/
node/3838

နှလုံးညှစ်အားမကောင်းခြင်း (Heart Failure)

Category
ကျန်းမာရေး (A-Z)

♦ နှလုံးညှစ်အား မကောင်းတဲ့ရောဂါဆိုတာဘာလဲ?

        နှလုံးကနေ ခန္ဓာကိုယ်အတွက် လုံလောက်တဲ့သွေးပမာဏ ညှစ်ထုတ်ပေးဖို့ မတတ်နိုင်တဲ့အခြေအနေ ကို နှလုံးညှစ်အား မကောင်းတဲ့ရောဂါလို့ခေါ်ပါတယ်။ နှလုံးကြွက်သားတွေကို သွေးအာဟာရထောက်ပံ့ပေးနေ တဲ့ နှလုံးသွေးကြောလေးတွေ ကျဉ်းသွားရင်ပဲဖြစ်ဖြစ်၊ သွေးတိုးရောဂါဖြစ်တာကြာလာလို့ နှလုံးကြွက်သားတွေ အားနည်းသွားရင်ပဲဖြစ်ဖြစ်၊ နှလုံးကြွက်သွားတွေ ပျော့ပြောင်းနိုင်စွမ်းလျော့လာလို့ နှလုံးအတွင်းကို သွေးရောက်မှု၊ နှလုံးအပြင်ကို သွေးပို့မှု လျော့နည်းသွားရင်ပဲဖြစ်ဖြစ် နှလုံးညှစ်အားမကောင်းတဲ့ (Heart Failure) ရောဂါ အစပြုပါတယ်။
       နှလုံးညှစ်အားမကောင်းတဲ့ရောဂါဖြစ်စေတဲ့ အကြောင်းအချက်အားလုံးကို ပြန်ကောင်းအောင်ပြုလုပ်လို့ မရပါဘူး။ ဒါပေမယ့် ဂရုတစိုက်ကုသမှု ခံယူမယ်ဆိုရင် နှလုံးညှစ်အားမကောင်းတဲ့ရောဂါရဲ့ရောဂါ လက္ခဏာတွေကို လျော့နည်းစေပြီး အသက်ရှည်ရှည်နေဖို့ အထောက်အကူပြုနိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်တာတွေ၊ ဆားလျှော့စားတာတွေ၊ စိတ်ဖိစီးမှုလျော့နည်းအောင် ပြုလုပ်တာတွေ၊ ကိုယ်အလေးချိန်လျှော့ချတာတွေစတဲ့ Lifestyle ပြောင်းလဲမှုတွေလုပ်ပေးရင် ဘ၀အရည်အသွေးကို တိုးတက်စေပါတယ်။
       နှလုံးညှစ်အားမကောင်းတဲ့ ရောဂါမဖြစ်စေဖို့ အကောင်းဆုံးကာကွယ်နိုင်တဲ့နည်းလမ်း က နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါနဲ့ အ၀လွန်ရောဂါတွေမဖြစ်အောင် နေထိုင်ဖို့၊ ဒါမှမဟုတ် ဖြစ်နေပြီဆိုရင်လည်း ဂရုတစိုက်ထိန်းချုပ်ကုသပြီး နေထိုင်ဖို့ပဲဖြစ်ပါတယ်။

 

♦ နှလုံးညှစ်အားမကောင်းတဲ့ရောဂါရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ?

(1)       အားစိုက်ပြီးအလုပ်လုပ်လိုက်ရင်ပဲဖြစ်ဖြစ်၊ ခန္ဓာကိုယ်ကိုလှဲချလိုက်ရင်ပဲဖြစ်ဖြစ် မောကျပ်လာပါတယ်။

(2)       နုန်းခွေပြီးအားနည်းနေပါတယ်။

(3)       ခြေထောက်၊ ခြေမျက်စိနဲ့ ခြေသလုံးတွေမှာဖောရောင်နေတတ်ပါတယ်။

(4)       နှလုံးခုန်နှုန်းဟာ မြန်နေတာဒါမှမဟုတ် စည်းချက်မမှန်ဘဲ ဖြစ်နေတတ်ပါတယ်။

(5)       ကိုယ်လက်လေ့ကျင့်ခန်းမလုပ်နိုင်တော့ပါဘူး။

(6)       အမြဲတမ်းချောင်းဆိုးနေတတ်ပြီး၊ အသက်ရှုလိုက်ရင် တရွှီရွီှမြည်တတ်ပါတယ်။ ချောင်းဆိုးရင် သလိပ်အဖြူဒါမှမဟုတ် ပန်းရောင်သွေးစသွေးနလေးတွေပါတတ်ပါတယ်။

