမ် လိ်မ်းပေး ပြီးနောက်ပိုင်းတွင် နေ့တိုင်းအသုံးပြုနိုင်ပါတယ်။ ၎င်းဆေးတွေက  အမွှေးအိတ်ပိတ်ဆို့မှုကို ကာကွယ်ပေးပါတယ်။

          2)       ပဋိဇီ၀ဆေးပါ၀င်သောလိမ်းဆေးများ (Antibiotic Cream)

        ၎င်းဆေးဝါးများသည် ဘက်တီးရီးယားပိုးမွှားများကို သေစေနိုင်ပြီးနီမြန်းမှုကိုလျော့ချပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။ အသုံးများတဲ့ဆေးဝါးများကတော့ Clindamycin (သို့) Erythromycin နဲ့ Benzyl Peroxide တို့ ပါ၀င်တဲ့ လိမ်းဆေးများပဲဖြစ်ပါတယ်။ ၎င်းလိမ်းဆေးများနဲ့ Retinoid ပါ၀င်တဲ့လိမ်းဆေးများကို တွဲဖက်အသုံးပြုမယ်ဆိုရင်တော့ Retinoid ပါ၀င်တဲ့လိမ်းဆေးကို ညမှာလိမ်းပေးရမှာဖြစ်ပြီး Antibiotic Cream ကိုတော့ မနက်မှာ လိမ်းပေးရမှာဖြစ်ပါတယ်။

          3)       Dapsone ပါ၀င်သော လိမ်းဆေးများ

          ဒီဆေးတွေကိုလည်း Retinoid ပါ၀င်တဲ့ လိမ်းဆေးနဲ့ တွဲပြီးသောက်သုံးရင် ၀က်ခြံမြန်မြန် ပျောက်စေပါတယ်။

(B)     သောက်ဆေးအသုံးပြုခြင်း

1)   ပဋိဇီ၀သောက်ဆေးများ

        အလတ်စားကနေ အပြင်းစားအဆင့်ရှိတဲ့ ၀က်ခြံတွေအတွက်ဆိုရင် ပဋိဇီ၀ပိုးသတ်သောက်ဆေး တွေ အသုံးပြုပါတယ်။ Tetracycline နဲ့ Doxycycline ပါ၀င်တဲ့ ဆေးတွေသုံးကြပါတယ်။ ၎င်းဆေးတွေကို Benzoyol Peroxid ပါ၀င်တဲ့ လိမ်းဆေးနဲ့တွဲသုံးရင် ပိုးသတ်ဆေးယဉ်ပါးသွားတဲ့ (သို့) ဆေးမတိုးတော့တဲ့ ဆိုးကျိုး ကို လျှော့ချနိုင်ကြောင်း လေ့လာချက်တွေအရ သိရပါတယ်။

        ပဋိဇီ၀ေသောက်ဆေးတွေကို ၃-၄ လလောက်စွဲသောက်ပြီးလို့ ၀က်ခြံသက်သာသွားရင်ပဲဖြစ်ဖြစ် (သို့) ၀က်ခြံမသက်သာရင်ပဲဖြစ်ဖြစ် ဆေးဖြတ်ရတော့မယ်ဆိုရင် တစ်ခါတည်းဖြတ်လိုက်လို့ မရပါဘူး။ အကျိုး ဆက်အနေနဲ့ နောက်ပိုင်းမှာ ဒီဆေးကို ခန္ဓာကိုယ်က ယဉ်ပါးသွားပြီး ဆေးမတိုးတော့တာဖြစ်နိုင်တဲ့ အတွက် သောက်သုံးရမယ့် ဆေးပမာဏကို တဖြည်းဖြည်းချင်းစီ လျှော့ချသွားပြီးမှ ဖြတ်ရပါမယ်။

        ကိုယ်၀န်ဆောင်တွေ အနေနဲ့ Tetracycline ပါတဲ့ ပဋိဇီ၀ပိုးသတ်ဆေးတွေဟာ မွေးလာမယ့် ကလေးရဲ့ သွားတွေကိုဝါထိန်စေပြီး အရိုးကြီးထွားဖွံ့ဖြိုးမှုနှောင့်နှေးစေတဲ့အတွက် လုံး၀သောက်သုံးလို့ မရပါဘူး။

2)   ဟော်မုန်း (၂) မျိုးပါ သနေ္ဓတားဆေးများ

        Estrogen နဲ့ Progestin ၂ မျိုးလုံးပါ၀င်တဲ့ သနေ္ဓတားဆေးတွေကိုလည်း အသုံးပြုနိုင်ပါတယ်။

3)   အန်ဒရိုဂျင် (Androgen) ဟော်မုန်းဆန့်ကျင်ဆေးဝါးများ

        အမျိုးသမီးတွေနဲ့ ဆယ်ကျော်သက် မိန်းကလေးတွေမှာ ပဋိဇီ၀ပိုးသတ်ဆေးတွေ သောက်သုံးရုံနဲ့ ၀က်ခြံမသက်သာသေးဘူးဆိုရင် Spironolactone ပါ၀င်တဲ့ ကျားဟော်မုန်းကိုဆန့်ကျင်တဲ့ ဆေးဝါးတွေကို အသုံးပြုနိုင်ပါတယ်။

4)   Isotretinoin ပါ၀င်သောဆေးဝါးများ

        အရမ်းဆိုးလွန်းနေတဲ့ ၀က်ခြံတွေမှာ သုံးပါတယ်။ တခြားဘာဆေးနဲ့မှ မတိုးတော့တဲ့ အခြေအနေမျိုးမှာ အသုံးပြုကြပါတယ်။ ဒါပေမယ့် ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေက စိတ်ကျရောဂါခံစားရပြီး ကိုယ့်ကိုယ်ကိုသတ်သေတဲ့အထိ ဆိုးဝါးတာကြောင့် ဆရာ၀န်ရဲ့ အနီးကပ်ကြီးကြပ်စောင့်ရှောက်မှုအောက်မှာ သာ သုံးသင့်ပါတယ်။

 

(C)     အခြားကုထုံးများ

       အခြားသောကုထုံးများကတော့ -

1)  Light therapy

        အလင်းရောင်ဖြင့်ဘက်တီးရီးယားပိုးမွှားများကိုသုတ်သင်ခြင်းဖြစ်ပါတယ်။

2)  Chemical Peeling

        Salicyclic Acid ကိုအသုံးပြုသော Chemical Peeling နည်းကို Retinoid ဆေးဝါးသောက်သုံး နေသူများတွင် အသုံးပြုရန်မသင့်ပေ။

3)  Extraction of White head & Black heads

        အထူးပြုလုပ်ထားသောကိရိယာဖြင့် ၀က်ခြံအဆံနှင့် ဆား၀က်ခြံများကိုဖယ်ရှားခြင်းဖြစ်ပြီး အမာရွတ် ကျန်စေနိုင်ပါတယ်။

4)  စတီးရွိုက်ပါ၀င်သောဆေးထိုးခြင်း

        အရည်အိတ်များအတွင်းသို့ စတီးရွိက်ဆေးဝါးများ ထိုးသွင်းခြင်းဖြစ်ပါတယ်။ နောက်ဆက်တွဲ ဆိုးကျိုး အနေနဲ့အရေပြားပါးလွှာခြင်းကိုခံစားရနိုင်ပါတယ်။

**အမာရွတ်များအတွက်ကုထုံးများ**

        ၀က်ခြံကြောင့်ဖြစ်ပေါ်လာတဲ့ အမာရွတ်များအတွက် ကုထုံးများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

1)       အရေပြားထံသို့ ကော်လာဂျင် (သို့) အဆီတစ်ရှုးများထိုးသွင်းသောကုသမှု (Soft Tissue Fillers)

2)       အက်စစ်ကိုအသုံးပြု၍အရေပြားအပေါ်ယံအလွှာကိုဖယ်ရှားသော (Chemical peeling)

3)       ဘရပ်သုံးပြီးအရေပြားပေါ်မှ အမာရွတ်ကိုဖယ်ရှားသောနည်း( Dermabrasion )

4)       Laserအသုံးပြု၍ ကုသသောနည်း( Laser Resurfacing)

5)       အလင်းရောင်ဖြင့်ကုသသောနည်း (Light Therapy)

6)       အမာရွတ်ကိုဖယ်ထုတ်ပြီးအရေပြားအစားထိုးသောခွဲစိတ်ကုသမှု (Skin Surgery)

အိမ်တွင်းကုထုံး

1)   ၀က်ခြံပေါက်သူတွေအနေဖြင့် အရေပြားကို အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ အရမ်းပြင်းလွန်းသော မျက်နှာသစ်ဆေးများကို ရှောင်ကြဉ်ပါ။

2)    Benzoyl peroxide ပါ၀င်သောအလှကုန်များကိုရွေးချယ်သုံးစွဲပါ။

3)   အဆီဓာတ် ပါ၀င်မှုများသော အလှကုန်များကိုရှောင်ရှားပါ။

4)   ရေဓါတ်ကိုအခြေခံထားသော နေလောင်ကာခရင်မ်များက ၀က်ခြံပေါက်သူတွေ အတွက်သင့်လျော် ပါတယ်။

5)   ၀က်ခြံကိုညှစ်ခြင်း၊ လက်ဖြင့်ဆိတ်ခြင်းတို့ကိုရှောင်ကြဉ်ပါ။

6)   Tea tree-oil, zinc, Green tea extract, Alphahydroxy Acidနဲ့ ရှားစောင်းလက်ပတ်ပါ၀င်တဲ့ အလှကုန်ပစ္စည်းတွေကလည်း ၀က်ခြံကိုသက်သာလျော့ပါးစေပါတယ်။

ကာကွယ်မှု

        ၀က်ခြံပေါက်ခြင်းမှ ကာကွယ်နိုင်အောင် အောက်ပါနည်းလမ်းများကိုလိုက်နာဆောင်ရွက်သင့်ပါတယ်။

1)   မျက်နှာကိုအပျော့စားမျက်နှာသစ်ဆေးဖြင့် တစ်နေ့ ၂ ကြိမ်သန့်စင်ပါ။

2)   Benzoyl peroxide (သို့) Salicyclic Acid ပါ၀င်သော အလှကုန်များကိုရွေးချယ်သုံးစွဲပါ။

3)   ရေဓါတ်အခြေခံထားသောအလှကုန်များကိုသာသုံးစွဲပါ။

4)   အိပ်ရာမ၀င်ခင် မိတ်ကပ်ဖျက်ပြီးမှ အိပ်ရာ၀င်ပါ။

5)   ၀က်ခြံပေါက်သောနေရာကိုလက်ဖြင့်စိတ်ခြင်း၊ ညှစ်ခြင်းတို့ကိုရှောင်ကြဉ်ပါ။

www.drmyanmar.com