/
node/4413

ရုတ်တရက်ကျောက်ကပ်ကောင်းစွာ အလုပ်မလုပ်နိုင်တော့ခြင်း

Category
ကျန်းမာရေး (A-Z)

          သွေးအတွင်းရှိ အညစ်အကြေးပစ္စည်းများကို ကျောက်ကပ်မှ ရုတ်တရက်မစွန့်နိုင်သောအခြေအနေကိုခေါ်ပါတယ်။ ထိုကဲ့သို့ မစွန့်ထုတ်နိုင်ခြင်းကြောင့် ခန္ဓာကိုယ်တွင်း၌ အညစ်အကြေးများစုပုံလာပြီး သွေးတွင်းဓာတုပစ္စည်းမျှခြေ အနေအထားကို ပျက်စီးစေနိုင်ပါတယ်။

          ရုတ်တရက်ကျောက်ကပ် ထိခိုက်ဒဏ်ရာရမှုဟုလည်း လူသိများသော ကျောက်ကပ်အလုပ်မလုပ်နိုင်တော့ခြင်းသည် နာရီပိုင်းအတွင်း (သို့) ရက်အနည်းငယ်အတွင်းမှာပင် ချက်ချင်းဖြစ်လာနိုင်ပါတယ်။ ဆေးရုံတက်နေသောလူနာများ အထူးသဖြင့် အရေးပေါ်လူနာများတွင် ဖြစ်နိုင်ချေပိုမိုများပြားပါတယ်။

          ထိုကဲ့သို့ ကျောက်ကပ်ရုတ်တရက်အလုပ်မလုပ်တော့ခြင်းသည် ပြန်လည်ကောင်းမွန်နိုင်ချေရှိသော်လည်း ကုသမှုသေချာမခံယူပါက သေဆုံးသည်အထိဖြစ်နိုင်ပါတယ်။

ရောဂါလက္ခဏာများ

- ဆီးသွားနည်းလာခြင်း

- အရည်များစုပုံလာခြင်းကြောင့် ခြေထောက်၊ ချေကျင်းဝတ်နှင့် ခြေဖမိုးများဖောရောင်လာခြင်း

- မူးဝေခြင်း

- အသက်ရှုကျပ်ခြင်း

- မောပန်းလွယ်ခြင်း

- စိတ်ကယောင်ချောက်ခြားဖြစ်ခြင်း

- ပျို့ခြင်း

- ဆိုးရွားသောအခြေအနေတွင် တက်ခြင်း (သို့) သတိလစ်ခြင်း

- ရင်ဘတ်အောင့်ခြင်း

- တစ်ခါတစ်ရံတွင် မည်သည့်လက္ခဏာမျှပြလေ့မရှိဘဲ အခြားအကြောင်းတစ်ခုခုကြောင့် စမ်းသပ်စစ်ဆေးရာမှ တွေ့ရှိရခြင်း

ဖြစ်ပွားစေသောအကြောင်းအရင်းများ

- ကျောက်ကပ်သို့ သွေးစီးဆင်းမှုနည်းသွားခြင်း

- ကျောက်ကပ်ပျက်စီးခြင်း

- ဆီးပိုက်ပိတ်၍ အညစ်အကြေးများမစွန့်ထုတ်နိုင်ခြင်း

          ကျောက်ကပ်သို့သွေးရောက်ခြင်းနည်းပါးစေနိုင်သော အခြေအနေများမှာ -

- သွေး (သို့) အရည်ဆုံးရှုံးမှုများခြင်း

- သွေးတိုးကျဆေးများ

- နှလုံးတိုက်ခိုက်ခံရမှု

- နှလုံးရောဂါ

- ရောဂါပိုးများ

-  အသည်းကောင်းစွာအလုပ်မလုပ်ခြင်း

- အကိုက်အခဲပျောက်ဆေးများ (ဥပမာ - aspirin, ibuprofen)