(7)       ညဘက်မှာဆီးခဏခဏသွားတတ်ပါတယ်။

(8)       ဗိုက်ဖောင်းပြီးရောင်ရမ်းလာပါတယ်။ ရေဖျင်း (ascities)လို့ခေါ်ပါတယ်။

(9)       ခန္ဓာကိုယ်ထဲမှာ အရည်ဓာတ်တွေ စုပုံလာတဲ့အတွက် ကိုယ်အလေးချိန်ရုတ်တရက် တိုးလာပါတယ်။

(10)    အစာစားချင်စိတ်မရှိဘဲ ပျို့ပြီးအန်ချင်စိတ်တွေပေါ်လာပါတယ်။

(11)    အာရုံစူးစိုက်လို့မရပါဘူး။ ထိုင်းမှိုင်းသွားပါတယ်။

(12)     တစ်ချက်တစ်ချက်မှာ ရုတ်တရက်မောကျပ်လာတတ်ပါတယ်။

(13)     သွေးပေါင်ချိန်တက်လာပါတယ်။

(14)    နှလုံးသွေးကြောပိတ်ခြင်း(Heart attack) ကြောင့် နှလုံးညှစ်အားမကောင်းတဲ့ရောဂါ ဖြစ်တယ်ဆိုရင် ရင်ဘတ်အောင့်တဲ့ ေ၀ဒနာရှိတတ်ပါတယ်။

 

♦ နှလုံးညှစ်အားမကောင်းတ့ဲရောဂါ (Heart failure) ဘယ်လိုဖြစ်လာတာလဲ?

       အခြားရောဂါတစ်ခုခုကြောင့် နှလုံးကြွက်သားတွေကို ထိခိုက်ပျက်စီးစေတဲ့အခါ ဒါမှမဟုတ် အားနည်းစေတဲ့အခါ နှလုံးညှစ်အားမကောင်းတဲ့ရောဂါ ဖြစ်ပေါ်ပါတယ်။ နှလုံးမှာသွေး၀င်ခန်း နှစ်ခန်း နဲ့ သွေးလွှတ်ခန်းနှစ်ခန်းရှိပါတယ်။ သွေးလွှတ်ခန်းနှစ်ခန်းလုံးပဲ ဖြစ်ဖြစ်၊ တစ်ခန်းပဲဖြစ်ဖြစ် မညှစ်နိုင်ရင် နှလုံးညှစ်အားမကောင်းတဲ့ရောဂါဖြစ်ပါတယ်။
အများအားဖြင့်တော့ နှလုံးညှစ်အား မကောင်းတဲ့ရောဂါဟာ ဘယ်ဘက်သွေးလွှတ်ခန်းမှာ အစပြုပါတယ်။
နှလုံးကြွက်သားတွေကို ပျက်စီးစေတာ ဒါမှမဟုတ် အားလျော့စေတဲ့ ရောဂါတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။ တချို့ရောဂါတွေက ကိုယ့်မှာရှိလို့ရှိမှန်းမသိလိုက်ဘဲ (ရောဂါလက္ခဏာမပြသေးဘဲ) ရောဂါဖြစ်နေတတ်ပါတယ်။

(1) နှလုံးသွေးကြောကျဉ်းရောဂါ (coronary artery disease) နှင့် နှလုံးသွေးကြောပိတ်ခြင်း (Heart attack)

