ဦးခေါင်းထိခိုက်ဒဏ်ရာရခြင်းအတွက် ရှေးဦးသူနာပြုနည်း
အောက်ပါလက္ခဏာများတွေ့ရှိပါက ဆေးရုံသို့ အမြန်ဆုံးခေါ်ဆောင်သွားသင့်ပါတယ်။
- နားနှင့်နှာခေါင်းတို့မှ သွေးထွက်ခြင်း၊
- သတိမေ့ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ခေါင်းမူးခြင်း၊
- အမြင်မှုန်ဝါးခြင်း၊ နှစ်ထပ်ဖြစ်ခြင်း၊ သူငယ်အိမ်အရွယ်မညီမျှခြင်း၊
- စကားဗလုံးဗထွေးပြောခြင်း၊
- လည်ပင်းရိုးကျိုးနေ၊ မနေစစ်ပါ။ အသက်ရှူခြင်းရှိ၊ မရှိစစ်ဆေးပါ။ သွေးလည်ပတ်မှုရှိ၊ မရှိလက် ကောက်၀တ် သွေးကြောကို စမ်းသပ်ပါ။
၁။ လိုအပ်ရင် CPR လုပ်ပါ။
အသက်ရှူ ရပ်သွားတာမျိုး(သို့) နှလုံးမခုန်တော့တာမျိုးနဲ့ ကြုံရရင် လူနာကိုမာတဲ့ကြမ်းပြင်မှာ ပက်လက်အိပ်စေပြီးရင်ဘတ်ဖိနည်း CPR ပြုလုပ်ပေးရပါမယ်။
လူကြီးဆိုလျှင် မိမိ၏လက်ဝါးနှစ်ဖက်ကိုထပ်ပြီးရင်အုံနှစ်ဖက်၏ အလယ်၊ ရင်ညွန့်ရိုး အပေါ်မှာတင်ပါ။
ကလေးငယ်ဆိုလျှင် ရင်ညွှန့်ရိုးပေါ်ကိုလက်နှစ်ချောင်းတင်ပြီးဖိပေးရပါမယ်။
မိမိ၏လက်နှစ်ဘက်ကို ဆန့်တန်းထားပြီးကိုယ်အလေးချိန်ကို မိမိလက်နှစ်ဖက်အပေါ်သို့ ပြောင်းရွှေ့ကာ လက်ဝါးဖြင့် ရင်ဘတ်ကို ၂ လက်မလောက်ထိနိမ့်သွားအောင် ဖိပေးရပါမယ်။ နံရိုးပေါ်ကို မဖိမိအောင် ဂရုစိုက် ရပါမယ်။ နို့စို့အရွယ်ကလေးတွေကိုတော့ ၁ လက်မလောက်သာနိမ့်သွားအောင် ဖိပေးရပါမယ်။
နှစ်လက်မခန့်ကျသွားအောင်ဖိပြီးပါကလက်ကိုလုံး၀ကြွလိုက်ရပါမယ်။ တစ်မိနစ်လျှင် အကြိမ် ၁၀၀ နှုန်းနဲ့ ရင်ဘတ်ကိုအကြိမ် ၃၀ ဖိပေးရပါမယ်။ တစ်ကြိမ်နဲ့တစ်ကြိမ်ကြား ရင်ဘတ်မို့လာတဲ့အချိန်ကို ခဏစောင့်ပေးရပါမယ်။
အသက်ရှူပြီလားဆိုတာကိုလည်းအမြဲသတိထားကြည့်ရပါမယ်။
အသက်မရှူလာမချင်း CPR ပြုလုပ်ပေးပါ။
CPR ပြုလုပ်တာနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူဆိုရင်တော့လူနာ၏ခေါင်းကို မော့ပေးခြင်း၊ မေးစေ့ကို အပေါ်သို့ ပင့်ပေးခြင်းဖြင့် အသက်ရှူလမ်းကြောင်းကို ပွင့်အောင်လုပ်ပေးရပါမယ်။ နှာခေါင်းကို လက်နဲ့ ညှစ်ထားပြီး လူနာနဲ့ ပါးစပ်ချင်းတေ့ကာ လေနှစ်ခါမှုတ်သွင်းပေးပြီး ရင်ဘတ်ကိုအကြိမ် ၃၀ ဖိပေးရပါမယ်။ ထိုသို့ ရင်ဘတ်ကို အကြိမ် ၃၀ ဖိပေးခြင်း၊ လေနှစ်ခါမှုတ်ပေးခြင်းတို့ကိုအသက်မရှူ မချင်းပြုလုပ်ပေးရပါမယ်။
၂။ သွေးထွက်လွန်ခြင်းကို တားဆီးနိုင်ရန်ဒဏ်ရာကို သန့်ရှင်းသောပတ်တီးစဖြင့် စည်းထားပါ။
၃။ ရောင်ရမ်းမှုကိုလျော့ချနိုင်ရန် ၄ နာရီခြားတစ်ခါ ရေခဲကပ်ပေးပါ။ တခါကပ်လျှင် မိနစ် ၃၀ လောက် ထားပေးပါ။
၄။ ခေါင်းကိုက်ေ၀ဒနာအတွက် ပါရာစီတမောကိုအသုံးပြုနိုင်ပါတယ်။
အက်စပရင် (Aspirin)၊ အိုင်ဗျူပရိုဖန် (Ibuprofen) စတဲ့ဆေးဝါးတွေကတော့ သွေးယိုစီးမှုကိုဖြစ်စေတာကြောင့် အသုံးပြုဖို့မသင့်ပါဘူး။
၅။ သေးငယ်သောဒဏ်ရာဖြစ်ပါက အရေးမကြီးလှသော်လည်း အောက်ပါလက္ခဏာများတွေ့ရပါက ဆရာ၀န် ဆီသို့အမြန်ခေါ်ဆောင်သွားပါ။
- ခေါင်းပိုကိုက်လာခြင်း၊
- ခေါင်းပိုမူးလာခြင်း၊
- ခဏခဏအန်ခြင်း
၆။ ခေါင်းထိခိုက်ဒဏ်ရာရထားသောသူအား တစ်ယောက်တည်းမနေစေပါနှင့် နိုးကြားမှုရှိ၊ မရှိ ၁ နာရီခြား တစ်ခါစစ်ဆေးပါ။ စိတ်ရှုပ်ထွေးခြင်း၊ အန်ခြင်း၊ သူငယ်အိမ်အရွယ်အစားမညီမျှခြင်း၊ ပုံမှန်မဟုတ်သောအပြု အမူများပြုမူခြင်းရှိ၊ မရှိသေချာစွာ စောင့်ကြည့််ပါ။






























