Antimycobacterials (TB ရောဂါကုဆေး)
ဥပမာ 1. Ethambutol
2. Isoniazid
3. Rifampin
4. Rifampin + Isoniazid
5. Rifampin + Isoniazid + Pyrazinamide
ဒီဆေးတွေက Mycobacteria (တုတ်တံပုံရှိသော ဘက်တီးရီးယား) တွေကြောင့်ဖြစ်တဲ့ ရောဂါပိုး (ဥပမာ - TB ၊ အနာကြီးရောဂါ) တို့ကို သုတ်သင်ရှင်းလင်း ပေးပါတယ်။
ဓာတ်ပြု ခြင်း
(1) အစားအသောက်
ဥပမာပြထားတဲ့ထဲက Ethambutol ဆေးတစ်မျိုးကို အစာရှိရှိ၊ မရှိရှိသောက်သုံးနိုင်ပါတယ်။ ကျန်တဲ့ဆေးတွေကိုတော့ အစာမစားမီ ၁ နာရီကြိုပြီး (သို့) စားပြီး ၂ နာရီအကြာမှ ရေ ၁ ဖန်ခွက် အပြည့်ဖြင့် သောက်သုံးရပါမယ်။
Isoniazid ပါ၀င်တဲ့ဆေးတွေကို သောက်မယ်ဆိုရင် Tyramine ဓာတ်နဲ့ Histamine ဓာတ်တွေ များတဲ့အစားအသောက်တွေစားတာကို ရှောင်ကြဉ်ဖို့လိုပါတယ်။ Tyramine ပမာဏ အလွန်အမင်း များသွားရင် သွေးပေါင်ရုတ်တရက်တက်လာပြီး အသက်အန္တရာယ် စိုးရိမ်ရနိုင်ပါ တယ်။Histamine ပမာဏတွေ အရမ်းများလာရင်တော့ ခေါင်းကိုက်ခြင်း၊ ချေွးထွက်များခြင်း၊ ရင်တုန်ခြင်း၊ မျက်နှာနီမြန်းခြင်း၊ သွေးပေါင်ကျခြင်း စတာတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် ဆရာ၀န်ညွှန်ကြားချက်အတိုင်း ဂရုတစိုက် လိုက်နာသောက်သုံး သင့်ပါတယ်။
Tyramine ပါ၀င်သောအစားအသောက်များ
အစားအသောက်တွေ ပုပ်သိုးနေရင်၊ ရေခဲသေတ္တာထဲ ထည့်သိမ်းရမယ့် ပစ္စည်းမျိုးတွေကို မထည့်ထားမိရင်၊ သက်တမ်း လွန်နေရင်၊ ဆားစိမ်ထားရင်၊ အချဉ်ဖောက်ထားရင်၊ မီးခိုးကျပ်တိုက်လုပ်ထားရင် Tyramine ဓာတ် ပါ၀င်နိုင်ပါတယ်။ ဥပမာအနေနဲ့
- ချိစ်များ၊ အထူးသဖြင့် အနံ့အရသာပြင်းသော၊ သက်တမ်းလွန်နေသော ချိစ်များ၊ ဒိန်ချဉ်၊ ဟင်းချက်ရာတွင်သုံးသော ဒိန်ချဉ်
- ကြက်အသည်း၊ အမဲအသည်း၊ ၀က်အူချောင်း၊ ကြက်အူချောင်း၊ ငါးဥဆားနယ်၊ အခြောက်ခံထားသော (သို့) ဆားစိမ်ထားသော ငါးသလောက်၊ ငါးပါးနီ၊ အသားမှထွက်သော အဆီအနှစ်များ ( အမဲဆီ၊ ၀က်ဆီ)၊ ထုထောင်းထားသော အသားများ
- ထောပတ်သီး၊ ငှက်ပျောသီး၊ သဖန်းသီး စည်သွပ်ဘူး၊ အခြောက်ခံထား သောအသီးအနှံများ၊ အမှည့်လွန် အသီးများ၊ ရက်စ်ဘယ်ရီသီး (Raspberries)၊ ပဲပိစပ်၊ ပဲပိစပ်ဆီ၊ ဘီယာတွင်ပါ၀င်သော တစေး။
- ပဲတောင့်ပင်
- အလွန်အမင်းများပြားသော ချော့ကလက်ပမာဏ
Histamine ပါ၀င်သော အစားအသောက်များ
- တူနာငါးနှင့် အခြားအပူပိုင်းဒေသထွက်ငါးများ
(2) ကဖင်းဓာတ်
ကဖင်းဓာတ်ပါ၀င်တဲ့ အစားအသောက်(ဥပမာ-ကော်ဖီ၊လက်ဖက်ရည်၊ အချို့အားဖြည့် အချိုရည်၊ ချော့ကလက်) တွေမှာ Tyramine ပါ၀င်ပါတယ်။ ဒါကြောင့် Isoniazid ကို သောက်နေစဉ်ကာလအတွင်း ကဖင်းဓာတ်ကို ရှောင်သင့်သလား၊ လျှော့သောက်သင့်သလားဆိုတာ ဆရာ၀န်နဲ့တိုင်ပင် ဆွေးနွေးသင့်ပါတယ်။
(3) အရက်
အယ်(လ)ကိုဟောပါ၀င်တဲ့ အဖျော်ယမကာ ( ဥပမာ-စည်ဘီယာ၊ ၀ိုင်အပြင်းစား (Sherry)၊ အနီရောင်၀ိုင် ) တော်တော်များများမှာ Tyramine ပါနေလို့ Isoniazid သောက်နေစဉ် အတွင်း လုံး၀ရှောင်ကြဉ်ထားရပါမယ်။ ဒါ့အပြင် အယ်(လ)ကိုဟောမပါ၀င်တဲ့ (သို့) အယ်(လ်)ကိုဟောလျှော့ထားတဲ့ ဘီယာတွေမှာလည်း Tyramine ဓာတ်ပါ၀င်နေတဲ့အတွက် ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။
Isoniazid သောက်သုံးနေစဉ်ကာလအတွင်း အရက်ကိုမရှောင်ဘဲ နေ့စဉ်သောက်သုံး သွားပါက ဆေးကြောင့်ဖြစ်သော အသည်းရောင်ရောဂါ ဖြစ်နိုင်ခြေပိုများသွားနိုင်ပါတယ်။