- ပြင်းထန်သောဓာတ်မတည့်မှုများ

- ပြင်းထန်သော မီးလောင်ဒဏ်ရာများ

- ပြင်းထန်သော ရေဓာတ်ဆုံးရှုံးခြင်း

- ကျောက်ကပ်ပျက်စီးခြင်း

          အောက်ပါရောဂါများ၊ အခြေအနေများနှင့် ပစ္စည်းများကြောင့်လည်း ကျောက်ကပ်ပျက်စီးပြီး ကောင်းစွာအလုပ်မလုပ်နိုင်ခြင်းဖြစ်နိုင်ပါတယ်။

- ကျောက်ကပ်အတွင်းနှင့် အနီးတစ်ဝိုက်ရှိ သွေးလွှတ်ကြောနှင့် သွေးပြန်ကြောများထဲ၌ သွေးခဲများပိတ်ဆို့ခြင်း

- အဆီခဲများကြောင့် ကျောက်ကပ်သို့သွေးစီးဆင်းမှု ပိတ်ဆို့သွားခြင်း

- ကျောက်ကပ်အတွင်းရှိ ဇကာစစ်များရောင်ရမ်းခြင်း

- အချိန်မတိုင်မီ သွေးနီဥများဖျက်ဆီးခံရခြင်းကြောင့် သွေးတွင်း၌ urea ခေါ် နိုက်ထရိုဂျင်ဓာတ်ပေါင်း တစ်မျိုးမြင့်တက်လာခြင်း

- ရောဂါပိုးများ၀င်ရောက်ခြင်း

- ကိုယ်ခံအားစနစ်မကောင်းခြင်းကြောင့် ကျောက်ကပ်ရောင်ခြင်း

- ကယ်လ်ဆီယမ်ဓာတ်မြင့်တက်ခြင်း

- သွေးရည်ကြည်ဆဲလ်များ၌ ကင်ဆာဖြစ်ခြင်း

- Scleroderma (ခေါ်) အရေပြားနှင့် ပေါင်းကူတစ်သျှူးများကို ဖျက်ဆီးနေသော ရှားပါးရောဂါစု

- ရှားပါးသော သွေးရောဂါများ (thrombotic thrombocytopenic purpura)

- အဆိပ်အတောက်များ (အရက်၊ ကိုးကင် နှင့် အခြားဓာတုပစ္စည်းများ)

- သွေးကြောများရောင်ရမ်းခြင်း

- ကျောက်ကပ်အတွင်း၌ ဆီးများပိတ်ဆို့နေခြင်း

          ဆီးမစွန့်ထုတ်နိုင်ခြင်းကြောင့် ကျောက်ကပ်ပျက်စီးနိုင်သောအကြောင်းအရင်းများမှာ -

- ဆီးအိမ်ကင်ဆာ

- ဆီးလမ်းကြောင်းအတွင်း သွေးခဲပိတ်ဆို့ခြင်း

- သားအိမ်ခေါင်းကင်ဆာ

- အူမကြီးကင်ဆာ

- ဆီးကျိတ်ကြီးခြင်း

- ကျောက်ကပ်၌ ကျောက်တည်ခြင်း

- ဆီးအိမ်ကိုထိန်းချုပ်နေသော အာရုံကြောများပျက်ဆီးခြင်း

- ဆီးကျိတ်ကင်ဆာ

အန္တရာယ်ရှိသောအချက်များ

        အများအားဖြင့် ကျောက်ကပ်ကောင်းစွာအလုပ်မလုပ်ခြင်းသည် အခြားသောကျန်းမာရေးပြဿနာများနှင့် ဆက်စပ်လျက်ရှိပါတယ်။

