/
node/1012

မျိုးပွားအင်္ဂါရေယုန် (Genital Herpes)

Category
ကျန်းမာရေး (A-Z)

        မျိုးပွားအင်္ဂါရေယုန် (Gential Herpes) သည် လိင်မှတဆင့် အများဆုံးကူူးစက်တတ်သောရောဂါဖြစ်ပြီး ကျား၊ မ မရွေး ဖြစ်ပွားနိုင်ပါတယ်။ ၎င်းရောဂါသည် ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်သော Herpes Simplex Virus (HSV) ကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြီး ယခုအချိန်ထိ ခန္ဓာကိုယ်တွင်းသို့ ရောက်ရှိပြီးသားပိုးကို သတ်နိုင်သည့် ဆေးဝါးမပေါ်သေးပါဘူး။

 

♦ ြဖစ်ပွားရသည့် အကြောင်းရင်းများ

 

           Genital Herpes ကို ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်များမှာ -

HSV-1   -      HSV-1 ဗိုင်းရပ်စ်သည် ပါးစပ်တစ်၀ိုက်တွင် အရည်ကြည်ဖုများ၊ အနာများဖြစ်စေပြီး Oral Sex မှတဆင့် မျိုးပွားအင်္ဂါများသို့ ပျံ့နှံ့သွားပါတယ်။ HSV-2 ဗိုင်းရပ်စ်ပိုးလောက် ရောဂါမကြာခဏပြန်ကြွတာမျိုးမရှိပါဘူး။

HSV-2   -      HSV-2 ဗိုင်းရပ်စ်သည် လိင်မှတဆင့်ဖြစ်စေ၊ အသားချင်းထိစပ်၍ဖြစ်စေ ကူးနိုင်ပါတယ်။ မျိုးပွားအင်္ဂါများ တွင် ရေယုန်ဖြစ်စေတဲ့ အဓိကဗိုင်းရပ်စ်ဖြစ်ပြီး အရေပြားမှာ အနာရှိရှိ မရှိရှိ ကူးစက်နိုင်ပါတယ်။

 

 ရောဂါကူးစက်ခံရနိုင်ခြေများသူများ

 

၁။   အမျိုးသမီးများ - အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ရောဂါကူးစက်ခံရနိုင်ခြေပိုများပါတယ်။ အမျိုးသမီးကနေ အမျိုးသားဆီကူးတာထက် အမျိုးသားကနေ အမျိုးသမီးဆီကူးစက်တာ ပိုများပါတယ်။

၂။ တစ်ယောက်ထက်ပိုသော အိမ်ထောင်ဖက်ရှိသူများ

 

 ရောဂါလက္ခဏာများ

 

        အများစုတွင် ရောဂါလက္ခဏာပြခြင်းမရှိပါ။ ရောဂါလက္ခဏာပြလာပါက

-   မျိုးပွားအင်္ဂါများတွင် ယားယံခြင်း၊ နာကျင်ခြင်း ( ပိုး၀င်ပြီး ၂ ရက် မှ ၁၀ ရက် အတွင်း)

-   အနီဖုလေးများ(သို့) ပြည်ဖုလေးများပေါက်ခြင်း

-   ပြည်ဖုပေါက်သွားပြီး အနာဖြစ်ခြင်း

-   အနာဖေးတက်ခြင်း

-   ဆီးသွားရာတွင် နာကျင်ခြင်း

-   ဖျားနာခြင်း

-   ခေါင်းကိုက်ခြင်း

-   ပေါင်ခြံတွင် အကျိတ်ဖြစ်ခြင်း တို့ဖြစ်ပါတယ်။

             Genital Herpes ရဲ့ရောဂါလက္ခဏာများဟာ မကြာခဏပြန်ပေါ်လာတတ်ပြီး တစ်ယောက်နဲ့ တစ်ယောက် မတူညီကြပါဘူး။

 

 စစ်ဆေးခြင်း

 

          Herpes Simplex ဗိုင်းရပ်စ်ပိုးကို အောက်ပါနည်းလမ်းများဖြင့် ရှာဖွေစစ်ဆေးနိုင်ပါတယ်။

၁။ အနာ(သို့) အနာဖေးကို ဓာတ်ခွဲစစ်ဆေးခြင်း (Viral Culture)

၂။ သွေး(သို့) အနာ (သို့) ခါးဆစ်အတွင်းရှိ အရည် (Spinal Fluid) မှရရှိသော DNA ကို အသုံးပြု၍ စစ်ဆေးခြင်း (Polymerase Chain Reaction (PCR) Test)

၃။ သွေးထဲတွင် HSV Antibodies ရှိမရှိစစ်ဆေးခြင်း ( Blood Test )

 

 ကုသခြင်း

 

        ရှေ့မှာပြောခဲ့တဲ့အတိုင်းပဲ အခုချိန်ထိတော့ ရေယုန်ကိုပျောက်ကင်းအောင် ကုသနိုင်ခြင်းမရှိသေးပါဘူး။ အနာကျက်မြန်အောင်၊ ရောဂါ သက်သာအောင်၊ ခဏခဏပြန်ဖြစ်ခြင်းကို လျော့နည်းအောင်၊ အခြားသူများကို ကူးစက် ခြင်းမရှိအောင်တော့ ကုသပေးလို့ရပါတယ်။ ဒီအတွက် Acyclovir, Famciclovir နဲ့ Valacyclovir စတဲ့ Antiviral ဆေးဝါးတွေကို အသုံးပြုလေ့ရှိပါတယ်။

 

 နောက်ဆက်တွဲဆိုးကျိုးများ

 

-   လိင်မှတစ်ဆင့် ကူးစက်တတ်သော အခြားရောဂါများ ကူးစက်နိုင်ခြင်း

-   မိခင်မှကလေးသို့ ကူးစက်ခြင်း

-   ဆီးသွားရာတွင် ခက်ခဲခြင်း

-   ဦးနှောက်အမြှေးပါးရောင်ခြင်း

-   စအိုရောင်ရမ်းခြင်း

 

 ကြိုတင်ကာကွယ်ခြင်း

 

          လိင်အင်္ဂါ ရေယုန်ပေါက်ခြင်းမှ ကြိုတင်ကာကွယ်ရန် အောက်ပါနည်းလမ်းများကို လိုက်နာသင့်ပါ တယ်။

-    လိင်ဆက်ဆံတိုင်း ကွန်ဒုံးသုံးပါ။

-    ရေယုန်ပေါက်နေသော အဖော်နှင့် လိင်မဆက်ဆံပါနှင့်။

-    အကယ်၍ ကိုယ်၀န်ဆောင်မိခင်များတွင် ရေယုန်ပေါက်နေပါက ဆရာ၀န်နှင့်တိုင်ပင်၍ ကုသမှုခံယူသင့်ပါတယ်။ (မွေးဖွားခါနီးနှင့် မီးတွင်းကာလအတွင်း ရောဂါကြွလာမှုမရှိအောင် ကိုယ်၀န်နှောင်းပိုင်းကတည်းက ဆေးသောက်တာမျိုး၊ မီးဖွားတော့မယ့်အချိန်မှာမှ ရောဂါကြွနေရင် ခွဲစိတ်ပြီး မွေးဖွားတာမျိုး စတာတွေ ပြုလုပ်ဖို့လိုအပ်ပါတယ်။)

 

Dr. Htet Htet Aung

www.drmyanmar.com