        နှလုံးသွေးကြောရောဂါကျဉ်းရောဂါဟာ အဖြစ်အများဆုံးနှလုံးရောဂါဖြစ်ပြီး နှလုံးညှစ်အား မကောင်းတဲ့ရောဂါကိုဖြစ်စေတဲ့ အဓိကအကြောင်းအချက်ဖြစ်ပါတယ်။ အသက်အရွယ် ကြီးရင့်လာတဲ့အခါ နှလုံးကိုသွေးပို့ပေးနေတဲ့ နှလုံးသွေးကြောတွေမှာ အဆီအခဲတွေ စုပုံလာပြီး နှလုံးသွေးကြောတွေကျဉ်းလာပါတယ်။ ကျဉ်းနေတဲ့နှလုံးသွေးကြောတွေထဲမှာ သွေးစီးဆင်းမှုဟာ ပုံမှန်လိုမကောင်းတော့ပါဘူး။ နှလုံးသွေးကြောကျဉ်းတဲ့နေရာမှာ အောက်ဆီဂျင်ကြွယ်၀တဲ့သွေးတွေကို အချိန်အကြာကြီးမရရှိဘဲ ပြတ်လပ်နေတဲ့အတွက် နှလုံးကြွက်သားတွေ အားနည်းလာပါ တယ်။ နှလုံးကြွက်သွားတွေဟာ သေဆုံးသွားတာ (ပုပ်သွားတာ၊ နာသွားတာ) မျိုး မဖြစ်ပေမယ့် ပုံမှန်လိုအလုပ်မလုပ်နိုင်တော့ပါဘူး။ ကျဉ်းနေတဲ့ နှလုံးသွေးကြောထဲက အဆီခဲတွေဟာ ပေါက်ထွက်သွားပြီး သွေးခဲတွေနဲ့အတူ နှလုံးသွေးကြောကို ပိတ်သွားစေနိုင်ပါ တယ်။ နှလုံးသွေးကြောပိတ်သွားတဲ့နေရာက နှလုံးကြွက်သားဟာ ပျက်စီးသွားပါတယ်။ ကြွက်သား ဆဲလ်တွေ သေသွားပါတယ်။ နှလုံးသွေးကြောပိတ်ခြင်း (Heart attack) ကြောင့် နှလုံးညှစ်အား မကောင်းတဲ့ရောဂါ (Heart failure) ဖြစ်ပြီဆိုရင် အကောင်းအတိုင်းပြန်မဖြစ်နိုင်ဖို့က များသွားပါပြီ။

(2) သွေးတိုးရောဂါ (Hypertension)

        သွေးပေါင်ချိန် (သွေးဖိအား၊ blood pressure) ဆိုတာ ခန္ဓာကိုယ်သွေးကြောတွေ ထဲကို နှလုံးကနေ သွေးညှစ်ထုတ်လိုက်ရတဲ့ အားပမာဏဖြစ်ပါတယ်။ သွေးပေါင်ချိန်များနေတယ်ဆိုရင် သင့်ရဲ့နှလုံးဟာအားစိုက်ပြီး အလုပ်လုပ်နေရတာသေချာပါတယ်။ အချိန်အကြာကြီးသွေးတိုးနေတယ် ဆိုရင် နှလုံးကြွက်သားတွေကလည်း အချိိန်အကြာကြီး ပြင်းပြင်းထန်ထန် အလုပ်လုပ်နေရတဲ့အတွက် တဖြည်းဖြည်းထူလာပါတယ်။ အချိန်ကြာလာတဲ့အခါ ထူလာတဲ့နှလုံးကြွက်သားတွေဟာ ထူပြီးလျော့ရဲရဲဖြစ်သွားတာပဲဖြစ်ဖြစ် မာလာတာပဲဖြစ်ဖြစ် ပုံမမှန်ဖြစ်သွားပြီး နှလုံးညှစ်အားမကောင်းတဲ့ရောဂါ (Heart Failure) အဖြစ်ကိုရောက်ရှိသွားပါတယ်။

