/
news/အောင်မြင်စွာ-၀ိတ်ချ-နိုင်သူများ/၈-လအတွင်း-ကိုယ်အလေးချိန်-127

၈ လအတွင်း ကိုယ်အလေးချိန် 127 ပေါင်ကျသွားအောင်စွမ်းဆောင်နိုင်ခဲ့သူ

Category
အောင်မြင်စွာ ၀ိတ်ချ နိုင်သူများ

        ကျွန်မနာမည်က Angela Baldwin ဖြစ်ပြီး အလွန်အမင်း၀နေသူတစ်ယောက်ဖြစ်ပါတယ်။ ငယ်စဉ် ကတည်းက တေးဂီတနဲ့အကကို ရူးရူးမူးမူးစွဲလမ်းခဲ့သူတစ်ယောက်ပါ။ အကကို နှစ်သက်သူဆိုပေမယ့် အကသင်တန်းတွေမှာ ကနည်းကဟန်တွေကို စနစ်တကျသင်ယူဖို့ စိတ်ပါ၀င်စားမှုမရှိခဲ့တဲ့အပြင် ကျန်းမာကြံ့ခိုင်ရေး အကသင်တန်းတွေကိုတက်ရောက်ဖို့ တိုက်တွန်းခဲ့တဲ့သူငယ်ချင်းတွေရဲ့ အကြံပေးချက်တွေကို ငြင်းဆိုခဲ့သူ တစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် 350 ပေါင်ကို ပိုင်ဆိုင်ခဲ့ပြီး၊ ခါးသီးတဲ့အချိန် နာရီနေ့ရက်တွေကိုအိမ်ထဲမှာသာ ကုန်ဆုံးကာ မျှော်လင့်ချက်ကင်းမဲ့နေတဲ့ ဘ၀ခရီးလမ်းကို လျှောက်လှမ်းခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်အလေးချိန်အောင်မြင်စွာ လျော့ချသွားနိုင်သူတွေကို အားကျတဲ့ စိတ်ဓါတ်ဟာ ကျွန်မဘ၀ရဲ့အမှောင်ထုကို လင်းလက်စေခဲ့ပါတယ်။

 

ဘ၀အလင်းရောင်ကွယ်ပျောက်ချိန်

        ကျွန်မအနေနဲ့ကလေးဘ၀ကတည်းက အစားအသောက်တွေကို စွဲလမ်းနှစ်ခြိုက်ခဲ့ပြီး သီချင်းနားထောင်တာ၊ ကတာကိုဝါသနာပါခဲ့ပေမယ့် လက်တွေ့အကောင်အထည်မဖော်ခဲ့ပါဘူး၊ အကဝါသနာအထုံပါသူတွေရဲ့ ကဟန်တွေကိုသာ အချိန်တိုင်းလိုလို မင်သက်ငေးမောပြီး အိမ်မှာသာ အစမ်းသဘောနဲ့ တုပကကြည့်ရုံမျှသာ ရှိခဲ့ပါတယ်။ အကသင်တန်းတက်ရောက်ဖို့ ကမ်းလင့်ကြိုဆိုမှုတွေကို လက်ပြနှုတ်ဆက်ခဲ့တဲ့အပြင် ကိုယ်လက်လှုပ်ရှား ကစားသင်တန်းတွေအတွက် အချိန်ပေးဖို့ကို မျက်ကွယ်ပြုခဲ့သူပါ။ ဒါကြောင့် အစားကြူးသူတစ်ယောက်ဖြစ်ရုံသာမက ကိုယ့်ကိုယ် သနားညှာတာလွန်းတဲ့ စိတ်ကပါ ထပ်ဆင့်ကဲပြီး အလွန်အမင်း၀ဖိုင့်နေတဲ့သူတစ်ယောက်အဖြစ် အချိန်တွေကို ကုန်ဆုံးစေခဲ့တာဖြစ်ပါတယ်။ မိမိကိုယ်ကို စိတ်ပျက်အားငယ်ပြီး ကျွန်မရဲ့နားခိုစရာအိမ်ထဲမှာသာ အနာဂတ်နေ့ရက်တွေကို ဖြတ်ကျော်ခဲ့ပြီး အားလုံးနဲ့ မမြင်ကွယ်ရာမှာ ပုန်းရှောင်နေခဲ့ပါတယ်။

 

