/
node/1020

သားဥအိမ်ကင်ဆာ (Ovarian Cancer)

Category
ကျန်းမာရေး (A-Z)

        Ovarian Cancer သည် သားဥအိမ်တွင်ဖြစ်သော ကင်ဆာဖြစ်ပါတယ်။ အမျိုး သမီးတစ်ယောက်တွင် သားဥအိမ်နှစ်လုံးရှိပြီး သားအိမ်ရဲ့တဖက်တချက်မှာရှိပါတယ်။ သားဥအိမ်များသည် ဗာဒံစေ့ အရွယ်ရှိပြီး မမျိုးဥများထုတ်လုပ်ခြင်း၊ အီစထရိုဂျင်နှင့် ပရိုဂျက်စတိုဂျင်ဟော်မုန်းထုတ်လုပ်ခြင်း စတဲ့လုပ်ငန်းများ ကို ဆောင်ရွက်ပါတယ်။

ဖြစ်ပွားရသည့်အကြောင်းရင်း

          သားဥအိမ်ကင်ဆာဖြစ်ပွားရသည့်အကြောင်းအရင်းကို တိတိကျကျမသိရသော်လည်း ယေဘုယျအားဖြင့် မျိုးရိုးဗီဇတွင်မူမမှန်သော ပြောင်းလဲမှုများကြောင့် ပုံမှန်ဆဲလ်များမှာ ကင်ဆာဆဲလ်အဖြစ်သို့ ပြောင်းလဲသွားခြင်းဖြစ်ပါ တယ်။

သားဥအိမ်ကင်ဆာအမျိုးအစားများ

        ဆဲလ်အမျိုးအစားပေါ်မူတည်ပြီး သားဥအိမ်ကင်ဆာကို အမျိုးအစား(၃)မျိုးခွဲခြားနိုင်ပါတယ်။

1.    Epithelial tumours

      သားဥအိမ်၏ အပြင်ဘက်နံရံတလျှောက်ကို ဖုံးအုပ်ပေးထားသော တစ်သျှူးအလွှာတွင်းရှိ ဆဲလ်များမှ စတင်ဖြစ်လာသည့် ကင်ဆာ

2.    Stromal tumours

      သားဥအိမ်အတွင်းရှိ ဟော်မုန်းထုတ်လုပ်သော ဆဲလ်များမှ စတင်ဖြစ်လာသည့် ကင်ဆာ

3.    Germ cell tumours

      သားဥများထုတ်လုပ်ပေးသည့် ဆဲလ်များမှ စတင်ဖြစ်လာသည့် ကင်ဆာအမျိုးအစား (၃) ခုမှာ အဖြစ် အများဆုံးကတော့ Epithelial tumours ဖြစ်ပါတယ်။

သားဥအိမ်ကင်ဆာဖြစ်ပွားနိုင်ခြေများသူများ

သားဥအိမ်ကင်ဆာဖြစ်ပွားနှုန်းကို မြင့်တက်စေတဲ့အကြောင်းရင်းများမှာ -

-      အသက် 50 မှ 60 ကြားအမျိုးသမီးများ၊

-      မွေးရာပါ မျိုးရိုးဗီဇ BRCA 1 နှင့် BRCA 2 တွင် ပြောင်းလဲမှုရှိသူများ၊ 

-      အီထရိုဂျင်ဟော်မုန်းအစားထိုး ကုသမှုခံယူနေသူများ ( အထူးသဖြင့် ဆေးပမာဏများများနှင့် ကာလရှည် ကြာစွဲသောက်နေရသူများ)

-      အပျိုဖော်၀င်ချိန်စောသူများ ( အသက် ၁၂ နှစ်မတိုင်မီ )

-      သွေးဆုံးချိန် နောက်ကျသူများ ( အသက် ၅၂ နှစ်နောက်ပိုင်း )