(3) နှလုံးအဆို့ရှင်များမကောင်းခြင်း

        နှလုံးမှာရှိတဲ့ နှလုံးအဆို့ရှင်တွေဟာ သွေးတွေနှလုံးကိုဖြတ်ပြီး မှန်ကန်တဲ့ဦးတည်ချက်အတိုင်း ရောက်ရှိသွားဖို့ အထောက်အကူပေးပါတယ်။ မွေးရာပါနှလုံးရောဂါကြောင့် ပဲဖြစ်ဖြစ်၊ နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ပဲဖြစ်ဖြစ်၊ နှလုံးကိုရောဂါပိုး ကူးစက်ရောက်ရှိလို့ပဲဖြစ်ဖြစ် နှလုံးအဆို့ရှင် ထိခိုက်ပျက်စီးသွားမယ်ဆိုရင် မှန်ကန်တဲ့ဦးတည်ချက်အတိုင်း သွေးတွေစီးဆင်းဖို့ နှလုံးကြွက်သားတွေက လိုအပ်တာထက်ပိုပြီး ပြင်းပြင်းထန်ထန် အားစိုက်ညှစ်ထုတ်ပေးရပါတယ်။ အချိန်ကြာလာတဲ့အခါ နှလုံးကြွက်သားတွေဟာ အားနည်းလာပါတယ်။ ကံကောင်းတာကပျက်စီးသွားတဲ့ နှလုံးအဆို့ရှင်တွေကို ပြုပြင်တာပဲဖြစ်ဖြစ် အစားထိုးကုသတာပဲဖြစ်ဖြစ် ကုသနိုင်တဲ့ နည်းလမ်းတွေ ပေါ်ပေါက်နေပြီဖြစ်ပါတယ်။

(4) နှလုံးကြွက်သားများပျက်စီးခြင်း (Cardiomyopathy)

        နှလုံးကြွက်သားတွေ ပျက်စီးသွားရင် နှလုံးညှစ်အားမကောင်းတဲ့ရောဂါ (Heat Failure) ဖြစ်ပေါ်ပါတယ်။ တချို့ရောဂါပိုးတွေ၊ တချို့ကင်ဆာဆေးတွေနဲ့ ကိုကင်းမှာပါတဲ့ အဆိပ်အတောက်တွေ၊ အရက်အလွန်အကျွံ သောက်သုံးတာတွေဟာ နှလုံးကြွက်သားပျက်စီးစေတဲ့ အကြောင်းအချက်တွေပဲဖြစ်ပါတယ်။ မျိုးရိုးဗီဇရောဂါကြောင့် နှလုံးကြွက်သားထူနေတာ (Hypertrophic cardiomyopathy)၊ နှလုံးကြွက်သား အားမရှိဘဲကြီးနေတာ (dilated cardiomyopathy) တွေဟာ နှလုံးညှစ်အားမကောင်းတဲ့ရောဂါ (Heart Failure) ကိုဖြစ်စေပါတယ်။

(5) နှလုံးကြွက်သားရောင်ရမ်းခြင်း (Myocarditis)

        ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ရပါတယ်။ နှလုံးကြွက်သားရောင်ရမ်းပြီဆိုရင် နှလုံးရဲ့ဘယ်ဘက်အခြမ်း မညှစ်နိုင်ဘဲ နှလုံးညှစ်အားမကောင်းတဲ့ရောဂါ (Heart failure) အဖြစ်ကို ဦးတည်သွားနိုင်ပါတယ်။

(6) မွေးရာပါနှလုံးရောဂါများ (Congenital Heart defects)

        နှလုံးအခန်းတွေနဲ့ နှလုံးအဆို့ရှင်တွေ မွေးရာပါပျက်စီးနေတဲ့အခါ ဒါမှမဟုတ် ပုံမှန်မဟုတ်တဲ့အခါ နှလုံးညှစ်အားမကောင်းခြင်း (Heart Failure) ဖြစ်ပေါ်နိုင်ပါတယ်။

(7) နှလုံးခုန်နှုန်းစည်းချက်မမှန်ခြင်းများ (heart arrhythmias)

        နှလုံးခုန်နှုန်းစည်းချက်မမှန်တဲ့ ရောဂါတွေမှာ နှလုံးအဆမတန် မြန်မြန်ခုန်ပေးရတဲ့ အတွက် နှလုံးကြွက်သားတွေ ပြင်းပြင်းထန်ထန် အလုပ်လုပ်ရပါတယ်။ အချိန်ကြာလာတာနဲ့အမျှ နှလုံးကြွက်သားတွေ အားနည်းလာပြီး နှလုံးညှစ်အားမကောင်းတဲ့ရောဂါ (Heart failure) အဖြစ်ကိုရောက်ရှိပါတယ်။

