/
news/အောင်မြင်စွာ-၀ိတ်ချ-နိုင်သူများ/ကျန်းမာရေးကို-အထူးအလေးပေးဂရုစိုက်ပြီး-ပေါင်-150-ကျော်

ကျန်းမာရေးကို အထူးအလေးပေးဂရုစိုက်ပြီး ပေါင် 150 ကျော် လျှော့ချနိုင်ခဲ့သူ

Category
အောင်မြင်စွာ ၀ိတ်ချ နိုင်သူများ

        ဘ၀တစ်ဆစ်ချိုးပြောင်းလဲသွားတယ်ဆိုတာ အလွယ်တကူဖြစ်လာတဲ့ကိစ္စမဟုတ်ပါဘူး။ ဒါပေမယ့် Tabitha Antoniak ဆိုတဲ့ ကျွန်မအတွက်တော့ လွယ်လွယ်ကူကူပဲ ဖြစ်လာတဲ့ဘ၀ အလှည့်အပြောင်းလို့ဆိုလို့ ရပါတယ်။ သူများတွေလိုဆင်းရဲတဲ့ဘ၀က ချမ်းသာတဲ့ဘ၀ကို ပြောင်းသွားတာမဟုတ်တဲ့အတွက် ဘ၀ဆိုတဲ့စကားလုံးနဲ့ တင်စားထားတာဟာ ကြီးကျယ်လွန်းသွားတယ်လို့ အများအမြင်မှာထင်နိုင်ပေမယ့် 2006 ခုနှစ်မှာ multiple sclerosis (နာတာရှည်နာဗ်ကြောဖွဲ့ရောဂါ) ခံစားခဲ့ရပြီး 2 နှစ်အကြာမှာ အိမ်ထောင်ကွဲဖြစ်ပြီးနောက် ပေါင်ချိန် 295 ပေါင်အထိ မချိမဆန့်၀လာတဲ့အဖြစ်ဟာ ကျွန်မဘ၀မှာ ကံဆိုးမိုးမှောင်ကျတဲ့အချိန် ဖြစ်တာကြောင့် ကျွန်မ Tabitha Antoniak အတွက်တော့ ဘ၀တစ်ဆစ်ချိုး ပြောင်းလဲတယ်ဆိုတဲ့ စကားလုံးက အင်မတန် အဓိပ္ပါယ်ရှိပါတယ်။ အခုချိန်မှာတော့ ကျွန်မအနေနဲ့ ကျန်းမာရေးဒေါင်ဒေါင်မြည်နေတဲ့ အသက် 34 နှစ် အရွယ်အမျိုးသမီးတစ်ဦးပေါ့။ ကျွန်မဘာကြောင့် ဒီလောက်ပေါင်ချိန်အထိတက်လာရသလဲ၊ ပြီးတော့ယခုအချိန်မှာ ကျွန်မပိုင်ဆိုင်ခွင့်ရထားတဲ့ ပေါင်ချိန် 130 ရအောင် ဘယ်လိုကြိုးစားခဲ့ရသလဲဆိုတာနဲ့ပတ်သက်ပြီး အ၀လွန်နေလို့ စိတ်နှလုံးမချမ်းမြေ့၊ စိတ်အားလျှော့ထားသူတွေအတွက် တစ်ဖက်တစ်လမ်းမှ စိတ်အားလှုံ့ဆော်ပေးရာရောက်စေလိုတဲ့ ဆန္ဒနဲ့ဒီဆောင်းပါးလေးကို ရေးသားခြင်းဖြစ်ပါတယ်။

 

