/
node/3836

၉လအတွင်းမှာ အံ့သြစရာကောင်းလောက်အောင် ပေါင်(၂၀၀)ခန့် ကျဆင်းသွားတဲ့ Mr.Jonathan

Category
အောင်မြင်စွာ ၀ိတ်ချ နိုင်သူများ

          ကျွန်တော့်နာမည်က Jonathan Walters ဖြစ်ပြီး ဇနီးတစ်ယောက်နဲ့ သား၃ယောက်ရှိပါ တယ်။ ငယ်စဉ်ကတည်းက ကျွန်တော့်မှာ ကိုယ်ခန္ဓာအလေးချိန်နဲ့ပတ်သက်ပြီး အမြဲစိတ်ညစ်နေရ ပါတယ်။ အထက်တန်းကျောင်းသားဘ၀မှာ ဘောင်းဘီဆိုဒ် ၅၀ကို ၀တ်ဆင်ခဲ့ရပြီး သူငယ်ချင်းတွေ ရဲ့ စနောက်မှုကိုအမြဲခံခဲ့ရတယ်။ ဒါကြောင့် နောက်ဆုံးမှာ ဖခင်ဆီကိုသွားပြီး ကျောင်းထွက်ဖို့ အထိကိုပြောပြခဲ့ပါတယ်။ အဲဒီအချိန်မှာ အဖေဟာ စကားတစ်ခွန်းကိုသာ ပြန်ပြောခဲ့ပါတယ်။ အဲဒါ ကတော့ “သား John, နှုတ်ထွက်ခြင်းဆိုတာ ဘ၀မှာအခြားဘယ်အရာနဲ့မှမတူပါဘူး။ အဲဒါဟာ အ စပိုင်းမှာသာ ခက်ခဲနေလိမ့်မယ်။ နောက်ပိုင်းမှာတော့ အကျင့်ဖြစ်သွားပြီး ဖျောက်ဖျက်ပစ်ဖို့ ခက်ခဲ လာမှာသေချာပါတယ်”တဲ့။ အဖေရဲ့ ဒီစကားတစ်ခွန်းကြောင့် ကျောင်းထွက်မယ့် အစီအစဉ်ကို ရုပ် သိမ်းလိုက်ပြီး ၂၀၀၆ ခုနှစ်မှာ အထက်တန်းအောင်မြင်အောင် ဖြေဆိုနိုင်ခဲ့ပါတယ်။ အဲဒီအချိန်မှာမှ အဖေပြောတဲ့စကားတွေဟာ အရမ်းကိုမှန်ကန်ခဲ့တယ်ဆိုတာကို မျက်မြင်ကိုယ်တွေ့သိရှိလိုက်ရပါ တယ်။

          ဒါပေမဲ့လည်း နောက်ပိုင်းမှာ ကောလိပ်ကျောင်းထွက်ခဲ့ပြီး အလုပ်ပေါင်းများစွာကိုလည်း အတည်တကျမရှိဘဲ ထွက်လိုက်၀င်လိုက်လုပ်ခဲ့ပါတယ်။

 

ပြိုလဲခဲ့ရတဲ့ ကျွန်တော့်ရဲ့ကမ်ဘာ

          ၂၀၁၃ခုနှစ် မေလ ၆ရက်နေ့မှာ အသက်၅၃နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကျွန်တော့်ဖခင်ဟာ နှလုံး ရောဂါနဲ့တိမ်းပါးသွားခဲ့တယ်ဆိုတဲ့ သတင်းဆိုးကြီးတစ်ခုကို ကြားသိခဲ့ရပါတယ်။ အဖေဟာ ကျွန်တော့်လို ပုံပျက်ပန်းပျက်နဲ့ အ၀လွန်နေတဲ့လူတစ်ယောက် မဟုတ်ပါဘူး။ ဒါ့အပြင် ဘာရောဂါမှလည်း ကြီးကြီးမားမားမရှိပါဘူး။ ဒါကြောင့် အဖေရဲ့သေဆုံးမှုဟာ ကျွန်တော့်အတွက်တော့ ဘယ် လိုမှ လက်ခံနိုင်စရာမရှိတဲ့၊ ဘယ်လိုမှမမျှော်လင့်ထားတဲ့ အရာကြီးပါပဲ။

          ကျွန်တော်ဟာ မျှော်လင့်ချက်တွေကုန်ဆုံးသွားပြီး ဆက်သွယ်ရေးဆိုင်ရာ အရောင်းကိုယ် စားလှယ်တစ်ဦးအဖြစ် လက်ရှိလုပ်ကိုင်နေတဲ့အလုပ်ကို ထွက်ခဲ့ပါတယ်။ ဒီအကြောင်းတွေကိုလည်း ကျွန်တော့်ဇနီးနဲ့သားသုံးယောက်ကလွဲပြီး ဘယ်သူ့ကိုမှ အသိမပေးခဲ့ပါဘူး။