(8) အခြားရောဂါများ

        သွေးချိုဆီးချိုရောဂါ၊ သွိုင်းရွက်ဟော်မုန်းရောဂါ (Hyperthyroidism and Hypothyroidism)၊ အဆုတ်လေအိတ်များအားနည်းပြီး ပေါက်ကွဲပျက်စီးခြင်း (emphysema) ၊ ခန္ဓာကိုယ်အတွင်း သံဓာတ်များစုပုံခြင်း (hemochromatosis)၊ ခန္ဓာကိုယ်အတွင်းပုံမှန်မဟုတ်တဲ့ အသားဓာတ်များစုပုံခြင်း (amyloidosis) စတဲ့ရောဂါတွေကြောင့် နှလုံးညှစ်အားမကောင်းတဲ့ရောဂါ (Heart failure) ဖြစ်နိုင်ပါတယ်။

 

♦ နှလုံးညှစ်အားမကောင်းတဲ့ရောဂါ (Heart failure) ဘယ်သူတွေမှာပိုဖြစ်နိုင်လဲ?

(1)   သွေးတိုးရောဂါ ဖြစ်နေတာကြာပေမယ့် ကုသမှုမခံယူသူ

(2)   နှလုံးသွေးကြောကျဉ်းရောဂါရှိသူ

(3)   နှလုံးသွေးကြောပိတ်ရောဂါရှိသူ

(4)   သွေးချိုဆီးချိုရောဂါရှိသူ

(5)   အိပ်နေရင်းအသက်ရှူရပ်တဲ့ရောဂါ (sleep apnea) ရှိသူ

(6)   မွေးရာပါ နှလုံးချို့ယွင်းမှုဆိုင်ရာရောဂါရှိသူ

(7)   နှလုံးတွင် ဗိုင်းရပ်စ်ရောဂါပိုးကူးစက်ခံနေရသူ

(8)   အရက်သောက်သူ

(9)   နှလုံးခုန်နှုန်းစည်းချက်မမှန်သည့်ရောဂါရှိသူတွေမှာ နှလုံးညှစ်အားမကောင်းတဲ့ရောဂါ (Heart Failure) ဖြစ်ပေါ်လာနိုင်ပါတယ်။

 

♦ နှလုံးညှစ်အားမကောင်းတဲ့ရောဂါ (Heart failure) ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကဘာတွေလဲ ?

(1) ကျောက်ကပ်ပျက်စီးခြင်း (Renal failure)

        နှလုံးညှစ်အားမကောင်းတဲ့အခါ ကျောက်ကပ်ကိုသွေးရောက်ရှိမှ လျော့နည်းသွားပါတယ်။ အချိန်ကြာလာရင် ကျောက်ကပ်ပျက်စီးသွားပြီး အလုပ်မလုပ်တော့ပါဘူး။ ကျောက်ကပ်သွေးသန့်စင်တာတွေ (dialysis) လုပ်ဖို့ လိုလာပါလိမ့်မယ်။

(2) နှလုံးအဆို့ရှင်ပြဿနာများ

        နှလုံးအဆို့ရှင်ရောဂါကြောင့် နှလုံးညှစ်အားမကောင်းတဲ့ရောဂါ (Heart failure) ဖြစ်နိုင်သလို နှလုံးညှစ်အားမကောင်းတဲ့ ရောဂါကြောင့်လည်း နှလုံးအဆို့ရှင်ရောဂါတွေ ဖြစ်ပေါ်နိုင် ပါတယ်။ နှလုံးအရွယ်အစားကြီးလာတာ၊ နှလုံးမှာရှိတဲ့သွေးဖိအားပမာဏ များလာတာတွေဟာ နှလုံးအဆို့ရှင်တွေရဲဲ့ လုပ်ငန်းဆောင်တာတွေကို မူမမှန်ဖြစ်စေပါတယ်။

(3) အသည်းထိခိုက်ခြင်း

        နှလုံးညှစ်အားမကောင်းတဲ့အခါ သွေးတွေကိုလုံလုံလောက်လောက် မညှစ်ထုတ်နိုင်တဲ့အတွက် အသည်းရှိတဲ့နေရာမှာ သွေးတွေစုပုံပြီး သွေးဖိအားများလာပါတယ်။ အချိန်ကြာလာရင် အသည်းဆဲလ်တွေ ထိိခိုက်ပျက်စီးလာပါတယ်။ အသည်းရောဂါဖြစ်လာပါတယ်။

(4) လေဖြတ်ခြင်း (Stroke)

