/
news/တွဲဖက်မသောက်သုံး-သင့်သောအစား-အသောက်နှင့်ဆေးဝါးများ/antibacterials-ဘက်တီးရီးယားပိုးသတ်ဆေးများ

Antibacterials (ဘက်တီးရီးယားပိုးသတ်ဆေးများ)

Category
တွဲဖက်မသောက်သုံး သင့်သောအစား အသောက်နှင့်ဆေးဝါးများ

I. Metronidazole Antibacterials (Metronidazole ဘက်တီးရီးယားပိုးသတ်ဆေးများ)

        ဥပမာ    -       Metronidazole

        Metronidazole ပဋိဇီ၀ပိုးသတ်ဆေးများက ဘက်တီးရီးယားပိုးနဲ့ ကပ်ပါးပိုးကြောင့်ဖြစ်တဲ့ ရောဂါပိုးတွေကို သုတ်သင်ရှင်းလင်းပေးပါတယ်။

ဓာတ်ပြု ခြင်း

အရက်

        Metronidazole သောက်နေစဉ်အတွင်း အရက်ရှောင်ထားရပါမယ်။ သောက် မယ်ဆိုရင်တောင် ကုထုံးအပြီး အနည်းဆုံး တစ်ရက်တိတိနားပြီးမှသာ သောက်ရပါမယ်။ အရက်မရှောင်ခဲ့ရင် ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဗိုက်နာခြင်း၊ မျက်နှာနီရဲခြင်းစတဲ့ ဘေးထွက်ဆိုးကျိုး တွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။

 

II. Oxazolidinone Antibacterials ( Oxazolidinone ဘက်တီးရီးယားပိုးသတ်ဆေးများ )

        ဥပမာ    -       Linezolid

        Oxazolidinone ပဋိဇီ၀ပိုးသတ်ဆေးများက ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ ရောဂါပိုးတွေကို သုတ်သင်ရှင်းလင်းပေးပါတယ်။ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ရောဂါပိုးတွေကိုတော့ မကုသနိုင်ပါဘူး။

ဓာတ်ပြု ခြင်း      

(1) အစားအသောက်

        Linezoid ဆေးအသုံးပြုစဉ်အတွင်း Tyramine ပါ၀င်မှုများတဲ့ အစားအသောက်တွေ အလွန်အကျွံ စားသုံးခြင်းကို ရှောင်ကြဉ်ရပါမယ်။ Tyramine ပမာဏ အလွန်မြင့်မားလာရင် သွေးပေါင်ရုတ်တရက်တက်လာပြီး အသက်အန္တရာယ်စိုးရိမ်ရနိုင်ပါတယ်။

        Tyramine ပါ၀င်သောအစားအသောက်များ

        အစားအသောက်တွေ ပုပ်သိုးနေရင်၊ ရေခဲသေတ္တာထဲ ထည့်သိမ်းရမယ့် ပစ္စည်းမျိုးတွေကို မထည့်ထားမိရင်၊ သက်တမ်း လွန်နေရင်၊ ဆားစိမ်ထားရင်၊ အချဉ်ဖောက်ထားရင်၊ မီးခိုးကျပ်တိုက်လုပ်ထားရင် Tyramine ဓာတ် ပါ၀င်နိုင်ပါတယ်။ ဥပမာအနေနဲ့

-      ချိစ်များ၊ အထူးသဖြင့် အနံ့အရသာပြင်းသော၊ သက်တမ်းလွန်နေသော ချိစ်များ၊ ဒိန်ချဉ်၊ ဟင်းချက်ရာတွင်သုံးသော ဒိန်ချဉ်

-      ကြက်အသည်း၊ အမဲအသည်း၊ ၀က်အူချောင်း၊ ကြက်အူချောင်း၊ ငါးဥဆားနယ်၊ အခြောက်ခံထားသော (သို့) ဆားစိမ်ထားသော ငါးသလောက်၊ ငါးပါးနီ၊ အသားမှထွက်သော အဆီအနှစ်များ ( အမဲဆီ၊ ၀က်ဆီ)၊ ထုထောင်းထားသော အသားများ

-      ထောပတ်သီး၊ ငှက်ပျောသီး၊ သဖန်းသီး စည်သွပ်ဘူး၊ အခြောက်ခံထား သောအသီးအနှံများ၊ အမှည့်လွန် အသီးများ၊ ရက်စ်ဘယ်ရီသီး (Raspberries)၊ ပဲပိစပ်၊ ပဲပိစပ်ဆီ၊ ဘီယာတွင်ပါ၀င်သော တစေး။

-      ပဲတောင့်ပင်

-      အလွန်အမင်းများပြားသော ချော့ကလက်ပမာဏ

 (2) ကဖင်းဓာတ်

                        ကဖင်းဓာတ်ပါ၀င်တဲ့ အစားအသောက်(ဥပမာ-ကော်ဖီ၊လက်ဖက်ရည်၊ အချို့အားဖြည့် အချိုရည်၊ ချော့ကလက်) တွေမှာ Tyramine ပါ၀င်ပါတယ်။ ဒါကြောင့် Linezolid ကို သောက်နေစဉ် ကာလအတွင်း ကဖင်းဓာတ်ကို ရှောင်သင့်သလား၊ လျှော့သောက်သင့်သလား ဆိုတာ ဆရာ၀န်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

