/
news/ကျန်းမာရေး-z/အသည်းရောင်အသားဝါ-b-ပိုး

အသည်းရောင်အသားဝါ B ပိုး

Category
ကျန်းမာရေး (A-Z)

       အသည်းရောင်အသားဝါ B ရောဂါသည် Hepatitis B Virus (HBV) ကြောင့်ဖြစ်သည့် ကူးစက်ရောဂါတစ်ခုဖြစ်ပြီး နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် အသည်းပျက်စီးခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာဖြစ်ခြင်းတို့ကိုဖြစ်စေပါတယ်။ ကလေးငယ်များတွင် Hep B ရောဂါပိုးကူးစက်ခံရပါက နာတာရှည်ရောဂါအဖြစ်သို့ ဦးတည်သွားနိုင်ပေမယ့် လူကြီးအရွယ်တွင် ကူးစက်ခံရပါက ရောဂါလက္ခဏာပြင်း ထန်သည့်တိုင်အောင် လုံး၀ပြန်ကောင်းလာဖို့ အလားအလာရှိပါတယ်။

ကူးစက်ပုံ

=====

        သွေး၊ သုတ်ရည်အပါအ၀င် ခန္ဓာကိုယ်မှထွက်သောအခြားအရည်များမှတဆင့် ကူးစက်ခြင်းဖြစ်ပြီး ရောဂါပိုးရှိသူနှင့် အကာအကွယ်မသုံးဘဲ လိင်ဆက်ဆံခြင်း၊ ရောဂါပိုးရှိသူနှင့် ဆေးထိုးအပ် မျှေ၀သုံးစွဲခြင်း၊ ရောဂါပိုးရှိနေသောအပ်စူးမိခြင်း တို့ကြောင့် ကူးစက်နိုင်ပါတယ်။ အသည်းရောင်အသားဝါ B ပိုးရှိတဲ့ ကိုယ်၀န်ဆောင်မိခင်မှ ကလေးထံသို့ မွေးဖွားချိန်နှင့် မွေးပြီးကာစမှာ ရောဂါပိုးကူးစက်နိုင်ပါတယ်။

 

ယာယီ နှင့် နာတာရှည် အသည်းရောင်အသားဝါ B

======

        Hepatitis B ပိုးကူးစက်ခံရခြင်းက ယာယီ (acute) လည်းဖြစ်နိုင်ပြီး နာတာရှည် (chronic) လည်းဖြစ်နိုင်ပါတယ်။ Acute infection ဟာ 6 လအောက်သာကြာမြင့်ပြီး ခန္ဓာကိုယ်ခုခံအားစနစ်မှ ဗိုင်းရပ်စ်ကို ဖယ်ရှားလိုက်နိုင်တာကြောင့် လအနည်းငယ်အတွင်းမှာ ရောဂါပိုးတွေအလိုလိုရှင်းသွားနိုင်ပါတယ်။

          6 လနှင့် အထက်ကြာတယ်ဆိုရင်တော့ Chronic Infection ဖြစ်သွားပါပြီ။ ခုခံအားစနစ်က B ပိုးကို မတိုက်ထုတ်နိုင်တာကြောင့် အသည်းခြောက်ခြင်း၊ အသည်းကင်ဆာဖြစ်ခြင်း စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပွားလာနိုင်ပါတယ်။ မွေးကင်းစနှင့် အသက် 5 နှစ်အောက် ကလေးများတွင် ကူးစက်ခံရပါက နာတာရှည် (Chronic Infection) ဖြစ်ဖို့ အလားအလာပိုများပါတယ်။

 