        နှလုံးညှစ်အားမကောင်းတဲ့အခါ ခန္ဓာကိုယ်ထဲမှာ သွေးလည်ပတ်စီးဆင်းမှု နှေးသွားပါ တယ်။ သွေးလည်ပတ်မှုနှေးသွားရင် သွေးစီးကြောင်းထဲမှာ သွေးခဲဖြစ်ပေါ်ဖို့ အခွင့်အရေး များလာပါတယ်။ သွေးခဲလေးတွေ သွေးစီးကြောင်းထဲမှာရှိနေရင် လေဖြတ်နိုင်တဲ့ အလားအလာရှိပါတယ်။ လူနာတစ်ချို့မှာ ဆေးကုသမှုတွေကြောင့် နှလုံးညှစ်အား မကောင်းတဲ့ရောဂါ သက်သာလာနိုင်ပါတယ်။ ဒါပေမယ့် နှလုံးညှစ်အားမကောင်းတဲ့ရောဂါဟာ အများအားဖြင့် အသက်အန္တရာယ်နဲ့ နီးစပ်တဲ့ရောဂါဖြစ်လို့ ပေါ့ပေါ့ဆဆမနေသင့်ပါဘူး။

 

♦ နှလုံးညှစ်အားမကောင်းတဲ့ရောဂါ (Heart failure) ကို ဘယ်လိုစမ်းသပ်စစ်ဆေးမလဲ?

        ရောဂါရာဇ၀င်မေးမြန်းတာ၊ လူနာကိုစမ်းသပ်တာတွေလုပ်ပြီးတဲ့အခါ နှလုံးညှစ်အားမကောင်း တဲ့ရောဂါဖြစ်နိုင်တဲ့ အချက်အလက်တွေ အများကြီးတွေ့နိုင်ပါတယ်။ ပိုပြီးသေချာစေဖို့နဲ့ ရောဂါ အခြေအနေဘယ်လောက်အထိ ဆိုးဝါးနိုင်သလဲဆိုတာသိဖို့အတွက် အောက်ပါစမ်းသပ်မှုတွေကိုပြုလုပ်လို့ ရပါတယ်။

(1) သွေးစစ်ဆေးခြင်း

        ကျောက်ကပ်ထိခိုက်မှုရှိမရှိသိဖို့၊ သွိုင်းရွက်ကောင်းမကောင်းသိဖို့နဲ့ နှလုံးညှစ်အား မကောင်းတဲ့ရောဂါကိုဖြစ်စေတဲ့ တခြားရောဂါတွေ ရှိ/မရှိ သိဖို့အတွက် သွေးစစ်ဆေးရပါတယ်။

(2) ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း (Chest X ray)

        ရင်ဘတ်ဓာတ်မှန်ရိုက်လိုက်ရင် နှလုံးနဲ့အဆုတ်ရဲ့ ပုံသဏ္႑ာန်အခြေအနေတွေကို တွေ့မြင် ရပါတယ်။ နှလုံးဟာကြီးနေတတ်ပြီး တစ်ခါတလေအဆုတ်ထဲမှ ာအရည်ရှိနေတာကိုတွေ့ရတတ်ပါတယ်။

(3) ECG

        ECG ဆွဲကြည့်ရင် နှလုံးစည်းချက်မှန်မမှန် နှလုံးသွေးကြောပိတ်ရောဂါ ဖြစ်ဖူးခြင်း ရှိ/မရှိ စတာတွေကိုသိရှိနိုင်ပါတယ်။

(4) နှလုံးတယ်လီဗေးရှင်းဓာတ်မှန် (Echocardiogram)

        နှလုံးရဲ့သွေးညှစ်အားပမာဏကို သိနိုင်ပါတယ်။ နှလုံးအဆို့ရှင်ရောဂါတွေ၊ နှလုံးသွေးကြောပိတ်ဖူးတဲ့ လက္ခဏာတွေ၊ နှလုံးညှစ်အားမကောင်းတဲ့ရောဂါဖြစ်စေတဲ့ ရှားပါးတဲ့အခြေအနေတွေကို Echocardiogram မှာ တွေ့နိုင်ပါတယ်။

(5) လမ်းလျှောက်စက်ဖြင့်ပြေးပြီး နှလုံးစစ်ဆေးခြင်း (Stress test)

