/
news/အောင်မြင်စွာ-၀ိတ်ချ-နိုင်သူများ/၈-လအတွင်း-ပေါင်-၁၀၀-ကျော်-ကျသွားတဲ့-ကလေး-၃-ယောက်မိခင်

၈ လအတွင်း ပေါင် ၁၀၀ ကျော် ကျသွားတဲ့ ကလေး ၃ ယောက်မိခင်

Category
အောင်မြင်စွာ ၀ိတ်ချ နိုင်သူများ

ပေါင် ၁၀၀ တိုးခဲ့တဲ့ ပထမကိုယ်၀န်

        ကျွန်မရဲ့နာမည်က Alanna Gerwitz – Stern ဖြစ်ပြီး ကျွန်မရဲ့ဘ၀မှာ တစ်ရက်ကလေးတောင်မှ အားကစားလုပ်ခဲ့တာမျိုးမရှိတဲ့အပြင် ကိုယ်စားတဲ့ အစားအသောက်တွေက ကျန်းမာရေးနှင့် ညီညွတ်မှုရှိလား၊ မရှိလားဆိုတာတွေ၊ ကယ်လိုရီ ဘယ်လောက်ပါ၀င်နေလဲဆိုတာတွေကို တခါမှမစဉ်းစားမိခဲ့ပါဘူး။ ဒီလိုနေလာရင်းနဲ့ ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလမှာ ကျွန်မရဲ့ ပထမဆုံး သားဦးလေးဖြစ်တဲ့ Jacob ကို မွေးဖွားခဲ့ပါတယ်။ အသက် ၃၃ နှစ်ရှိပြီး အရပ် ၅ ပေ ၆ လက်မမြင့်တဲ့ ကျွန်မအနေနဲ့ သားဦးကိုယ်၀န်လွယ်ထားချိန်အတွင်းမှာပဲ ပေါင် ၁၀၀ တိတိ ကိုယ်အလေးချိန် တိုးလာတာကြောင့်  ပေါင် ၂၃၀ အထိ ဖြစ်သွားခဲ့ပါတယ်။

မိမိကိုယ်မိမိစိတ်တိုင်းမကျခြင်း

        အရမ်း၀လာတာကိုဖုံးကွယ်ထားဖို့အတွက် ခပ်ပွပွ အားကစား၀တ်စုံတွေကိုပဲ ၀တ်ဆင်ခဲ့ပါတယ်။ လေ့ကျင့်ခန်း လုပ်ဖို့ Gym သွားရမှာလည်း စိတ်ပျက်အားလျော့ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ Gym မှာတွေ့တဲ့ တခြားလူတွေက ကျန်းမာကြံ့ခိုင်တဲ့ ကိုယ်ခန္ဓာအချိုးအစားတွေရှိပြီး ကျွန်မတစ်ယောက်တည်း ပုံပျက်ပန်းပျက်ကြီးဖြစ်နေလို့ပါပဲ။ အိမ်အပြင်ဘက်တောင် လမ်းလျှောက် မထွက်ရဲလောက်အောင် ကိုယ့်ကိုကိုယ် စိတ်အားငယ်ခဲ့ရပါတယ်။

ခိုင်မာသောစိတ်ဓာတ်ရှိလာခြင်း

        ဒါ့ကြောင့် ကိုယ်အလေးချိန်ကျအောင် ၄ - ၅ လ လောက် ကြိုးစားပြီး Gym သွားခဲ့ပါတယ်။ ဒါပေမယ့် ၁၀ ပေါင်ပဲကျခဲ့တာကြောင့် စိတ်ဓာတ် တော်တော်လေးကျသွားခဲ့တယ်။ ဒါပေမယ့် ကျွန်မစိတ်ထဲမှာ ကျွန်မကိုယ် ကျွန်မ ဒီထက်ပိုပြီး စွမ်းဆောင်နိုင်တယ်လို့ ခံစားမိပါတယ်။ နောက်ပြီး ဒီလို၀တုတ်ကြီးဖြစ်လာတာကို ကံကြမ္မာလို့ မှတ်ယူ ထားတဲ့ တခြားမိခင်တွေလို မဖြစ်ချင်ပါဘူး။ ဒီလိုနဲ့ စဉ်းစားရင်း ကျွန်မအိမ်နားမှာဖွင့်ထားတဲ့ Gym အသစ်တစ်ခုကို သတိရလိုက်မိပါတယ်။

