ကိုယ်အလေးချိန် ၁၆၇ ပေါင်ကျသွားသော ဇနီးမောင်နှံနှစ်ဦး
ကျွန်တော့နာမည်က Robert Foster ဖြစ်ပြီး သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘ၀လေးကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။ 2011 ခုနှစ်မှာ ကျွန်တော့်ဇနီး Jessica အနေနဲ့ ကိုယ်အလေးချိန် 287 ပေါင် တိုးလာပြီး ကျွန်တော်ကတော့ ဇနီးသည်ကိုယ်အလေးချိန်ထက် ပေါင် 50 ထပ်တိုးကာ ပေါင်ချိန် 300 ကျော်သွားတဲ့အထိ အလွန်အမင်း၀သူ တစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဇနီးသည်ရော ကျွန်တော်ပါ အ၀လွန်လာပြီး နောက်ပိုင်း စိတ်သွားတိုင်းကိုယ်မပါဖြစ်ခဲ့ရတဲ့အပြင် သမီးလေး လေးယောက်ရဲ့ လိုအင်ဆန္ဒတွေကို အပြည့်အ၀ ဖြည့်ဆည်းပေးနိုင်ခွင့်မရှိတော့တဲ့အတွက် နှစ်ဦးသားတိုင်ပင်ပြီး ကိုယ်အလေးချိန်လျော့ချခြင်း လုပ်ငန်းစဉ်ကို စတင်အကောင်အထည်ဖော်ခဲ့ရာ နှစ်နှစ်အကြာမှာ ကိုယ်အလေးချိန် အသီးသီးလျော့ကျ သွားကြတာကြောင့် ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘ၀လေးကို ယနေ့အချိန်ထိ ဆက်လက်ပိုင်ဆိုင်ခွင့် ရနေခြင်းဖြစ်ပါတယ်။
စိတ်ခံစားချက်၏ ဆွဲငင်ရာမှသည် အနာဂတ်ခရီးလမ်းဆီ
BBQ၊ အမဲသားတို့ကိုသာ အဓိကထားစားသုံးခဲ့ပြီး ဟင်းသီးဟင်းရွက်စားသုံးဖို့ ၀န်လေးခဲ့တဲ့ ကျွန်တော့်အနေနဲ့ အကျႌဆိုဒ်အကြီးဆုံးတွေကိုသာ ရွေးချယ်၀တ်ဆင်ခဲ့ရပါတယ်။ သမီးလေးတွေနဲ့အတူ ကစားကွင်းကို အလည်အပတ်သွားတဲ့အခါမှာလည်း အတူတူမြူးကြွပျော်ရွှင်ပေးရမယ့်အစား ခန္ဓာကိုယ် တစ်ကိုယ်လုံးလေးလံ ထိုင်းမှိုင်းနေကာ အလွန်မောဟိုက်နေခြင်းနဲ့အတူ စားစရာခြင်းတောင်းလေးကိုတောင် သယ်ဆောင်နိုင်ခြင်းမရှိတဲ့ ဖခင်တစ်ယောက်အဖြစ်နဲ့ မိမိကိုယ်မိမိ စိတ်အလိုမကျဖြစ်ရပါတယ်။ ကျွန်တော့်ဇနီးသည်အနေနဲ့ ကျွန်တော့်လောက် ကိုယ်အလေးချိန်မများပေမယ့် ဆီကြော်မုန့်တွေ၊ အဆီအအိမ့်စာတွေကို စွဲလမ်းနှစ်ခြိုက်လွန်းတာကြောင့် 287 ပေါင်ရှိတဲ့အ၀လွန်သူတစ်ယောက် ဖြစ်လာခဲ့ပြီး မိသားစုရဲ့တာ၀န်၀တ္တရားတွေကို လစ်ဟင်းနေသူတစ်ယောက်အဖြစ် ဘ၀ကိုရှေ့ဆက်လျှောက်လှမ်းရမှာ စိုးရွံ့လာကြောင်း ကျွန်တော်ကို ဖွင့်ဟ၀န်ခံခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဇနီးမောင်နှံနှစ်ဦး