        နှလုံးသွေးကြောကျဉ်းရောဂါရှိ/မရှိ ကို စမ်းသပ်စစ်ဆေးနိုင်ပါတယ်။

(6) ကွန်ပျူတာဓာတ်မှန် (CT) နှင့် သံလိုက်စက်ကွင်းဓာတ်မှန် (MRI)

        နှလုံးရဲ့အခြေအနေတွေကို ပိုပြီးရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။

(7) နှလုံးသွေးကြောများကိုစစ်ဆေးခြင်း (Coronary angiogram)

        မည်သည့်နှလုံးသွေးကြောပိတ်သည်ကို တိတိကျကျစစ်ဆေးနိုင်ပါတယ်။

(8) နှလုံးကြွက်သား၏ အသားစကိုစစ်ဆေးခြင်း (Myocardial biopsy)

        နှလုံးညှစ်အားမကောင်းတဲ့ရောဂါ (Heart failure) ဖြစ်စေတဲ့ နှလုံးကြွက်သားရောဂါ ကို ဖော်ထုတ်ဖို့ဖြစ်ပါတယ်။

 

♦  နှလုံးညှစ်အားမကောင်းတဲ့ရောဂါ (Heart failure) ကိုဘယ်လိုကုသမလဲ ?

        နှလုံးညှစ်အားမကောင်းတဲ့ရောဂါဟာ နာတာရှည်ရောဂါ အမျိုးအစားဖြစ်ပါတယ်။ တစ်သက်လုံး ဂရုတစိုက်ကုသသွားဖို့ လိုအပ်ပါတယ်။ တစ်ခါတရံမှာ ရောဂါအခြေအနေလက္ခဏာတွေ လျော့ပါး သွားပြီး နှလုံးကြွက်သား ပြန်ပြီးသန်စွမ်းလာတာမျိုး ကြုံရတတ်ပါတယ်။ နှလုံးညစ်အားမကောင်းတဲ့ရောဂါ (Heart Failure) ကို ကုသတဲ့အခါ အဆိုပါရောဂါဖြစ်စေတဲ့အကြောင်းအရာကိုပါ ကုသရပါတယ်။ ဥပမာ- နှလုံးအဆို့ရှင်ကို ပြုပြင်တာမျိုး၊ နှလုံးခုန်စည်းချက် မူမမှန်ဖြစ်နေတာကို ပုံမှန်ဖြစ်အောင် ကုသတာမျိုး စတာတွေဖြစ်ပါတယ်။
        နှလုံးညှစ်အားမကောင်းတဲ့ရောဂါ ( Heart Failure ) အတွက်သုံးတဲ့ ဆေးဝါးတွေမှာ-
1.  ACEI

2.  Angiotensin II receptor blocker

3.  Beta blockers

4.  Diuretics ( ဆီးဆေး )

5.  Aldosterone antagonist

6.  Inotropes စတဲ့ ဆေးအုပ်စုအမျိုးအစားတွေကို အသုံးပြုကြပါတယ်။

        နှလုံးသွေးကြော ပြင်းပြင်းထန်ထန်ပိတ်နေတဲ့ လူနာတွေမှာ သွေးကြောလမ်းလွှဲတဲ့နည်းကို သုံးပါတယ်။ Coronary bypass surgery လို့ခေါ်ပါတယ်။ ပိတ်နေတဲ့ သွေးကြောနေရာကို ကျော်ဖြတ်ပြီး ခြေထောက် သို့မဟုတ် လက်မောင်း သို့မဟုတ် ရင်ဘတ်မှာရှိတဲ့ အာရုံမလိုတဲ့ သွေးကြောတစ်ခုခုနဲ့ အစားထိုးကုသပေးတာဖြစ်ပါတယ်။

        နှလုံးအဆို့ရှင်တွေ မကောင်းဘူးဆိုရင် ပြင်လို့ရရင်ပြင်ပါတယ်။ (Valvuloplasty) ပြင်လို့ မရရင် နှလုံးအဆု့ိရှင်အတု (prosthetic valve) နဲ့ အစားထိုးကုသရပါတယ်။

