Analgesics / Antipyretics (အကိုက်အခဲပျောက်ဆေး၊ ကိုယ်ပူကျဆေး)
I. Analgesics / Antipyretics (အကိုက်အခဲပျောက်ဆေး၊ ကိုယ်ပူကျဆေး)
ဥပမာ - Acetaminophen (Paracetamol)
Acetaminophen ဆေးက အအေးမိခြင်း၊ ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာခြင်း၊ သွားကိုက်ခြင်း၊ ကျောနာခြင်း၊ ခါးနာခြင်း၊ ဇက်နာခြင်း၊ ပေါင်နောက်နာခြင်း၊ ရာသီလာစဉ်နာခြင်း၊ အဆစ်အမြစ် ရောင်၍နာခြင်း စတဲ့ အပျော့စားနာကျင်ခြင်းမှ အလယ်အလတ်စား နာကျင်ခြင်းတို့အထိ သက်သာပျောက်ကင်းစေပါတယ်။
ဓာတ်ပြု ခြင်း
အရက်
Acetaminophen ရဲ့ ဘေးထွက်ဆိုးကျိုးက အသည်းကို ပျက်စီးစေပါတယ်။ ဒါကြောင့် နေ့စဉ် အရက် ၃ ခွက်နဲ့အထက် သောက်သူတွေမှာ ဒီဆေးကိုအသုံးပြုရင် အသည်းကို ဆိုးဆိုးရွားရွား ထိခိုက်သွားစေနိုင်ပါတယ်။
II. Narcotic Analgesics (မူးယစ်စွဲလန်းစေသောအကိုက်အခဲပျောက်ဆေး)
ဥပမာ 1. Codeine + Acetaminophen
2. Hydrocodone + Acetaminophen
3. Meperidine
4. Morphine
5. Oxycodone + Acetaminophen
Narcotic Analgesicsဆေးတွေကို အလယ်အလတ်မှ အပြင်းစားနာကျင်ခြင်းအထိ အသုံးပြုနိုင် ပါတယ်။ နောက်ပြီးဒီဆေးတွေက စွဲသွားစေတတ်တဲ့အတွက် ဆရာ၀န်ညွှန်ကြားတဲ့အတိုင်း အတိအကျ လိုက်နာသောက်သုံးဖို့လိုအပ်ပါတယ်။ မှန်မှန်ကန်ကန်အသုံးမပြုဘူးဆိုရင် ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးများနဲ့ ကြုံရနိုင်ပါတယ်။
ဓာတ်ပြု ခြင်း
အရက်
Narcotic Analgesics တွေကို သောက်သုံးနေစဉ်ကာလအတွင်း အရက်ကို ရှောင်ကြဉ်ထားရပါမယ်။ အရက်မရှောင်ပါက အန္တရာယ်ရှိသော ဘေးထွက်ဆိုးကျိုးများဖြစ်သည့် သတိမေ့မျောခြင်း (Coma)နှင့် သေဆုံးခြင်း တို့အထိပါ ကြုံတွေ့ရနိုင်ပါတယ်။
III. NSAID (စတီးရွိက်မဟုတ်သော အကိုက်အခဲပျောက်၊ အရောင်ကျဆေး)
ဥပမာ 1. Aspirin
2. Celecoxib
3. Diclofenac
4. Ibuprofen
5. Ketoprofen
6. Naproxen
NSAID ဆေးတွေက ဖျားနာခြင်း၊ ကိုက်ခဲခြင်း၊ ရောင်ရမ်းခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာခြင်း၊ သွားနာခြင်း၊ နောက်ကျောနာခြင်း၊ ခါးနာခြင်း၊ ဇက်နာခြင်း၊ ပေါင်နောက်ပိုင်းနာခြင်း၊ ရာသီလာစဉ်နာခြင်း၊ အဆစ်အမြစ်ရောင်၍နာခြင်း အစရှိတဲ့ အပျော့စားနာကျင်ခြင်းများနှင့် အသက်အရွယ်ကြီးရင့်လာသူများတွင် အဖြစ်များသော အဆစ်အမြစ်ရောင်ရောဂါ (Osteoarthritis) တို့ကို သက်သာစေပါတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ အစာအိမ်သွေးယိုတတ်ပါတယ်။
ဓာတ်ပြု ခြင်း
(1) အစားအသောက်
NSAID ဆေးတွေသောက်လို့ ဗိုက်နာ၊ ဗိုက်အောင့်ဖြစ်တတ်ရင် အစားအစာ (သို့) နွားနို့နှင့် တွဲဖက်သောက်သုံးနိုင်ပါတယ်။
(2) အရက်
NSAID ဆေးတွေက ဘေးထွက်ဆိုးကျိုးအနေနဲ့ အစာအိမ်နာတတ်ပါတယ်။ ဒါ့ကြောင့် နေ့စဉ် အရက် ၃ ခွက်နဲ့အထက် သောက်သူတွေမှာ ဒီဆေးတွေကိုအသုံးပြုရင် အစာအိမ်သွေးယိုစီးနိုင်တဲ့အခွင့်အရေး ပိုများလာစေနိုင်ပါတယ်။





