သင်တန်း၏အယူအဆနှင့်လုပ်ဆောင်ချက်များ

        Gym မှ ပိုင်ရှင်ဖြစ်သူ Joshua Lipsey က ဒီလေ့ကျင့်ခန်းရဲ့ ရည်ရွယ်ချက်ဟာ မိမိရဲ့လုပ်ဆောင်မှုအပေါ်မှာ မူတည်သလို မိမိဖြစ်ချင်တဲ့ စိတ်ဓာတ်သာထက်သန်ရင် ကိုယ်နေဟန်ထား၊ ကိုယ်အလေးချိန်ညီမျှမှုတွေ တိုးတက်လာ စေနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ Lipsey ရဲ့သင်တန်းမှာ ခန္ဓာကိုယ်အလေးချိန် ကျအောင်ပြုလုပ်ပေးနိုင်တဲ့ လေ့ကျင့်ခန်းတွေ အများကြီးပါ၀င်ပါတယ်။ Calories တွေကို လျင်လျင်မြန်မြန်နဲ့လောင်ကျွမ်းစေနိုင်ခြင်း၊ ကိုယ်အလေးချိန်ကို လျင်လျင်မြန်မြန်ကျစေနိုင်ခြင်းစတဲ့ ရလဒ်ကောင်းတွေကို ခံစားရစေနိုင်မယ်လို့ Lipsey က ညွှန်းဆို ထားပါတယ်။

သင်တန်းတက်ခြင်း

        Lipsey ရဲ့ အယူအဆ၊ သဘောထားတွေကို ယုံကြည်မှုရှိတဲ့အတွက် ကျွန်မသင်တန်းအပ်ဖြစ်ခဲ့ပါတယ်။ သင်တန်းက သင်ပေးတဲ့အတိုင်း မှန်ရှေ့မှာ ကိုယ်လိုချင်တဲ့ခန္ဓာကိုယ်ပုံစံကို စိတ်ကူးပုံဖော်ကြည့်ပြီး ဖြစ်ကိုဖြစ်ရမယ် ဆိုတဲ့ စိတ်မျိုးနဲ့ လေ့ကျင့်ခဲ့ပါတယ်။ နောက်ပြီး စိတ်အားထက်သန်မှု၊ ဇွဲလုံ့လရှိမှုတို့က ဘယ်လောက်အရေးကြီးတယ် ဆိုတာ ကျွန်မ ကောင်းကောင်းနားလည်ခဲ့ပါပြီ။

        ကျွန်မအနေနဲ့ အသားတွေလျှော့စားပြီး သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို ပိုအသားပေးပြီး စားသောက်ခဲ့သလို သင်တန်းကိုလည်း တစ်နေ့ တစ်နာရီနဲ့ တစ်ပတ်ကို ၆ ရက် တက်ခဲ့တာကြောင့် ၈ လလောက် အကြာမှာတော့ ၁၀၆ ပေါင်ကျသွားပြီး ကိုယ်အလေးချိန် ၁၂၄ ပေါင် ဖြစ်သွားခဲ့ပါတယ်။

