ဓာတ်လိုက်ခြင်းအတွက် ရှေးဦးကုသမှု
ဓာတ်လိုက်လို့ထိခိုက်ဒဏ်ရာရခဲ့လျှင် ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးသွားရပါမယ်။
၁။ လျှပ်စီးကြောင်းရှိတဲ့နေရာမှေ၀းသောနေရာသို့ လူနာကိုရွေ့ပါ။
circuit breaker, fuse box (သို့) Outside Switch တို့မှတဆင့် လျှပ်စစ်စီးဆင်းမှုဖြတ်တောက်ပါ။
မီးမပိတ်နိုင်လျှင် လျှပ်စစ်မစီးကူးနိုင်တဲ့ သစ်သားပြား၊ ပလပ်စတစ် တံမြက်စည်းရိုး၊ သစ်သားထိုင်ခုံ၊ ရာဘာခြေသုတ်ခုံတို့ကိုအသုံးပြု၍ဓာတ်လိုက်နေသူကို လျှပ်စစ်စီးကြောင်းမှ ဖယ်ထုတ်ပါ။
အကူအညီပေးလာသူရဲ့ ခြေထောက် (သို့) ခန္ဓာကိုယ်အောက်ပိုင်းက တစစ်စစ်ခံစားနေရလျှင် ဓာတ်လိုက်နေသူကိုမကူညီသေးဘဲ လျှပ်စီးကြောင်းစီးနင်းမှုမရှိတဲ့နေရာကိုရွေးပြီးနေပါ။
၂။ လိုအပ်လျှင် CPR ပြုလုပ်ပါ။
အသက်မရှူတော့ရင် (သို့) နှလုံးခုန်ရပ်သွားလျှင် လူကြီးအတွက် CPR နဲ့ ကလေးအတွက် CPR နှစ်မျိုး ထဲကအသက်အရွယ်အပိုင်းအခြားအလိုက် ကိုက်ညီတဲ့ CPR နည်းစနစ်နဲ့ အသက်ကယ်ပါ။
ဓာတ်လိုက်ခံရသူကလူကြီးဆိုလျှင် မိမိ၏လက်ဝါးနှစ်ဖက်ကိုထပ်ပြီးရင်အုံနှစ်ဖက်၏ အလယ်၊ ရင်ညွန့်ရိုး အပေါ်မှာတင်ပါ။
ကလေးငယ်ဆိုလျှင် ရင်ညွှန့်ရိုးပေါ်ကိုလက်နှစ်ချောင်းတင်ပြီးဖိပေးရပါမယ်။
မိမိ၏လက်နှစ်ဘက်ကို ဆန့်တန်းထားပြီးကိုယ်အလေးချိန်ကို မိမိလက်နှစ်ဖက်အပေါ်သို့ ပြောင်းရွှေ့ကာ လက်ဝါးဖြင့် ရင်ဘတ်ကို ၂ လက်မလောက်ထိနိမ့်သွားအောင် ဖိပေးရပါမယ်။ နံရိုးပေါ်ကို မဖိမိအောင် ဂရုစိုက် ရပါမယ်။ နို့စို့အရွယ်ကလေးတွေကိုတော့ ၁ လက်မလောက်သာနိမ့်သွားအောင် ဖိပေးရပါမယ်။
နှစ်လက်မခန့်ကျသွားအောင်ဖိပြီးပါကလက်ကိုလုံး၀ကြွလိုက်ရပါမယ်။ တစ်မိနစ်လျှင် အကြိမ် ၁၀၀ နှုန်းနဲ့ ရင်ဘတ်ကိုအကြိမ် ၃၀ ဖိပေးရပါမယ်။ တစ်ကြိမ်နဲ့တစ်ကြိမ်ကြား ရင်ဘတ်မို့လာတဲ့အချိန်ကို ခဏစောင့်ပေးရပါမယ်။
အသက်ရှူပြီလားဆိုတာကိုလည်းအမြဲသတိထားကြည့်ရပါမယ်။
အသက်မရှူလာမချင်း CPR ပြုလုပ်ပေးပါ။
CPR ပြုလုပ်တာနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူဆိုရင်တော့လူနာ၏ခေါင်းကို မော့ပေးခြင်း၊ မေးစေ့ကို အပေါ်သို့ ပင့်ပေးခြင်းဖြင့် အသက်ရှူလမ်းကြောင်းကို ပွင့်အောင်လုပ်ပေးရပါမယ်။ နှာခေါင်းကို လက်နဲ့ ညှစ်ထားပြီး လူနာနဲ့ ပါးစပ်ချင်းတေ့ကာ လေနှစ်ခါမှုတ်သွင်းပေးပြီး ရင်ဘတ်ကိုအကြိမ် ၃၀ ဖိပေးရပါမယ်။ ထိုသို့ ရင်ဘတ်ကို အကြိမ် ၃၀ ဖိပေးခြင်း၊ လေနှစ်ခါမှုတ်ပေးခြင်းတို့ကိုအသက်မရှူ မချင်းပြုလုပ်ပေးရပါမယ်။
၃။ အခြားထိခိုက်တဲ့ဒဏ်ရာတွေကိုကုသပါ။
ဓာတ်လိုက်ခြင်းခံလိုက်ရတဲ့အတွက် ပူးတွဲဒဏ်ရာအနာတရတွေပါရရှိနိုင်ပါသေးတယ်။ (ဥပမာ - လဲကျသွားတဲ့အတွက် အရိုးကျိုးခြင်း၊ သွေးထွက်သံယိုဖြစ်ခြင်း၊ မီးလောင်ခြင်း)
ဒါကြောင့် ဓာတ်လိုက်ခံရပြီး ပြန်ကောင်းသွားရင်တောင်လိုအပ်သည်များကို စမ်းသပ်စစ်ဆေးပြီး ကုသမှု ခံယူရန်ဆေးရုံ၊ ဆေးခန်းသို့သွားရောက်သင့်ပါတယ်။






