ရင်ဆိုင်ခဲ့ရ ဘ၀အတွေ့အကြုံ ပေါင်ချိန်တိုးဖို့အကြောင်းဖန်သလို

          အားကစားကိုစိတ်အားထက်သန်သူလည်းဖြစ်၊ ငယ်ရွယ်သူမို့ အစဉ်အမြဲသွက်လက် တက်ကြွနေတာကြောင့် ကျွန်မအာသပြင်းပြလို့ အစားအများကြီးစားလည်း ကယ်လိုရီတွေလောင်ကျွမ်း လွယ်တယ်လေ။ ဒါကြောင့်အရပ်အမြင့် 5 ပေ 5 လက်မရှိသူ အထက်တန်းကျောင်းသူ ကျွန်မအတွက် ပေါင်ချိန် 145 ပေါင်က ၀ဖိုင့်နေသူအသွင် မရောက်စေပါဘူး။ ဒါပေမယ့် ကျွန်မကောလိပ်ကျောင်းသူဘ၀မှာတော့ ပေါင်ချိန် 200 လောက်အထိ တက်သွားခဲ့ပါတယ်။ ဒါကလည်းမိတကွဲ၊ ဖတကွဲဖြစ်သွားရတဲ့ အကြောင်းရင်းကြောင့် စိတ်ဖြေသိမ့်ဖို့အတွက် အစားတွေကိုသာနင်းကန်ဖိပြီးစားတာရယ်၊ အချိန်ပိုင်းအလုပ်ကတစ်ဖက်၊ ကျောင်းကတစ်ဖက်နဲ့ဆိုတော့ အားကစားလုပ်ချိန်ကမရှိတာကြောင့်မို့ပါ။ 2 နှစ်လောက်ကြာလောက်အကြာ 2002 ခုနှစ်မှာ ကျွန်မ ကောလိပ်က ထွက်ပြီး အိမ်ထောင်ပြုလိုက်ပါတယ်။ အိမ်ထောင်ပြုပြီးနောက်လည်း အလုပ်ကပြန်၊ စားသောက်၊ တီဗွီကြည့်၊ အချိန်တန်တော့အိပ်ဆိုတာနဲ့ပဲ နေ့စဉ်အချိန်တွေကိုကုန်ဆုံးစေပြီး လေ့ကျင့်ခန်း လုံး၀မလုပ်ဖြစ်တော့ပါဘူး။ ဒီလိုနေထိုင်မှုပုံစံကို ကျင့်သားရသွားတဲ့ကျွန်မအတွက်တော့ ပေါင်ချိန်ကတိုးပြီးရင်း တိုးလာတော့တာပါပဲ။ 2004 ခုနှစ်မှာ မေမေမှာဖြစ်ဖူးတဲ့ Multiple Sclerosis လို လက္ခဏာမျိုး ကျွန်မစတင်ခံစားရပါတော့တယ်။ အမြင်အာရုံပြတ်ပြတ်သားသားကြည်ကြည်လင်လင် မမြင်ရတာ မျိုးဖြစ်လာတာပါ။ ဒါပေမယ့်လည်း စမ်းသပ်စစ်ဆေးကြည့်တဲ့အခါ ကျွန်မထင်နေတဲ့ ရောဂါရယ်လို့မသေချာ မရေရာတဲ့အတွက် သိပ်ပြီးစိုးရိမ်စိတ်မထားခဲ့တော့ဘဲ နေမြဲတိုင်းသာနေခဲ့ပါတယ်။ 2 နှစ်လောက်ကြာသွားပြီး 2006 ခုနှစ်မှာ ကျွန်မလက်မောင်း တစ်ဖက်လုံး ကိုက်ခဲတာ၊ ခြေလက်ထုံကျင်တာတွေ ခံစားလာရပါတယ်။ MRI ရိုက်ကြည့်တော့ Multiple Sclerosis ဖြစ်နေကြောင်း သိလိုက်ရပြီး မေမေဒီရောဂါဖြစ်ချိန်က ဘယ်ဘက်ကိုယ်တစ်ခြမ်းလုံး ခံစားချက်မဲ့သွားပြီး ကာလပေါင်းများစွာနေခဲ့ရတဲ့အဖြစ်ကို ကျွန်မမြင်ခဲ့ရတာကြောင့် ကျွန်မလည်းနောက်ပိုင်း ဘီးတပ်ကုလားထိုင်ကို မှီခိုအားထားပြီးနေသွားဆိုတဲ့ စိုးရိမ်ထိတ်လန့်မှုနဲ့အတူ ကြောက်ရွံ့တုန်လှုပ် ခဲ့ပါတယ်။ ရောဂါကိုထိန်းချုပ်ဖို့ ကုသမှုခံယူရတာရယ်၊ ဆေးကုသမှုကုန်ကျစရိတ်တွေက ကျွန်မကို စိတ်ပင်ပန်းစေခဲ့ပါတယ်။ ပြီးတော့ရောဂါ သက်သာအောင် သောက်ရတဲ့ဆေးတွေက ကျွန်မကိုအစာစားချင်စိတ် ဖြစ်စေတာကြောင့် ပင်ကိုက အစာခုံမင်သူတစ်ယောက်ကို ပိုစားစေအောင် လှုံ့ဆော်ပေးလိုက်သလိုပါပဲ။ ဒါကြောင့်ကျွန်မပေါင်ချိန် 295 ပေါင်အထိ တက်ခဲ့ရတယ်လို့ ဆိုရမှာပါပဲ။ ကျွန်မရောဂါကိုအတတ်နိုင်ဆုံး ထိန်းချုပ်နေချိန်နဲ့ အမျိုးသားနဲ့လမ်းခွဲလိုက်တဲ့အချိန်ဟာ တစ်ထပ်တည်းကျတယ်လို့ ဆိုရမှာပါ။