(3) အရက်

              အယ်(လ)ကိုဟောပါ၀င်တဲ့ အဖျော်ယမကာ ( ဥပမာ-စည်ဘီယာ၊ ၀ိုင်အပြင်းစား (Sherry)၊ အနီရောင်၀ိုင် ) တော်တော်များများမှာ Tyramine ပါနေလို့ Linezolid သောက်နေစဉ် အတွင်း လုံး၀ရှောင်ကြဉ်ထားရပါမယ်။  ဒါ့အပြင် အယ်(လ)ကိုဟောမပါ၀င်တဲ့ (သို့) အယ်(လ်)ကိုဟောလျှော့ထားတဲ့ ဘီယာတွေမှာလည်း Tyramine ဓာတ်ပါ၀င်နေတဲ့အတွက် ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။

 

III. Quinolone Antibacterials (Quinolone ဘက်တီးရီးယားပိုးသတ်ဆေးများ)

        ဥပမာ   1.       Ciprofloxacin

                   2.       Levofloxacin

                   3.       Moxifloxacin

        Quinolone အုပ်စု၀င် ပဋိဇီ၀ပိုးသတ်ဆေးများက ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ ရောဂါပိုးတွေကို သုတ်သင်ရှင်းလင်းပေးပါတယ်။ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ရောဂါပိုးတွေကိုတော့ မကုသနိုင်ပါဘူး။

ဓာတ်ပြု ခြင်း

(1) အစားအသောက်

-       Ciprofloxacin နဲ့ Moxifloxacin ဆေးတွေကို အစာမစားမီပဲဖြစ်ဖြစ်၊ အစာ စားပြီးချိန်မှာ ပဲဖြစ်ဖြစ် သောက်သုံးနိုင်ပါတယ်။

        Ciprofloxacin ကို နွားနို့နဲဒိန်ချဉ်၊ ကယ်လ်စီယမ်ဓာတ်ဖြည့်စွက်ထားတဲ့ ဖျော်ရည်များနဲ့အတူတူတစ်ခါတည်းတွဲပြီး မသောက်ရပါဘူး။ ဒါပေမဲ့ အဆိုပါပစ္စည်းတွေပါ၀င်တဲ့ အစားအသောက်တွေနဲ့တော့ တွဲသောက်နိုင်ပါတယ်။( ဥပမာ- ကိတ်မုန့်၊ ပေါင်မုန့်)

-        Levofloxacin ဆေးတောင့်ကိုလည်း အစာမစားမီပဲဖြစ်ဖြစ်၊ အစာစားပြီးပဲဖြစ်ဖြစ် သောက်နိုင်ပါတယ်။ ဒါပေမဲ့ Levofloxacin သောက်ဆေးရည်ကိုတော့ အစာမစားမီ တစ်နာရီကြိုပြီး (သို့) အစာစားပြီး နှစ်နာရီကြာပြီးမှ သောက်သုံး ရပါမယ်။                        

(2) ကဖင်းဓာတ်

        ကဖင်းဓာတ်ပါ၀င်တဲ့ အစားအသောက်(ဥပမာ-ကော်ဖီ၊လက်ဖက်ရည်၊ အချို့အားဖြည့် အချိုရည်၊ ချော့ကလက်) တွေနဲ့ Ciprofloxacin ကို အတူတွဲသောက်ရင် ခန္ဓာကိုယ်ထဲမှာ ကဖင်းဓာတ်တွေ ပိုမိုစုပုံလာစေတဲ့အတွက်  ဆရာ၀န်ရဲ့လမ်းညွှန်မှုအတိုင်း သောက်သုံးသင့်ပါတယ်။

 

IV. Tetracycline Antibacterials (Tetracycline အုပ်စု၀င်ဘက်တီးရီးယားပိုးသတ်ဆေးများ)

        ဥပမာ   1.       Doxycycline

                   2.       Minocycline

                   3.       Tetracycline

        Tetracycline အုပ်စု၀င် ပဋိဇီ၀ပိုးသတ်ဆေးများက ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ ရောဂါပိုး တွေကို သုတ်သင်ရှင်းလင်းပေးပါတယ်။ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ရောဂါပိုးတွေကိုတော့ မကုသနိုင်ပါဘူး။

 

ဓာတ်ပြု ခြင်း

အစားအသောက်

        Tetracycline အုပ်စု၀င်တွေကို အစာမစားမီ ၁ နာရီကြိုပြီး (သို့) စားပြီး ၂ နာရီအကြာ မှာ ရေတစ်ဖန်ခွက်အပြည့်နဲ့ သောက်ရပါမယ်။ တကယ်လို့ ဒီဆေးတွေကြောင့် ဗိုက်နာ၊ ဗိုက်အောင့် ဖြစ်တယ် ဆိုရင်တော့ အစာနဲ့တွဲသောက်နိုင်ပါတယ်။ ဒါပေမဲ့ နို့နဲ့နို့ထွက်ပစ္စည်း (ဥပမာ နို့၊ ချိစ်၊ ဒိန်ချဉ်၊ ရေခဲမုန့်) တွေ စားမယ်ဆိုရင်တော့ ဆေးကို ၁ နာရီကြိုပြီး (သို့) ၂ နာရီကြာပြီးမှ သောက်သုံးပါ။

        Minocycline နဲ့ တချို့ Doxycycline ဆေးအမျိုးအစားတွေကြောင့် အစာအိမ်နာတတ်ရင် နွားနို့နဲ့အတူ တွဲသောက်နိုင်ပါတယ်။

 

တွဲဖက်မသုံးစွဲသင့်သည်များ