/
node/1047

သတိလစ်မေ့မျော့ခြင်းအတွက် ရှေးဦးကုသမှု

Category
အရေးပေါ်ကုသနည်းများ

၁။     အရေးပေါ်အခြေအနေကိုသတိပြုပါ။

-      မျက်နှာနှင့် နှုတ်ခမ်းများပြာနှမ်းလာခြင်း

-      နှလုံးခုန်မမှန်ခြင်း (သို့) နှလုံးခုန်နှေးခြင်း

-      ရင်ဘတ်အောင့်ခြင်း

-      အသက်ရှူရခက်ခြင်း

-      သတိလစ်ချိန်ကြာနေခြင်း

-      ပြန်သတိရလာပြီးနောက်ပိုင်း အာရုံစုစည်း၍မရတော့ခြင်းစသည့် လက္ခဏာများကြုံတွေ့ရပါက အရေးပေါ် အခြေအနေအဖြစ်မှတ်ယူရပါမယ်။

၂။     သတိလစ်နေသူကိုသက်တောင့်သက်သာဖြစ်အောင်ထားပါ။

-      သတိလစ်နေသူကိုမြေပြင်ညီညာသည့် တစ်နေရာတွင် လှဲပေးထားပါ။

-      ဦးနှောက်သို့ သွေးစီးဆင်းစေရန် ခြေထောက်ကို 45 ဒီဂရီမြှောက်ထားပါ။

-      တင်းကျပ်နေသောအ၀တ်အစားများကို ဖယ်ရှားပြီး ချောင်ချိသော အ၀တ်များပြောင်းလဲ၀တ်ဆင်ပေးပါ။

၃။     သတိပြန်လည်လာအောင် ပြုလုပ်ပါ။

-      သတိလစ်နေသူအားအတင်းလှုပ်ပေးခြင်း၊ အကျယ်ကြီးအော်ပေးခြင်းဖြင့် သတိပြန်လည်လာအောင် လုပ်ပေးရပါမယ်။

-      သတိပြန်ရလာပါကသစ်သီးဖျော်ရည် (တစ်မျိုးမျိုးတိုက်ပေးပါ။ အထူးသဖြင့် ဆီးချိုရောဂါရှိသူဖြစ်ပါ က သွေးတွင်းအချိုဓာတ်ကို ချက်ချင်းတိုင်းပြီး အချိုဓာတ်နည်းနေပါက သကြားလုံးနှင့်ဖျော်ရည် တစ်မျိုးမျိုး တိုက်ကျေွးပေးရပါမယ်။

၄။     လိုအပ်ရင် CPR လုပ်ပါ။

         သတိလစ်တဲ့အပြင် အသက်ရှူပါရပ်သွားတယ်ဆိုရင် လူနာကိုမာတဲ့ကြမ်းပြင်မှာ ပက်လက်အိပ်စေပြီးရင်ဘတ်ဖိနည်း CPR ပြုလုပ်ပေးရပါမယ်။

        လူကြီးဆိုလျှင် မိမိ၏လက်ဝါးနှစ်ဖက်ကိုထပ်ပြီးရင်အုံနှစ်ဖက်၏ အလယ်၊ ရင်ညွန့်ရိုး အပေါ်မှာတင်ပါ။

        ကလေးငယ်ဆိုလျှင် ရင်ညွှန့်ရိုးပေါ်ကိုလက်နှစ်ချောင်းတင်ပြီးဖိပေးရပါမယ်။

        မိမိ၏လက်နှစ်ဘက်ကို ဆန့်တန်းထားပြီးကိုယ်အလေးချိန်ကို မိမိလက်နှစ်ဖက်အပေါ်သို့ ပြောင်းရွှေ့ကာ လက်ဝါးဖြင့် ရင်ဘတ်ကို ၂ လက်မလောက်ထိနိမ့်သွားအောင် ဖိပေးရပါမယ်။ နံရိုးပေါ်ကို မဖိမိအောင် ဂရုစိုက် ရပါမယ်။ နို့စို့အရွယ်ကလေးတွေကိုတော့ ၁ လက်မလောက်သာနိမ့်သွားအောင် ဖိပေးရပါမယ်။

       နှစ်လက်မခန့်ကျသွားအောင်ဖိပြီးပါကလက်ကိုလုံး၀ကြွလိုက်ရပါမယ်။ တစ်မိနစ်လျှင် အကြိမ် ၁၀၀ နှုန်းနဲ့ ရင်ဘတ်ကိုအကြိမ် ၃၀ ဖိပေးရပါမယ်။ တစ်ကြိမ်နဲ့တစ်ကြိမ်ကြား ရင်ဘတ်မို့လာတဲ့အချိန်ကို ခဏစောင့်ပေးရပါမယ်။

        အသက်ရှူပြီလားဆိုတာကိုလည်းအမြဲသတိထားကြည့်ရပါမယ်။

        အသက်မရှူလာမချင်း CPR ပြုလုပ်ပေးပါ။

        CPR ပြုလုပ်တာနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူဆိုရင်တော့လူနာ၏ခေါင်းကို မော့ပေးခြင်း၊ မေးစေ့ကို အပေါ်သို့ ပင့်ပေးခြင်းဖြင့် အသက်ရှူလမ်းကြောင်းကို ပွင့်အောင်လုပ်ပေးရပါမယ်။ နှာခေါင်းကို လက်နဲ့ ညှစ်ထားပြီး လူနာနဲ့ ပါးစပ်ချင်းတေ့ကာ လေနှစ်ခါမှုတ်သွင်းပေးပြီး ရင်ဘတ်ကိုအကြိမ် ၃၀ ဖိပေးရပါမယ်။ ထိုသို့ ရင်ဘတ်ကို အကြိမ် ၃၀ ဖိပေးခြင်း၊ လေနှစ်ခါမှုတ်ပေးခြင်းတို့ကိုအသက်မရှူ မချင်းပြုလုပ်ပေးရပါမယ်။

၅။     ဆေးရုံ၊ ဆေးခန်းသို့သွားပါ။

          အောက်ဖော်ပြပါအခြေအနေမျိုးဆိုလျှင် ဆေးရုံဆေးခန်းသို့ ချက်ချင်းသွားရောက်ပြီး ကုသမှုခံယူသင့်ပါတယ်။

-        သတိလစ်နေတဲ့အချိန်မှာ ခေါင်းကိုတစ်စုံတစ်ခုနဲ့ထိခိုက်မိလျှင်

-        သတိလစ်ခြင်းဟာ တစ်လမှာတစ်ကြိမ် ထက်ပို၍ဖြစ်တတ်လျှင်

-        ကိုယ်၀န်ဆောင်သည်၊ နှလုံးအားနည်းနေသူနဲ့ အခြားရောဂါ ပြင်းပြင်းထန်ထန်ရှိသူတွေ သတိလစ်လျှင်

-         ဖြစ်လေ့ဖြစ်ထမရှိတဲ့ ေ၀ဒနာတွေဖြစ်တဲ့ ရင်ဘတ်နာခြင်း၊ အသက်ရှူ မ၀ခြင်း၊ ခေါင်းနောက်ခြင်း၊ အမြင်အာရုံေ၀ဝါးခြင်း၊ အသံ၀င်ခြင်းစတဲ့ ရောဂါလက္ခဏာတွေနဲ့ တွဲပြီးဖြစ်လာလျှင် ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံးသွားရောက်ပြီး လိုအပ်သော စစ်ဆေးကုသမှုများကို ခံယူရပါမယ်။

 

Dr. Htet Htet Aung

www.drmyanmar.com

အရေးပေါ်ကုသနည်းများ