ယုံကြည်မှုများတိုးလာခြင်း

        ကိုယ်အလေးချိန် ၁၂၄ ပေါင်ဖြစ်သွားပြီး မကြာမီမှာပဲ ဒုတိယကိုယ်၀န်လွယ်ခဲ့ပါတယ်။ အမွှာကိုယ်၀န်ပေမယ့် ကိုယ်၀န်ဆောင်စဉ်မှာ ၄၈ ပေါင် သာ တက်ခဲ့ပါတယ်။ ဒါ့အပြင် မွေးပြီး နှစ်ပတ်အတွင်းမှာပဲ ၃၈ ပေါင် ပြန်ကျသွားခဲ့ ပါတယ်။ ကျန်တဲ့ ၁၀ ပေါင်ကျဖို့ကိုတော့ တော်တော်ခက်ခက်ခဲခဲ လုပ်ခဲ့ရပါတယ်။ ခန္ဓာကိုယ်အချိုးအစား ကြည့်ကောင်းလာပြီဖြစ်တဲ့အတွက် အရင်ကလို Gym သွားရမှာ ကသိကအောက်ဖြစ်တာ၊ အပြင်ထွက်ရမှာ ရှက်တာ မျိုးတွေမရှိတော့ဘဲ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေရှိလာပါတယ်။

ခန္ဓာကိုယ်အလေးချိန်ထိန်းသိမ်းခြင်း

        ကလေး ၃ ယောက်ရလာပြီးတဲ့နောက်မှာ ခန္ဓာကိုယ်အလေးချိန်ထိန်းသိမ်းဖို့ဆိုတာ တကယ့်ကို စိန်ခေါ်မှုကြီး တစ်ရပ်ပါပဲ။ အစပိုင်းမှာတော့ တစ်နေ့ကို အချိန်တစ်နာရီလောက်ပေးပြီး ခန္ဓာကိုယ်အလေးချိန် ထိန်းသိမ်းဖို့ လုပ်ခဲ့ပါ သေးတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အချိန်အခက်အခဲလေးတွေရှိတာကြောင့် Lipsey mobile app နဲ့ Gym Tuck တို့လို အားကစားနဲ့သက်ဆိုင်တဲ့ app တွေကို ကျွန်မရဲ့ဖုန်းထဲမှာ ထည့်သွင်းပြီး အိမ်မှာဘဲ လေ့ကျင့်ခန်းတွေကို ဆက်လက်လုပ််ခဲ့ပါတယ်။ ဒီ app တွေရဲ့ အကူအညီနဲ့ လေ့ကျင့်ခန်းလုပ်ငန်းစဉ်တွေကို မှတ်သားနိုင်ပြီး၊ လုပ်ဆောင် ရမယ့် အချိန်ဇယားတွေကိုလည်း စနစ်တကျသတ်မှတ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီ app တွေက ကျွန်မရဲ့ ခန္ဓာကိုယ် အချိုးအစား ပြေပြစ်လှပဖို့ များစွာအထောက်အကူပြုခဲ့ပါတယ်။

လက်တွေ့ခံစားရသော အကျိုးကျေးဇူးများ

        ယခုအချိန်မှာတော့ ကျွန်မအနေနဲ့ ပေါင် ၁၂၀ သာရှိပါတော့တယ်။ ကျွန်မကိုယ် ကျွန်မ အရမ်းကံကောင်းတယ် လို့လည်းခံစားမိပါတယ်။ ဘ၀မှာ အ၀လွန်ခြင်းနဲ့ ပတ်သက်လို့ ခါးသီးတဲ့အတွေ့အကြုံတစ်ခုလည်း ရှိခဲ့ပါပြီ။ စိတ်ပျက် အားလျော့ခြင်းမရှိဘဲ ခိုင်မာသောစိတ်ဓာတ်နဲ့ လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်သွားဖို့က အရေးကြီး ကြောင်းကိုလည်း နားလည်ခဲ့ပါပြီ။

        နောက်ဆုံးအနေနဲ့ ကျွန်မလိုပဲ အ၀လွန်နေတဲ့သူတွေကိုလည်း စိတ်ဓာတ်ကြံ့ခိုင်စွာ ကြိုးစားလုပ်ဆောင်ပါ၊ ကိုယ့်ရဲ့အစွမ်းအစကို ယုံကြည်ပါ၊ ကိုယ့်ကိုကိုယ် လေးစားပါလို့ တိုက်တွန်း ပြောကြားချင်ပါတယ်။

www.drmyanmar.com