အသည်းရောင်အသားဝါ B ပိုး ကူးစက်ခံရနိုင်ခြေ မြင့်မားသူများ

======

        လိင်ဆက်ဆံဖော်တယောက်နှင့် အထက်ရှိသူများ၊ အမျိုးသားအချင်းချင်း လိင်ဆက်ဆံသူများ၊ မူးယစ်ဆေး အကြောထဲထိုးသူများ၊ နာတာရှည် HBV ပိုးရှိသူနှင့် တစ်အိမ်ထဲ အတူနေသူများ၊ ကျန်းမာရေး၀န်ထမ်းများ၊ မကြာခဏကျောက်ကပ်ဆေးရသူများ၊ HBV ဖြစ်ပွားနှုန်းမြင့်သည့် ဒေသများသို့ ခရီးသွားသူများဟာ HBV ရောဂါပိုးကူးစက်ခံရဖို့ အလားအလာပိုများပါတယ်။

 

ရောဂါလက္ခဏာများ

======

        ကူးစက်ခံရပြီး 1 လမှ 4 လအတွင်း ရောဂါလက္ခဏာ စပြလေ့ရှိပါတယ်။ ရောဂါလက္ခဏာများမှာ -

-   ၀မ်းဗိုက်ညာဘက်ခြမ်း (အသည်းနေရာ) နာခြင်း

-   ဆီးအရောင်ရင့်ခြင်း

-   ဖျားခြင်း

-   အဆစ်နာခြင်း

-   ခံတွင်းပျက်ခြင်း

-   ပျို့အန်ခြင်း

-   အားနည်း၍ပင်ပန်းခြင်း

-   အရေပြားနှင့် မျက်သားအဖြူများဝါလာခြင်း

          မွေးခါစနှင့် ကလေးအများစုတွင် ရောဂါလက္ခဏာ လုံး၀မပြသပေ။ သွေးစစ်ဆေးခြင်းဖြင့် အသည်းရောင်အသားဝါ B ပိုး ရှိ/မရှိ သိနိုင်ပါတယ်။ သွေးမှတဆင့် HBV Antibody (ခုခံအား)၊ Hbs Ag (Hepatitic B Surface Antigen)၊ Hbc Ag (Hepatitic B C Antigen)၊ Viral DNA (ဗိုင်းရပ်ရဲ့ မျိုးရိုးဗီဇ) တို့ကို စစ်ဆေးသိရှိနိုင်ပါတယ်။

 

စမ်းသပ်စစ်ဆေးခြင်း

======

        ရောဂါလက္ခဏာများပေါ်လာချိန်တွင် အသည်းကိုထိခိုက်နေပြီဖြစ်တာကြောင့် အချိန်မီကုသမှုခံယူနိုင်ရန်နှင့် ကာကွယ်နိုင်ရန် အသဲရောင်အသားဝါ B ပိုး ရှိ/မရှိ လူတိုင်းစစ်ဆေးသင့်ပါတယ်။ အထူးသဖြင့် -

-   အသည်းရောင်အသားဝါ B ပိုးရှိသူနှင့် အတူနေသူများ

-   အသည်းရောင်အသားဝါ B ပိုးရှိသူနှင့် လိင်ဆက်ဆံသူ

-   HIV ပိုးကူးစက်ခံထားရသူများ

-   အသည်းရောင်အသားဝါ B ပိုးဖြစ်ပွားမှုများသည့် အာရှ၊ ပစိဖိတ်ကျွန်း၊ အာဖရိကနှင့် ဥရောပအရှေ့ပိုင်းမှပြောင်းလာသူများ

-   မူးယစ်ဆေးအကြောတွင်းထိုးသူများ

-   အမျိုးသားအချင်းချင်း လိင်ဆက်ဆံသူများ

-   ကျောက်ကပ်မကြာခဏဆေးသူများ

-   ခုခံအားစနစ်ကို အားနည်းစေတဲ့ ဆေးဝါးများမှီ၀ဲနေသူများ

-   ကိုယ်၀န်ဆောင်အမျိုးသမီးများအနေဖြင့် HBV ပိုး ရှိ/မရှိ စစ်ဆေးသင့်ပါတယ်။

          HBV DNA ကို တွေ့ရှိပါက ခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်တွေပွားများနေတဲ့လက္ခဏာဖြစ်ပါတယ်။ အသည်းမှာရောဂါ ဖြစ်နေနိုင်သလို့ သူတပါးဆီသို့ ကူးစက်ဖို့အလားအလာလည်းများပါတယ်။