-      ကိုယ်၀န်မဆောင်ဖူးသူများ

-      အ၀လွန်သူများ

-      အကြောင်းအမျိုးမျိုးကြောင့် ကလေးမရနိုင်သောအမျိုးသမီးများ

-      ဆေးလိပ်သောက်သူများ

-      သားဥအိမ်တွင် အရည်အိတ်များစွာရှိသောရောဂါလက္ခဏာစု (Polycystic Ovarian Syndrome) တု့ိဖြစ်ပါတယ်။

ရောဂါလက္ခဏာများ

        ကနဦးအဆင့်များတွင် ရောဂါလက္ခဏာပြလေ့ မရှိပါ။ သားဥအိမ်ကင်ဆာ၏ ရောဂါလက္ခဏာများမှာ -

-      ၀မ်းဗိုက်ဖောင်းကားခြင်း

-      အစားအနည်းငယ်စားရုံဖြင့် ရင်ခေါင်းတောင့်ခြင်း

-      လေပွခြင်း

-      အကြောင်းပြချက်မရှိဘဲ ကိုယ်လေးချိန်ကျဆင်းခြင်း

-      တင်ပဆုံတ၀ိုက်တွင် မအီမသာခံစားရခြင်း

-      ၀မ်းချုပ်ခြင်း၊

-      ဆီးခဏခဏသွားခြင်း တို့ဖြစ်ပါတယ်။

စစ်ဆေးခြင်း

          သားဥအိမ်ကင်ဆာရှိနေကြောင်းကို အာထရာဆောင်းရိုက်ခြင်း(USG) ဖြင့်လည်းကောင်း၊ CT Scan ဖြင့်လည်းကောင်း၊ သွေးထဲတွင် CA 125 ပရိုတင်းကိုစစ်ဆေးခြင်းဖြင့်လည်းကောင်း၊ သားဥအိမ်အတွင်းရှိ အသားစနှင့်၀မ်းဗိုက်အတွင်းရှိ အရည်များကို စစ်ဆေးခြင်းဖြင့်လည်းကောင်း သိနိုင်ပါသည်။

သားဥအိမ်ကင်ဆာ အဆင့်များ

        သားဥအိမ်ကင်ဆာကို အဆင့်(၄)ဆင့်ခွဲခြားနိုင်ပါတယ်။

အဆင့် I - သားဥအိမ်တစ်ခု (သို့) နှစ်ခုစလုံးတွင်သာ ကင်ဆာဆဲလ်များကို တွေ့ရခြင်း၊

အဆင့် II -  ကင်ဆာဆဲလ်များသည် တင်ပဆုံအတွင်းရှိ အခြားအစိတ်အပိုင်းများသို့ပါ ပျံ့နှံ့နေခြင်း၊

အဆင့် III - ၀မ်းဗိုက်အတွင်းတွင်ပါ ကင်ဆာဆဲလ်များပျံံ့နှံ့နေခြင်း၊

အဆင့် IV - ကင်ဆာဆဲလ်များသည် ၀မ်းဗိုက်၏ အေ၀းရှိ ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ပါ ပျံံ့နှံ့နေခြင်း၊

ကုသခြင်း

        သားဥအိမ်ကင်ဆာကုထုံးတွင် ခွဲစိတ်ကုသခြင်းနှင့် ကင်ဆာဆေးသွင်း၍ ကုသခြင်းတို့ကို ပေါင်းစပ်အသုံးပြု လေ့ရှိပါတယ်။

ခွဲစိတ်ခြင်း

        ကင်ဆာအဆင့် (I) ရှိသော အမျိုးသမီးများတွင် ကင်ဆာဖြစ်နေသော သားဥအိမ်နှင့် ၎င်းဘက်အခြမ်းရှိ မျိုးဥပြွန်များကို ခွဲစိတ်ခြင်းဖြင့် ကုသနိုင်သော်လည်း အခြားသောအဆင့်များတွင် လိုအပ်ပါက သားဥအိမ် ၂ ခုလုံး ကိုသာမက မျိုးဥပြွန်များ၊ သားအိမ်၊ သားအိမ်အနီးအနားရှိ ပြန်ရည်ကြောအကျိတ်များနှင့် ကင်ဆာဆဲလ်ပျံ့နံ့ှ နေသော အဆီတစ်သျှူးများကို  ဖယ်ရှားခြင်းတို့ကို ပြုလုပ်ရပါတယ်။