 

တစ်ကိုယ်တည်း ယိုင်လဲသွားမှာကိုစိုးကြောက်စိတ်ကြောင့် ကျန်းမာရေးပိုဂရုစိုက်ဖြစ်ခဲ့

        တစ်ယောက်တည်းဖြစ်သွားတာကြောင့် အစပိုင်းမှာကြောက်ရွံ့ခဲ့မိတာအမှန်ပါ။ ကျွန်မရောဂါကြောင့် မလှုပ်နိုင်ဖြစ်သွားရင် ကူညီပေးမယ့်သူ တစ်ယောက်မှမရှိဘူးဆိုတဲ့ အတွေးတွေနဲ့ပေါ့။ ဒါပေမယ့် ဒီကြောက်ရွံ့မှုတွေက ကျွန်မစိတ်ဓာတ်ကို ခိုင်မာစေခဲ့တယ်ဆိုရမလားဘဲ အနားမှာဘယ်သူမှမရှိတဲ့အတွက် ကိုယ့်ကျန်းမာရေး ဒီထက်ပိုဆိုးမလာစေဖို့ အထူးဂရုစိုက်မှ ဖြစ်မယ်ဆိုတဲ့ အားအင်တွေရသွားတယ်လေ။ အဲဒီအချိန်ကစပြီး ကျန်းမာရေးနဲ့ညီညွတ်စေမယ့် အစားအစာတွေချည်းရွေးစားခဲ့တယ်၊ အားလပ်ချိန်တိုင်းတီဗွီ ကြည့်ရင်းနဲ့သာ အချိန်ကုန်ဆုံးစေတတ်တဲ့အကျင့်ကို ဖျောက်ပစ်ခဲ့ပြီး သူငယ်ချင်းနဲ့အတူ လမ်းလျှောက်ထွက်တာ၊ ဈေး၀ယ် ထွက်တာစတဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုဖြစ်နေစေမယ့် အလေ့အကျင့်ကောင်းလေးတွေ ကျင့်သားရသွားအောင် နေ့စဉ်လိုလို လမ်းလျှောက်ထွက်တာမျိုးကို လုပ်ဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မက မေမေ့လိုမျိုး ခန္ဓာကိုယ်မလှုပ်ရှားနိုင်ဖြစ်သွားမှာ သိပ်ကြောက်တာကိုး။ အားကိုးရမယ့်သူမရှိလို့လည်း အဲဒီလောက်ထိကြောက်နေမိတာပေါ့။ ဒီတော့ကိုယ်အတတ်နိုင်ဆုံး လှုပ်လှုပ်ရှားရှားလေးနေရင် မလှုပ်ရှားနိုင်တဲ့ အခြေအနေမျိုးထိဖြစ်သွားမှာမဟုတ်ဘူးလို့ ခံစားမိတာကြောင့်ပါ။ ပြီးတော့ ကျွန်မစိတ်ဓာတ်တော်တော်လေး ကျတာမျိုးဖြစ်ခဲ့ပါသေးတယ်။ ဆေးရဲ့ဘေးထွက်ဆိုးကျိုးကြောင့်လို့ ထင်ရတယ်ပေါ့နော်။ ဒါကြောင့်ရောဂါအတွက် ဆရာ၀န်ရဲဲ့ညွှန်ကြားချက်ကို ဖီဆန်ပြီးနေခဲ့ပါသေးတယ်။ ဒါပေမယ့်ကျွန်မရဲ့ ရောဂါအခြေအနေက ပိုဆိုးသွားရမှာထက် ပိုကောင်းလာတာကိုတွေ့လိုက်ရတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အထတွေကြောင့်ဖြစ်ရမယ်လို့ ကျွန်မယုံကြည်သွားပါတယ်။ အဲဒီနောက်ပိုင်း ကျွန်မပိုမိုတက်ကြွလာခဲ့ပြီး ကျန်းမာရေးကောင်းစေမယ့် နေထိုင် စားသားသောက်ပုံ နည်းစနစ်တွေကို တစိုက်မတ်မတ်လေ့လာ၊ လိုက်နာလုပ်ဆောင်ခဲ့ခြင်းကြောင့် 3 နှစ်အကြာလောက်မှာ ပေါင် 70 ကျသွားခဲ့ပါတယ်။ ပေါင်ချိန်ကျသွားပြီးနောက်ပိုင်း ကျွန်မပိုကျန်းမာသွားခဲ့တယ်လေ။

 

ပေါင်ချိန်ကျသွားခြင်းရဲ့ အကျိုးကိုခံစားသိရှိ ရှေ့ဆက်လျှောက်လှမ်းသွားဖို့အားအင်ရှိ