          Hepatitis B Surface Antigen (HBsAg) ရှိကြောင်းသိရပါက Hepatitis B ရောဂါရှိနေပြီး အခြားသူများထံ ကူးစက်နိုင် ပါတယ်။ 

 

ကုသခြင်း

======

        HBV ပိုးနှင့်ထိတွေ့မိပြီး ကာကွယ်ဆေးမထိုးရသေးပါက 24 နာရီအတွင်း hepatitis B immune globulin အား ထိုးခြင်းဖြင့် အသဲရောင်အသားဝါ B ရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

 

Acute hepatitis B (ယာယီဖြစ်သော အသည်းရောင်အသားဝါ B)

 

        Acute hepatitis B အတွက် သီးခြားကုသမှုမရှိပေ။ ခန္ဓာကိုယ်မှရောဂါပိုးကို တိုက်ထုတ်နေချိန်တွင် အနားယူခြင်း၊ အာဟာရပြည့်၀အောင် စားသုံးပေးခြင်းတို့ပြုလုပ်ပေးပါ။

 

Chronic hepatitis B (နာတာရှည် အသည်းရောင်အသားဝါ B)

 

        နာတာရှည်ဖြစ်ပါက အသည်းကို ပုံမှန်စစ်ဆေးပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေဖြစ်မလာခင်မှာ ကုသမှုခံယူရပါမယ်။

 

ဆေးဝါးများဖြင့်ကုသခြင်း

 

         နာတာရှည်အသည်းရောင်အသားဝါ B အား အဓိကအားဖြင့် antiviral ဆေးများဖြင့် ကုသပြီး ဗိုင်းရပ်စ်ကြောင့် အသည်းပျက်ဆီးမှုမဖြစ်အောင် ကာကွယ်ပေးသည်။

          ယခုအခါအလွန်ထိရောက်သော ဆေးများရှိနေပြီး ဗိုင်းရပ်စ်ကို နှစ်ပေါင်းများစွာ ချိုးနှိမ်ထားနိုင်ကာ အသည်းပျက်ဆီးမှုကို နှေးကွေးစေနိုင်သော်လည်း ဗို်င်းရပ်စ်ကို လုံး၀ကင်းစင်စေနိုင်ခြင်းမရှိပေ။

          နေကောင်းသည်ဟု ခံစားရသည့်တိုင် ဆေးကုသမှုဆက်ခံယူရမည်ဖြစ်ပြီး ဆေးကိုစော၍ဖြတ်မိပါက ဆေးမတိုးတော့ဘဲ အသည်းပျက်ဆီးနိုင်သဖြင့် ဆရာ၀န်နှင့်တိုင်ပင်ပြီးမှ ဆေးဖြတ်သင့်ပါတယ်။ B ပိုးကုထုံးတွေဟာ တစ်နှစ်ထက် တစ်နှစ် အသစ်အသစ်များ ပေါ်ထွက်လာသလို ကုသမှုရလဒ်တွေကလည်း ပိုမိုကောင်းမွန်လာပါတယ်။ Pegylated (PEG) interferon (IFN) နှင့် Nucleoside Analogs (NA) တွေအသုံးပြုပြီး ကုသပါတယ်။ Nucleoside Analogs က Pegylated (PEG) interferon ထက်ပိုပြီး ဘေးထွက်ဆိုးကျိုးနည်းခြင်း၊ သောက်ဆေးပုံစံဖြစ်ခြင်းတို့ကြောင့် Nucleoside Analogs ကို ဦးစားပေးရွေးချယ်လာကြပါတယ်။ lamivudine, Adefovir, Entecavir, telbivudine, tenofovir, Emtricitabine တို့ဟာ နာတာရှည် အသည်းရောင်အသားဝါ B ပိုးကို ကုသရာမှာသုံးတဲ့ Nucleoside Analogs တွေဖြစ်ပါတယ်။