အမှောင်ခွင်းလို့ အလင်းရောက်ချိန်

          ဒီလိုနဲ့ စိတ်ပြေလက်ပျောက်ဖြစ်အောင် တစ်ပတ်ကို 2 ရက် အကသင်တန်း သွားတက်ကြည့်ပါတယ်။ အဲဒီမှာ ကျွန်မရဲ့ နည်းပြဆရာကိုယ်တိုင်က အကလေ့ကျင့်ရင်း ပေါင် 100 ကျ သွားခဲ့ကြောင်း ပြောပြခဲ့ရာ ကနေ  ကိုယ်အလေးချိန်လျှော့ချလိုတဲ့ ကျွန်မရဲ့စိတ်ဓါတ်ကို ရှင်သန်နိုးထစေခဲ့ပါတယ်။ တိုတောင်းလှတဲ့အချိန်ကာလအတွင်းမှာတောင် ကိုယ်အလေးချိန်စတင်ကျလာပြီး အချိန်ထပ်တိုးကာ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါက ပိုပြီးအကျိုးထူးနိုင်မယ်ဆိုတဲ့ အသိဉာဏ်ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာစေခဲ့ပါတယ်။ ဒါကြောင့် တစ်ပတ် မှာ 5 ရက် သင်တန်းတက်ခဲ့ပြီး ကယ်လိုရီလောင်ကျွမ်းစေမယ့် အစားအစာတွေ ကို ရွေးချယ်စားသောက်ခဲ့ပါတယ်။ ကိုယ်အလေးချိန်လျော့ကျလာလေ ယုံကြည်မှုပိုတိုးလာလေပါပဲ။ အကသင်တန်းအပြင် ကိုယ်ကာယလေ့ကျင့်ရေး သင်တန်းတွေကိုလည်း ထပ်တိုးပြီး တက်ခဲ့ပါသေးတယ်။ ကြိုးစားမှုရလဒ်အနေနဲ့ 8 လ အတွင်းမှာ ပေါင် 100 ကျ သွားခဲ့ပြီး စိတ်သစ်လူသစ်နဲ့ ဘ၀သစ်တစ်ခုကို တည်ဆောက်နိုင်ခဲ့ပါတယ်။ အမှောင်ထုကိုအံတုပြီး လင်းလက်လာတဲ့ကြယ်တစ်ပွင့်သဖွယ် ကျွန်မဘ၀ကို အလင်းပေးနိုင်ခဲ့ပါပြီ။ အခုဆိုရင် 27 ပေါင် ထပ်ကျသွားပြီး နောက်ထပ် ရည်မှန်းချက်ပန်းတိုင် တစ်ခုဖြစ်တဲ့ ကိုယ်အလေးချိန် 50 ပေါင် ထပ်ကျဖို့အတွက်လည်း ရှေ့ဆက်လျှောက်လှမ်းနေပါတယ်။ မိမိကိုယ်မိမိ စိတ်အလိုမကျဖြစ်ပြီး စိတ်သောကရောက်ခဲ့စဉ်က သောက်ခဲ့ရတဲ့ဆေးဝါးတွေ၊ သွေးကျဆေးတွေနဲ့ ကင်းလွတ်သွားပါပြီ။ ၅ ကီလိုမီတာ အပြေးပြိုင်ပွဲမှာလည်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နောက်ထပ်ပြိုင်ပွဲဲများစွာမှာလည်း ပါ၀င်ယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားနေပါတယ်။

 

မယိုင်မလဲခိုင်မြဲထက်သန်တဲ့စိတ်

        ကျွန်မကိုယ်ကျွန်မ ညှာတာပြီး ဘ၀မှာအလွယ်တကူစီးမျောလိုက်ပါနေမယ်ဆိုရင် ယနေ့အချိန်မှာ ကျွန်မဟာ တရားလွန်၀နေတဲ့သူတစ်ယောက် ဒါမှမဟုတ် သေဆုံးနေပြီလားလို့တောင် မပြောနိုင်ပါဘူး။ မှန်ကန်တဲ့ စိတ်ဆုံးဖြတ်ချက်နဲ့ စိတ်ပိုင်းဖြတ်ပြီးရင် အောင်မြင်အောင်လုပ်ဆောင်တတ်တဲ့အကျင့်ဟာ ကျွန်မဘ၀ကို ပြောင်းလဲစေခဲ့တာပါ။ ဒါကြောင့် ကျွန်မအကြံပြုလိုတာက မိမိဘ၀ဟာ မျှော်လင့်ချက် ကုန်ဆုံးနေပြီဆိုပြီး ဘ၀ကို အရှုံးမပေးလိုက်ပါနဲ့။ ခိုင်မာထက်သန်တဲ့စိတ်ဓာတ်နဲ့ အနာဂတ် ခရီးလမ်းကို လျှောက်လှမ်းကြပါ။ မိမိစိတ်ဟာ မိမိဘ၀ရဲ့ ပဲဲ့ကိုင်ရှင်ဖြစ်တယ်ဆိုတာ သိမြင်ပြီး ဘ၀မှာအောင်မြင်မှုတွေ ဆွတ်ခူးနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

 

 

CMS

www.drmyanmar.com