တိုင်ပင်ပြီး ဒီလိုအ၀လွန်နေတာကို စိတ်သောကရောက်နေမယ့်အစား ကိုယ်အလေးချိန်လျော့ကျအောင် ပြုလုပ်ခြင်းက ကျွန်တော်တို့ရဲ့လိုအင်တွေကို တနေ့နေ့ တချိန်မှာ ဖြည့်ဆည်းပေးနိုင်မှာပဲဆိုတဲ့ ယုံကြည်ချက်နဲ့ ကိုယ်အလေးချိန်လျှော့ချဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။
အားအင်သစ်များနှင့်အတူ လျှောက်လှမ်းခဲ့သော ဘ၀ခရီးလမ်းမှတ်တိုင်များ
ဇနီးသည်က သူမဆုံးဖြတ်ချက်ခိုင်မာကြောင်း သက်သေပြတာနဲ့ အညီအားကစားခန်းကို တစ်ပတ် 3 ရက်သွားရောက်ခဲ့တာကြောင့် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ 14 ပေါင် ကျသွားခဲ့ပါတယ်။ ဒါဟာ သူမ ရှေ့ဆက်လုပ်ဆောင်ရမယ့် ကိုယ်အလေးချိန်လျှော့ချခြင်း လုပ်ငန်းစဉ်အတွက် အားအင်တစ်ခုဖြစ်ခဲ့ပါ တယ်။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ သူမရဲ့စံနှုန်းကို ပြည့်မီအောင်တော့မလိုက်နိုင်ခဲ့ပါဘူး။ အကြောင်းရင်းအနေနဲ့ ကျွန်တော့်ကိုယ်အလေးချိန်ကြောင့် ပြေးတာဟာဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတဲ့ အတွေးက ၀င်ရောက်လာခဲ့ပြီး တင်းနစ်ကစားခြင်း၊ ညစာလွတ်ထားခြင်းတို့ဖြင့် ကိုယ်အလေးချိန်လျှော့ချတဲ့ အစီအစဉ်ကို စတင်ခဲ့ပါတယ်။ လေ့ကျင့်ခန်းလုပ်နေသလို ခံစားမှုမျိုးမဟုတ်တဲ့ ကိုယ်ကာယ လှုပ်ရှားမှုတွေဖြစ်တဲ့ ခြေလျင်ခရီးထွက်ခြင်း၊ သူငယ်ချင်းတွေ၊ သမီးလေးတွေနဲ့အတူ အပန်းဖြေရေကူးခြင်းတို့ကို 2012 ခုနှစ် နွေရာသီမှာ ကျွန်တော်တို့ဇနီး မောင်နှံနှစ်ဦးစလုံး ထပ်တိုး လုပ်ဆောင်ဖြစ်ခဲ့ပါတယ်။ ဒီလို အနားယူအပန်းဖြေသလိုလည်းဖြစ်၊ ကိုယ်လက်လှုပ်ရှားမှုလည်းဖြစ်စေတဲ့ လုပ်ဆောင်မှုမျိုးဟာ ကျွန်တော်တို့ကို ရှေ့ဆက်တက်လှမ်းလိုတဲ့စိတ်ကို ပေးစွမ်းခဲ့ပါတယ်။ ဒီဇင်ဘာလမှာ ကျင်းပတဲ့ 5 ကီလိုမီတာအပြေးပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ရာ ဇနီးသည်က ကျွန်တော့်ထက် သာလွန်သွားပြီး ကျွန်တော့်အနေနဲ့ကတော့ လမ်းလျှောက်နှုန်းနဲ့သာ ပါ၀င်ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ အဲဒီနေ့ကစပြီး ပြိုင်ပွဲမှာ အောင်နိုင်လိုတဲ့စိတ်တွေ ရှင်သန်လာကာ နောက်တစ်ကြိမ် 5 ကီလိုမီတာ အပြေးပြိုင်ပွဲမှာ အောင်နိုင်သူ ဖြစ်ရမယ်လို့ရည်ရွယ်ပြီး အပြေးလေးကျင့်ခဲ့ပါတယ်။ လအနည်းငယ်ကြာပြီးနောက်မှာ 10 မိုင်ပြေးရတဲ့ အပြေးပြိုင်ပွဲမှာပါ၀င်ခဲ့ပြီး 2014 ခုနှစ် မေလမှာ ကျင်းပတဲ့ မာရသွန်အပြေးပြိုင်ပွဲမှာ ပါ၀င်ယှဉ်ပြိုင်ခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ ကျွန်တော်ဟာ ကိုယ်အလေးချိန် 160 ပေါင်သာရှိပါတော့တယ်။
အောင်မြင်မှုများနှင့် ေ၀ဆာနေသောနေ့ရက်များ
ကိုယ်အလေးချိန်လျှော့ချနေစဉ်တလျှောက်လုံးမှာ Calorie Counting App ကိုအသုံးပြုပြီး အစားအစာတွေကို ကျန်းမာရေးနဲ့ညီညွတ်စွာ စားသောက်ခဲ့ကြပြီး အရင်ကစားသောက်နေကျ အစားအသောက်တွေအစား ဟင်းသီးဟင်းရွက်၊ သစ်သီး၀လံ၊ အဆီနည်းအသားတို့ကို ပြောင်းလဲ စားသောက်ခဲ့ပါတယ်။ အ၀လွန်သူ မိဘနှစ်ပါးရဲ့ လမ်းစဉ်အတိုင်း ထပ်တူထပ်မျှလိုက်ကြမှာစိုးတာကြောင့် သမီးလေးတွေကို အာဟာရဖြစ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်စေမယ့် အစားအစာတွေကိုသာ ရွေးချယ်စားသောက်စေခဲ့ပါတယ်။ ကျွန်တော်တို့ ဇနီးမောင်နှံနှစ်ဦးစလုံးအနေနဲ့ ကိုယ်အလေးချိန် 167 ပေါင်ကျသွားကြပြီး တချိန်က မျှော်မှန်းခဲ့တဲ့ နေ့ရက်ကို အရောက်လှမ်းနိုင်ခဲ့ပါပြီ။ အရင်က ဘဏ်မန်နေဂျာတစ်ယောက်ဖြစ်ခဲ့တဲ့ ကျွန်တော့်အနေနဲ့ ဇီ၀ကမ္မဗေဒဆိုင်ရာ ဘာသာရပ်ကို ဆက်လက်လေ့လာနေပြီး ကျွန်တော့်အမျိုးသမီးကတော့ အရင်လုပ်ခဲ့တဲ့ဘဏ်မှာပဲ ပြန်ပြီးအလုပ်၀င်နေပါပြီ။
ကြိုးစားခြင်း၏ တုံ့ပြန်မှုရလဒ်
ကျွန်တော်တို့ဇနီးမောင်နှံနှစ်ဦးစလုံးအနေနဲ့ ခိုင်မာသောဆုံးဖြတ်ချက်၊ မဆုတ်မနစ်သော ဇွဲလုံ့လတို့နဲ့ အတူ ကိုယ်အလေးချိန်လျော့ချခြင်းခရီးစဉ်ကို လျှောက်လှမ်းခဲ့တာကြောင့် ယခုလို ကျန်းမာပျော်ရွှင်တဲ့မိသားစု ဘ၀လေးကို ရရှိပိုင်ဆိုင်နိုင်တာပါ။ ကျွန်တော်အကြံပြုလိုတာက မိမိကိုယ်ကို စိတ်ပျက်အားငယ်ပြီး အချိန်နာရီ နေ့ရက်တွေကို ဖြတ်သန်းနေမယ့်အစား မိမိဖြစ်လိုတဲ့ဆန္ဒကို အထမြောက်အောင် ဆောင်ရွက်ခြင်း က မျှော်လင့်ထားတဲ့ပန်းတိုင်ကို တနေ့နေ့တချိန်ချိန်မှာ မလွဲဧကန်ရောက်ရှိနိုင်မှာပါ။ ပြတ်သားခိုင်မာသော ဆုံးဖြတ်ချက်မယိုင် လဲသောစိတ်ဓာတ်နဲ့အတူ အောင်မြင်မှုကို ဆွတ်ခူးနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
CMS