  1. Nucleoside analogs (NA)

          Nucleoside analogs သည် virus ၏ genetic code အား ကျန်းမာသော cells များအတွင်း မကူးထည့်နိုင်စေရန် တားဆီးပေးပါတယ်။

  1. Pegulated Interferon Alfa (Peg-IFN)

          Pegulated Interferon Alfa က ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို နှိုးဆွ၍ HBV ပိုး ပွားများလာမှာကို တားဆီးပေးပါတယ်။

          ဆေးထိုးခြင်းဖြင့် ကုသလေ့ရှိပြီး တစ်ပတ်တစ်ခါနှင့် 6 လ မှ 12 လထိ ကုသရသည်။ အချို့တွင် များပြားသော ဘေးထွက်ဆိုးကျိုးများဖြစ်နိုင်သဖြင့် ရပ်တန့်၍ အခြား antiviral များသုံးစွဲရပါတယ်။

 

အသည်းရောင် အသားဝါ B ပိုး ပွားများမှုအား ကာကွယ်ခြင်း

========

        ဆေးများကြောင့် နာတာရှည်ရောဂါပိုးပြန့်ပွားမှုကို ထိန်းချုပ်နိုင်သော်လည်း ရောဂါကို မကုသနိုင်သေးရာ အခြားသူများထံသို့ ကူးစက်မှုကိုတားဆီးရန်အတွက် -

  1. အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်းမပြုပါနှင့်။ သင့်တွင် HBV ရှိကြောင်းကိုလည်း သင့်အဖော်အားပြောပြထားပါ။
  2. ဆေးထိုးအပ်မျှေ၀မသုံးပါနှင့်။
  3. သွေး (သို့) ကိုယ်တွင်းအင်္ဂါမလှူပါနှင့်။
  4. သွားတိုက်တံ၊ မုတ်ဆိတ်ရိတ်ဓာ မျှေ၀မသုံးပါနှင့်။
  5. ကိုယ်၀န်ရှိပါက ဆရာ၀န်နှင့်တိုင်ပင်ပါ။ သို့မှသာ မွေးပြီးပြီးချင်း ကလေးငယ်အားကုသပေးနိုင်မည်ဖြစ်သည်။

 

နောက်ဆက်တွဲဆိုးကျိုးများ

=======

          နာတာရှည် HBV ပိုးရှိပါက ဆိုးဝါးသောနောက်ဆက်တွဲ ပြဿနာများဖြစ်လာနိုင်သည်။ ၎င်းတို့မှာ -

-   အသည်းခြောက်ခြင်း (cirrhosis)

-   အသည်းကင်ဆာ

-   အသည်းပျက်ဆီးခြင်း

-   ကျောက်ကပ်ဆိုင်ရာပြဿနာများ

-   သွေးအားနည်းခြင်း

-   သွေးကြောများ ရောင်ရမ်းခြင်း တို့ ဖြစ်ပါတယ်။

 

ကာကွယ်ခြင်း

=======

I. Hepatitis B ကာကွယ်ဆေးထိုးထားပါ။

- မွေးခါစကလေးများကို 24 နာရီအတွင်း အသည်းရောင်အသားဝါ B ပိုးကာကွယ်ဆေးထိုးပေးသင့်ပါတယ်။

- ကျန်းမာရေး၀န်ထမ်းများနှင့် သွေးနှင့်ထိတွေ့နိုင်သည့် အလုပ်လုပ်သူများ

- HIV ရောဂါပိုးရှိသူများ

- ယောကျာ်းအချင်းချင်း လိင်ဆက်ဆံသူများ

- လိင်ဆက်ဆံဖော်တစ်ယောက်အထက်ရှိသူများ

- နာတာရှည်အသည်းရောဂါရှိသူများ

- အသည်းရောင်အသားဝါ B ပိုးရှိသူနှင့်အတူနေသူများ

- အဖော်ဖြစ်သူ၌ HBV ရှိသူများအနေဖြင့် B ပိုး ကာကွယ်ဆေးမဖြစ်မနေထိုးသင့်ပါတယ်။

 