          အဖေဆုံးပါးပြီးနောက်ပိုင်းမှာ အစားအသောက်တွေကို ယခင်ကထက် ပိုမိုစားသောက်ခဲ့ပြီး ခံစားရတဲ့ နာကျင်မှုတွေကို အစားအသောက်နဲ့ ကုသခဲ့ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အလေးချိန်က ပိုမိုတက်လာပြီး ညဘက်တွေမှာဆိုရင် ရင်ဘတ်ပေါ်ကို လေးလံတဲ့အရာကြီးဖိထားသလို ခံစားမှုမျိုးအထိတောင် ခံစားနေခဲ့ရပါတယ်။

 

မျှော်လင့်ချက်ရောင်ခြည် လင်းလက်လာသောနေ့

          ပထမပိုင်းမှာ အစားအသောက်တွေကိုစွဲလမ်းနှစ်သက်ခြင်းရောဂါရဲ့ သားကောင်တစ် ယောက်ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ တိတိကျကျပြောရမယ်ဆိုရင် ဇူလိုင်လ ၁၈ရက် နေ့ မနက်ခင်းအိပ်ရာနိုးထလာတဲ့အချိန်မှာ အသိတရားတစ်ခုရရှိလာပြီး ဆုံးဖြတ်ချက်တစ်ခုခုကို ခိုင်ခိုင်မာမာချလိုက်ပါတယ်။ အဲဒါဟာ ကိုယ်အလေးချိန်ကို လျှော့ချသင့်ပြီဆိုတာပါပဲ။ ကျွန်တော်ဟာ မိသားစုကို ၀န်ထုပ်၀န်ပိုးတစ်ခုဖြစ်စေခဲ့ပြီး ကိုယ်အလေးချိန်ကြောင့် နေ့စဉ်နဲ့အမျှ အချိန်တိုင်း စက္ကန့်တိုင်း မအီမသာခံစားမှုမျိုးကို ခံစားနေခဲ့ရပြီးပြီ။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အမြန်ပြင်အစား အစာဆိုင်တွေရဲ့ နေ့စဉ်ဖောက်သည်တစ်ယောက်ဘ၀ကိုလည်း ရောက်ခဲ့ရပြီးပြီ။ အခုအချိန်မှာ ဒါ တွေအားလုံးကို ရပ်တန်းကရပ်ပြီး ဘ၀သစ်တစ်ခုကို ပြန်လည်စသင့်ပြီလို့ တွေးမြင်လာမိပါတယ်။

 

လက်တွေ့အကောင်အထည်ဖော်

          ကိုယ်အလေးချိန်လျှော့ချချင်ပေမယ့် လက်တွေ့မှာ ဘာက ဘယ်လိုစတင်လုပ်ဆောင်ရ မယ်ဆိုတာကို သေချာမသိပါဘူး။ ဒါကြောင့် ဆရာ၀န်တစ်ယောက်ဆီသွားပြီး ဆွေးနွေးတိုင်ပင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်တော်ဟာ ဘာခွဲစိတ်ကုသမှုကိုမှလည်း မလုပ်ချင်ခဲ့ပါဘူး။ ဆေးခန်း ရောက်တော့ တစ်ယောက်စာထိုင်ခုံမှာထိုင်ဖို့ ကျွန်တော့်ရဲ့ခန္ဓာကိုယ်ကမဆံ့တဲ့အတွက် ခုံတန်းရှည် ကြီးပေါ်မှာပဲ ထိုင်စောင့်ခဲ့ရပါတယ်။

          ကိုယ်ခန္ဓာအလေးချိန်လျှော့ချဖို့ကို တကယ့်တကယ် လက်တွေ့လုပ်ကြည့်တဲ့အခါမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီအချိန်က ကိုယ်အလေးချိန်က ၄၇၇ပေါင်ထိရှိနေပြီး သွေးပေါင်ချိန်တွေတက်နေတဲ့အပြင် ကိုလက်စထရောဓာတ်တွေ မြင့်မားနေသလို အသည်းအဆီဖုံးရောဂါလည်း ခံစားနေရပါတယ်။