          ဒါကြောင့် အဆင့်စောစောကတည်းကသိရင် ကောင်းတဲ့သားဥအိမ်တစ်လုံး ကျန်နေသေးတဲ့အတွက် ကလေးမရှိသေးသူတွေအဖို့ ကိုယ်၀န်ဆောင်ရန် အခွင်အရေးရနိုင်ပါသေးတယ်။

ကင်ဆာဆေးသွင်း၍ကုသခြင်း ( Chemotherapy)

        ခွဲစိတ်မှုပြုလုပ်ပြီးပါက ကျန်ရှိနေသော ကင်ဆာဆဲလ်များကို ကင်ဆာဆေးများသွင်းခြင်းဖြင့် ကုသနိုင်ပါတယ်။

        ကင်ဆာအဆင့်မြင့်နေပါက ကင်ဆာဆေးသွင်းခြင်းးကို ကနဦးကုသမှုအဖြစ်လည်း အသုံးပြုကြပါတယ်။

သားဥအိမ်ကင်ဆာ ေ၀ဒနာရှင်များအတွက် အကြံပြုချက်များ

          ကင်ဆာရောဂါကြောင့်ဖြစ်လာမယ့် စိတ်ဖိစီးမှုများကို အောက်ပါနည်းလမ်းများဖြင့် အနိုင်ယူပါ။

၁။ သားဥအိမ်ကင်ဆာေ၀ဒနာကို ခံစားနေရပါက မိမိတကိုယ်တည်းမနေဘဲ သူငယ်ချင်းများနှင့်အတူတူ စကား လက်ဆုံကြရင်း ခံစားချက်များကို ေ၀မျှပါ။

၂။ လိုအပ်ပါက မိသားစု၀င်များ၊ အပေါင်းအသားများရဲ့ အကူအညီကိုယူပါ။

၃။ စိတ်၀င်စားရာ အလုပ်တစ်ခုခုကို ပန်းတိုင်တစ်ခုထားပြီး လုပ်ဆောင်ပေးပါ။

၄။ အာဟာရပြည့်၀အောင်စားပါ။

၅။ အနားယူပါ။

၆။ သက်တောင့်သက်သာနေပါ။

၇။ စိတ််တည်ငြိမ်မှုရှိအောင် တရားထိုင်ပါ။

ကာကွယ်ခြင်း

        သားဥအိမ်ကင်ဆာရောဂါကို ကာကွယ်နိုင်တဲ့နည်းလမ်းမရှိသော်လည်း အောက်ဖော်ပြပါအကြောင်း အရာများက ကင်ဆာဖြစ်ပွားနှုန်းကို လျော့ချပေးနိုင်ပါတယ်။

-      သနေ္ဓတားဆေးများကို 10 နှစ်ကျော်အသုံးခြင်း

-      ကိုယ်၀န်ဆောင်ဖူးခြင်း

-      မိခင်နို့တိုက်ကျေွးခြင်း

-      အက်စပရင် (Aspirin) ဆေးဝါးကို နေ့စဉ်သုံးစွဲခြင်း ( ဆရာ၀န်ညွှန်ကြားမှသာ သောက်ရန်)

သားဥအိမ်ကင်ဆာေ၀ဒနာရှင်များ စားသုံးသင့်သည့်အစားအစာများ

        သားဥအိမ်ကင်ဆာေ၀ဒနာရှင်များအနေဖြင့် ခုခံအားစနစ်ကောင်းမွန်စေရန်၊ ခန္ဓာကိုယ်မှ ကင်ဆာဆဲလ်များ ကို တိုက်ထုတ်နိုင်ရန် အာဟာရပြည့်၀အောင်စားသုံးသင့်ပါတယ်။