II. HBV ကိုရှောင်ကြဉ်ရန် ဂရုစိုက်ခြင်းဖြင့် ဖြစ်နိုင်ချေလျော့နည်းစေနိုင်ပါတယ်။

 

1. သင့်အဖော်၏ HBV အခြေအနေကို သိထားပါ။ မသေချာဘဲနှင့် အကာအကွယ်မယူဘဲ လိင်ဆက်ဆံခြင်းမပြုပါနှင့်။

2. မူးယစ်ဆေးမသုံးပါနှင့်။

3. နားဖောက်ခြင်း၊ ဆေးမှင်ကြောင်ထိုးခြင်းတို့ကို သတိထားပါ။

 

B ပိုး ေ၀ဒနာရှင်များအတွက် နေထိုင်မှုပုံစံ

======

         အိမ်တွင်းကုသမှုများကြောင့်လည်း ရောဂါလက္ခဏာသက်သာစေပါတယ်။

1.အပင်ပန်းမခံပါနှင့်။

2.အိပ်ယာထဲ၌ နေရန်မလိုသော်လည်း ပင်ပန်းလာပါက အနားယူပါ။

3. အလုပ် (သို့) ကျောင်းတွင်ပင်ပန်းသည်ဟု ခံစားရပါက အလုပ်ပမာဏကိုလျှော့ချပါ။

4. ပင်ပန်းသော ကိုယ်လက်လှုပ်ရှားမှုများကို ရှောင်ပါ။

5. ကျန်းမာရေးနဲ့ညီညွတ်အောင်စားသုံးပါ။

        အစာစားချင်စိတ်မရှိသည့်တိုင် ကောင်းစွာစားသုံးရန်လိုအပ်သည်။ အများစုမှာ ကြာလာသည်နှင့်အမျှ စားချင်စိတ်ပို၍ ကျဆင်းလာတတ်သည်။ မနက်ပိုင်းတွင် ခပ်များများစားသုံး၍ ညနေတွင်သင့်တင့်မျှတရုံ စားသုံးပေးပါ။

6. B ပိုး ေ၀ဒနာရှင်များ ရှောင်ကြဉ်ရမည့်အစားအစာများ

- ခရင်မ်အပြည့်ပါသော နို့၊ ဒိန်ချဉ်၊ ချိစ်

- ဘီစကွတ်၊ ကိတ်နှင့်အဆီများသော အစာများ

- ချောကလက်

- တစ်ပတ်လျှင် ကြက်ဥ/ဘဲဥ သုံးလုံးထက်မပိုရ

- အားလူးကြော်အပါအ၀င် အခြားသောအဆီဓာတ်ကြွယ်၀သော အစားအစာများ

- ထောပတ်သီး

7. ရေဓာတ်မချို့တဲ့ပါစေနှင့်။

- ရေများများသောက်ပါ။

- အသီးမှရသော လတ်ဆတ်သော ဖျော်ရည်များသောက်ပါ။

8. အရက်နှင့်ဆေးများကိုရှောင်ပါ။

        အသည်းရောင်ခြင်းကြောင့် အသည်းမှ ဆေးနှင့်အရက်ကိုခြေဖျက်ရန် ခက်ခဲစေပြီး အသည်းပျက်ဆီးမှုအားပို၍ ဆိုးဝါးစေသည်။ သို့သော် ဆရာ၀န်မှ မညွှန်ကြားဘဲ သောက်လက်စဆေးများကို ရပ်မပစ်ပါနှင့်။

9. အရေပြားကို ဂရုစိုက်ပါ။

        အသည်းရောင်ပါက အရေပြားယားယံတတ်တာကြောင့် အေးသောနေရာတွင်နေ၍ နေပူထဲမထွက်ဘဲ ချည်သားအ၀တ်များ၀တ်ခြင်း စသည်ဖြင့် ယားယံခြင်းကို ကာကွယ်နိုင်ပါတယ်။

 

Dr. Htet Htet Aung

www.drmyanmar.com