          ကျွန်တော်ဟာ ဆေးခန်းကပြန်လာပြီး နောက်တစ်နေ့မှာပဲ လေ့ကျင့်ခန်းကို စတင်ပြုလုပ်ခဲ့ပါတယ်။ ခက်ခဲတဲ့ လေ့ကျင့်ခန်းတွေကို မပြုလုပ်နိုင်သေးဘဲနဲ့ လမ်းပဲလျှောက်နိုင်ခဲ့ပါတယ်။ လမ်းလျှောက်ပြီးပြန်လာတိုင်းမှာ ခြေထောက်တွေနဲ့ ခြေဖဝါးတွေဟာ အလွန်အမင်းနာကျင်လွန်းလို့ ဆက်လက် လမ်းလျှောက်ဖို့ကိုတောင် ခက်ခဲနေခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုနာကျင်မှုတွေဟာ ယာယီပဲ ခံစားရမှာဖြစ်ပြီး ဒါတွေကိုစွန့်လွှတ်လိုက်မယ်ဆိုရင် တစ်သက်လုံးနာကျင်ခံစားသွားရမယ်ဆိုတာ ကို ကောင်းကောင်းသိနေခဲ့ပါတယ်။

          ဒါကြောင့် ကျွန်တော်ဟာ ၂ ဖာလုံလောက်လမ်းလျှောက်ပြီးရင် ၅မိနစ်လောက်အနားယူခဲ့ပါတယ်။ ခရီးေ၀းေ၀းရောက်အောင် ဖြည်းဖြည်းနဲ့မှန်မှန်သာ လျှောက်ခဲ့ပါတယ်။ မကြာခင်အချိန် အတွင်းမှာပဲ တစ်နေ့ကို ၃မိုင်ထိလမ်းလျှောက်လာနိုင်ပြီး ကိုယ်အလေးချိန်လည်း ပေါင် ၅၀ခန့် ကျဆင်းသွားခဲ့ပါတယ်။

 

တိုးတက်လားတဲ့ ပြောင်းလဲခြင်းများ

          လအနည်းငယ်လောက်အကြာမှာတော့ လမ်းလျှောက်တဲ့အဆင့်ကနေ ပြေးတဲ့အဆင့်ကို တိုးပြီး လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အခုဆိုရင် ကျွန်တော်ဟာ တစ်နေ့ကို ၁၀မိုင်ခန့် ပြေးနိုင်နေပါပြီ။ ဒါ့အပြင် အလေးမ လေ့ကျင့်ခန်းတွေကိုလုပ်ပြီး အားကစားခန်းမမှာ စက်ပစ္စည်းတွေနဲ့ စနစ်တကျ ကစားနိုင်နေပါပြီ။ အရင်က အစားအစာပုံစံမျိုးတွေကို လုံး၀မစားတော့ဘဲ ကစီဓာတ်များတဲ့ အစားအစာတွေကိုလည်း လျှော့ပြီး စားသောက်ခဲ့ပါတယ်။ အဲဒါတွေအစား ဟင်းသီးဟင်းရွက်တွေနဲ့ အသီးအနှံတွေကို ပိုမိုစား သုံးပြီး အသားဓာတ်ပါတဲ့ အစားအစာတွေကိုလည်း ရွေးချယ်စားသောက်ခဲ့ပါတယ်။ အကြော်အလှော်တွေနဲ့ ဆော်ဒါတွေကိုတော့ မစားသောက်မိအောင် လုံး၀ထိန်းခဲ့ပါတယ်။

          လက်ရှိမှာ အရပ် ၆ပေ ၃လက်မအမြင့်ရှိတဲ့ ကျွန်တော်ဟာ ပေါင်ချိန် ၂၇၀ သာရှိပါတော့ တယ်။ ဆက်လက်ပြီး ပေါင် ၂၀၊ ၃၀လောက်ကို ထပ်ချချင်ပါသေးတယ်။ ကျွန်တော်ဒီလိုလုပ်ဆောင်နိုင်တဲ့နည်းလမ်းတွေကို တခြားသူတွေကို ပြန်လည်မျှေ၀နိုင်ဖို့အတွက် Facebook Page တစ်ခုကိုထောင်ပြီး ကိုယ်အလေးချိန်လျှော့ချချင်သူတွေကို လက်ခံဆွေးနွေးပြီး အားပေးစကားတွေ နဲ့ လုပ်ဆောင်ရမယ့်နည်းလမ်းတွေကို ပြောပြပေးပါတယ်။ အခုဆိုရင် ကျွန်တော်ရဲ့ဘေးနားမှာ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ခွဲခွာမသွားတဲ့ ကျွန်တော့်ဇနီး၊ သားသုံးယောက်နဲ့အတူ အားအင်အသစ်တွေနဲ့ ကျန်ရှိနေတဲ့ဘ၀ကို ကောင်းစွာဖြတ်သန်းနိုင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။

 

CMS

www.drmyanmar.com