        တဖြည်းဖြည်းနဲ့ ကိုယ့်ကျန်းမာရေးကို ကောင်းကောင်းဂရုစိုက်နိုင်သူတစ်ယောက်ဖြစ်လာခဲ့ပါပြီ။ ကျွန်မကိုယ်ကျွန်မ ယုံကြည်မှုတွေပိုရှိလာပါတယ်။ အဲဒီအချိန်ကာလအပိုင်းမှာပါပဲ အထက်တန်းကျောင်းသူ ဘ၀က ခင်မင်ခဲ့ရတဲ့ယောက်ျားလေး သူငယ်ချင်းနဲ့ ပြန်ဆက်သွယ်မိပြီး ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။ သူကလည်းခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းချင်သူတစ်ယောက်၊ ကျွန်မကလည်း ကိုယ်အလေးချိန်လျော့ကျ သွားခြင်းရဲ့ အနှစ်သာရကိုသိထားတဲ့သူဆိုတော့ နှစ်ယောက်သား ကိုယ်ကာယ လေ့ကျင့်ခန်းကို အတူတကွလုပ်ဖြစ်ခဲ့ကြပါတယ်။ Tony Dean F.A.S.T Diet program တစ်ခုမှအစီအစဉ် အတိုင်းလေ့လာလုပ်ဆောင်ဖြစ်ခဲ့ပါတယ်။ Diet Plan ကိုစစအသုံးပြုချင်းအချိန်မှာတော့ ကျွန်မကိုယ်အလေးချိန်က 214 ပေါင်ပါ။ Diet Plan ရဲ့စည်းမျဉ်းလေးတွေက ရိုးရိုးရှင်းရှင်းတွေပါ။ တစ်နေ့ကို အေးရိုးဗစ်လေ့ကျင့်ခန်း မိနစ် 30 လုပ်ရမယ်၊ ရေ 64 အောင်စ (2 လီတာ ၀န်းကျင်) သောက်ရမယ် ဆိုတာမျိုးတွေပေါ့။ ကျွန်မအတွက်ကတော့ အနည်းဆုံးအမျှင်ဓာတ် 22 ဂရမ်ပါတဲ့ အစားအစာတွေ နေ့စဉ်စားရမယ်၊ ကယ်လိုရီ 1000-1400 ကြားပဲ တစ်နေ့တာအတွက် ရယူရမယ်ဆိုတာမျိုးပါ။ အလုပ်မသွားခင် မနက်စောစောပိုင်းမှာ လမ်းလျှောက်တာ၊ တစ်ပတ်လုံးမဟုတ်တာတောင် ရက်ကန့်သတ်ချက်နဲ့ လေ့ကျင့်ခန်းလုပ်တာ၊ ကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူဖြစ်စေမယ့် အစားအစာတွေကို စာရင်းပြုစုပြီး ချက်ပြုတ်စားတဲ့အလေ့အကျင့်တွေကို ပျိုးထောင်ခဲ့ပါတယ်။ 2011 ကျော်လောက်ကစပြီး ဒီလို၀ီရိယရှိရှိဇွဲမလျှော့ဘဲ စနစ်တကျကြိုးစားခဲ့တာကြောင့် 2013 ခုနှစ်ထဲရောက်တော့ 84 ပေါင် ကျသွားခဲ့ပြီလေ။ ကျွန်မရဲ့အောင်မြင်မှုအတွက် ကျွန်မအားရကျေနပ်လို့မဆုံးပါဘူး။ ကျွန်မချစ်သူ Bill ကလည်းကိုယ်ပိုင် အားကစားရုံထောင်လိုက်ပြီး သူကိုယ်တိုင်အားကစားနည်းပြအဖြစ် ဦးစီးလုပ်ကိုင်သူ တစ်ယောက်ဖြစ်လာတဲ့အတွက် သူ့အတွက်လည်း ဂုဏ်ယူမိပါတယ်။ ကိုယ်အလေးချိန်လျော့ကျ သွားခြင်းဟာ ကျွန်မရောဂါကိုအခြေအနေမဆိုးသွားအောင် ထိန်းပေးလိုက်ခြင်းပဲဆိုတာကို ကျွန်မအမှန်တကယ်ပဲ လက်ခံယုံကြည်နိုင်ခဲ့ပါပြီ။ နောက်နောင် ကျွန်မကိုယ်အလေးချိန်မတက်လာစေတော့ဘူးလို့ အာမခံချက်ဟာ ကိုယ်ကိုယ်တိုင်နေထိုင်စားသောက်မှု၊ လုပ်ဆောင်မှုတွေအပေါ်မှာမူတည်တာကြောင့် ကျွန်မအရပ်အမောင်းနဲ့ညီမျှတဲ့ ပုံမှန် ကိုယ်အလေးချိန်ရှိအောင် အစဉ်အမြဲကိုယ်အလေးချိန်ထိန်းနေဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ယနေ့ချိန်မှာအခြားသူတွေကို ကိုယ်တိုင်ကိုယ်အလေးချိန် အောင်မြင်စွာလျှော့ချနိုင်ခဲ့တဲ့ အကြောင်းကို ပြန််လည်ပြောပြနိုင်တာပဲဖြစ်ပါတယ်။

 

 Cho Thet

www.drmyanmar.com