၁။ ဟင်းသီဟင်းရွက်များ

        ဟင်းနုနွယ်၊ ပြောင်းဖူး၊ ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီနှင့် အစိမ်းရင့်ရောင်ရှိသော ဟင်းသီးဟင်းရွက်များတွင် Carotenoids ဟုခေါ်သော ရောင်ခြယ်ပစ္စည်းပါ၀င်သဖြင့် ကင်ဆာရောဂါကို တိုက်ထုတ်ရာမှာ အရေးပါသော အစားအစာများဖြစ်ပါတယ်။

        ခရမ်းချဉ်သီးမှာ Lycopene ဓါတ်ပါ၀င်ပြီး ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိတာကြောင့် ခန္ဓာကိုယ်တွင်းရှိ DNA များပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

၂။ လက်ဘက်ရည

        လက်ဘက်ရည်တွင် သားဥအိမ်ကင်ဆာနှင့် ရင်သားကင်ဆာကို တိုက်ထုတ်ရာမှာ ကူညီပေးနိုင်တဲ့ အစွမ်းထက်ဂုဏ်သတ္တိတွေရှိပါတယ်။ အာနိသင်ပိုမိုအစွမ်းထက်လိုပါက ဂျင်းစိမ်းလက်ဖက်ရည်ကို သောက်သုံးနိုင်ပါ တယ်။

         သားဥအိမ်ကင်ဆာေ၀ဒနာရှင်များအနေဖြင့် စားသုံးသင့်တဲ့အခြားအစားအစာတွေ ကတော့ ပြောင်းနှံတစ်ခု လုံးပါ၀င်တဲ့ အစားအစာများ (ဆန်လုံးညို၊ ပေါင်မုန့်ညို)နှင့် တို့ဖူး၊ ပဲနို့စတာတွေ ပဲဖြစ်ပါတယ်။

သားဥအိမ်ကင်ဆာေ၀ဒနာရှင်များ မစားသုံးသင့်သည့်အစားအစာများ

        သားဥအိမ်ကင်ဆာေ၀ဒနာရှင်များအနေဖြင့် ဆီကြော်မုန့်များ၊ အသင့်စားအစားအစာများ၊ အချိုဓါတ်လွန်ကဲ သောအစားအစာများ၊ အလွန်အမင်းသန့်စင်ထားတဲ့ ဆန်နှင့်သကြားများကို ရှောင်ရှားသင့်ပါတယ်။

အိမ်တွင်းကုထုံးများ

        သားဥအိမ်ကင်ဆာကုထုံး ခံယူနေသူများအနေဖြင့် ကုထုံးများ၏ဘေးထွက်ဆိုးကျိုးများကို ခံစားရနိုင်ပါတယ်။ ထိုသို့ခံစားရပါက အောက်ပါနည်းလမ်းများကို လိုက်နာဆောင်ရွက်သင့်ပါတယ်။

၁။ ပျို့အန်ခြင်းကိုခံစားရပါက ဂျင်းစိမ်းလက်ဘက်ရည်သောက်ပေးပါ။ သကြားလုံးငုံပေးပါ၊

၂။ ၀မ်းလျောနေပါက ဆားအနည်းငယ်ပါသော ခရပ်ကာ (Crackers) နှင့် ရေကိုနည်းနည်းနှင့် ခဏခဏစားပေးပါ။

၃။ ၀မ်းချုပ်နေပါက ရေများများသောက်ပြီး အမျှင်ဓါတ်ကြွယ်၀တဲ့အစားအသောက်တွေကို များများစားပေးပါ။     (၀မ်းနှုတ်ဆေးကို ဆရာ၀န်ညွှန်ကြားမှသာ သောက်ပါ။)

၄။ သင့်တင့်တဲ့လေ့ကျင့်ခန်းပြုလုပ်ပါ။

၅။ အနားယူပါ။

 

Dr. Htet Htet Aung

www.drmyanmar.com