        နှလုံးခုန်စည်းချက်မမှန်တဲ့လူနာတွေမှာ Implantable cardioverter– defibrillators (ICD) လို့ခေါ်တဲ့ နှလုံးနှိုးစက်လေးတွေကို အရေပြားထဲမှာမြှုပ်ထည့်ထားပြီး ကုသပါတယ်။ နှလုံးခုန်စည်းချက် ဆိုးဆိုးရွားရွား မမှန်တော့ဘူး။ ဒါမှမဟုတ် နှလုံးခုန်ရပ်သွားပြီဆိုရင် ICD စက်ကလေးက အလိုအလျောက်သိရှိပါတယ်။ သိတာနဲ့တစ်ပြိုက်နက် နှလုံးခုန်နှုန်းနဲ့စည်းချက်ကို ပုံမှန်ပြန်ရောက်အောင် နှိုးပေးပါတယ်။

        နှလုံးအစားထိုးကုသဖို့ မတတ်နိုင်တဲ့သူတွေ၊ နှလုံးအလှူရှင်စောင့်ဆိုင်းနေရတဲ့ လူနာတွေမှာ အလုပ်မလုပ်နိုင်တဲ့ နှလုံးကိုယာယီထောက်ကူပေးထားဖို့ နှလုံးညှစ်စက် (Heart Pump) ကိုသုံးရပါတယ်။ Left ventricular assist devices (LVADs) လို့လည်းခေါ်ပါတယ်။ LVAD ကို ၀မ်းဗိုက် ဒါမှမဟုတ် ရင်ဘတ်ထဲမှာ ထည့်ထားရပါတယ်။ ပြီးရင် အလုပ်မလုပ်နိုင်တော့တဲ့ နှလုံးနဲ့ချိတ်ဆက်ထားပြီး နှလုံးကိုယာယီအလုပ်လုပ်အောင် ပံ့ပိုးပေးထားပါတယ်။ နှလုံးအလှူရှင်မတွေ့ခင်အထိ နှလုံးညှစ်စက်လေးက အသုံး၀င်နေမှာဖြစ်ပါတယ်။

        နှလုံးဆေးဝါးတွေ၊ ကုသမှုတွေက ထိရောက်မှုမရှိတော့တဲ့အခါ နှလုံးအစားထိုးကုသမှုကို ရွေးချယ်ရ ပါတယ်။ နှလုံးအစားထိုးနည်းပညာတွေ တိုးတက်ကောင်းမွန်လာပေမယ့် နှလုံးအလှူရှင်ရဖို့ အတွက်ကတော့ နှစ်ပေါင်းများစွာစောင့်ဆိုင်းရတတ်ပါတယ်။ တချို့လူနာတွေဟာ နှလုံးအလှူရှင်တွေ ကို စောင့်ဆိုင်းနေတဲ့အချိန်မှာ နှလုံးဆေးဝါးတွေ၊ နှလုံးကုသမှုကိရိယာတွေကြောင့် နှလုံးအခြေအနေ တိုးတက်ကောင်းမွန်လာပြီး နှလုံးအစားထိုးကုသဖို့ မလိုအပ်တော့တာမျိုး ကြုံတွေ့ရနိုင်ပါတယ်။

 

♦ နှလုံးညှစ်အားမကောင်းတဲ့ရောဂါ (Heart Failure) မဖြစ်အောင် ဘယ်လိုကြိုတင်ကာကွယ်မလဲ?

        နှလုံးညှစ်အားမကောင်းတဲ့ရောဂါကို ကြိုတင်ကာကွယ်ဖို့အတွက် အောက်ပါအချက်တွေကို ပြုလုပ်ရပါမယ်။

(1)   ဆေးလိပ်မသောက်ပါနှင့်။

(2)   သွေးတိုးရောဂါ၊ သွေးတွင်းအဆီပိတ်ရောဂါ၊ ဆီးချိုရောဂါ၊ အဝလွန်ရောဂါ တွေရှိပါက သေသေချာချာ ကုသစောင့်ရှောက်ရပါမယ်။

(3)   ငြိမ်ကုပ်မနေဘဲတက်တက်ကြွကြွလှုပ်ရှားနေထိုင်ရပါမယ်။

(4)   ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကိုစားသုံးရပါမယ်။

(5)   အ၀မလွန်အောင် ထိန်းသိမ်းရပါမယ်။

(6)   အတတ်နိုင်ဆုံးစိတ်ဖိစီးမှုမရှိအောင် ကြိုးစားပြီးနေထိုင်ရပါမယ်။

 

Dr. ကေခိုင်မောင် (ဆေး -၁)

www.drmyanmar.com