- အထူးကြပ်မတ်ကုသရန်လိုအပ်နေသောလူနာများ

- သက်ကြီးရွယ်အိုများ

- လက်မောင်းနှင့် ခြေသလုံးတို့ရှိ သွေးကြောများပိတ်ခြင်း

- ဆီးချိုရောဂါ

- သွေးတိုးရောဂါ

- နှလုံးကောင်းစွာအလုပ်မလုပ်နိုင်ခြင်း

- ကျောက်ကပ်ရောဂါအမျိုမျိုး

- အသည်းရောဂါ အမျိုးမျိုး

နောက်ဆက်တွဲဆိုးကျိုးများ

အရည်များစုပုံလာခြင်း - အဆုတ်တွင် အရည်များစုပုံလာပါက အသက်ရှုရခက်ခဲစေနိုင်ပါတယ်။

ရင်ဘတ်အောင့်ခြင်း - နှလုံးအမြှေးပါးရောင်ခြင်းကြောင့် ရင်ဘတ်အောင့်ရခြင်းဖြစ်ပါတယ်။

ကြွက်သားအားနည်းခြင်း - ခန္ဓာကိုယ်တွင်းရှိ အရည်နှင့်သတ္တုဓာတ်များမျှခြေ အနေအထားမရှိတော့သောကြောင့် ကြွက်သားများ အားနည်းလာရခြင်းဖြစ်ပါတယ်။ အထူးသဖြင့် ပိုတက်စီယမ်ပမာဏများပြားနေခြင်းမှာ အလွန်ပင်အန္တရာယ်ရှိပါတယ်။

ပြန်မကောင်းနိုင်တော့သော ကျောက်ကပ်ပျက်စီးခြင်း - တစ်ခါတစ်ရံတွင် ကျောက်ကပ်ကောင်းစွာအလုပ်မလုပ်တော့ရာမှ လုံးဝပြန်မကောင်းနိုင်တော့တဲ့အခြေအနေထိဖြစ်နိုင်ပါတယ်။ ထိုသို့ဖြစ်ပါက အသက်ရှင်နိုင်ရန် ကျောက်ကပ်ဆေးခြင်း (သို့) ကျောက်ကပ်အစားထိုးခြင်းတို့ ပြုလုပ်ရန်လိုအပ်ပါသည်။

သေဆုံးခြင်း - ကျောက်ကပ်ကောင်းစွာအလုပ်မလုပ်သောအခြေအနေသို့ မရောက်မီကပင် ကျောက်ကပ်ရောဂါရှိနှင့်ပြီးသူများတွင် အသက်အန္တရာယ် ပိုမိုစိုးရိမ်ရပါတယ်။

ဆေးစစ်ခြင်းနှင့် ရောဂါရှာဖွေခြင်း

        ရုတ်တရက် ကျောက်ကပ်ကောင်းစွာအလုပ်မလုပ်သော ရောဂါလက္ခဏာများခံစားနေရပါက ရောဂါရှာဖွေရန် ဆေးစစ်ခြင်းများပြုလုပ်ဖို့အတွက် ဆရာဝန်မှအကြံပြုပါလိမ့်မယ်။

1. တစ်နေ့လျှင် ဆီးပမာဏမည်မျှသွားသည်ကိုတိုင်းတာခြင်း

2. ဆီးကိုဓာတ်ခွဲစမ်းသပ်ခြင်း

3. သွေးတွင်းအဆိပ် (urea and creatinine) ပမာဏကို တိုင်းတာခြင်း

4. ကွန်ပျူတာဓာတ်မှန်နှင့် တယ်လီဗွီးရှင်းဓာတ်မှန်များရိုက်ခြင်း

5. ကျောက်ကပ်မှ တစ်သျှူးစယူ၍ ဓာတ်ခွဲကြည့်ခြင်း

ကုသခြင်း

1. ကျောက်ကပ်ပျက်စီးစေသောအကြောင်းအရင်းကိုကုသခြင်း

        ကုသရမည့်နည်းလမ်းမှာ ကျောက်ကပ်ပျက်စီးရခြင်းအကြောင်းအရင်းပေါ်မူတည်၍ ကွဲပြားနိုင်ပါတယ်။

2. နောက်ဆက်တွဲဆိုးကျိုးများကိုကုသခြင်း

(1) ရေဓာတ်ဖြည့်ပေးခြင်း - အရည်များစုပုံနေသော သူများတွင်မူ ဆီးဆေးပေး၍ ဖောရောင်ခြင်းကို သက်သာအောင်ပြုလုပ်ပေးမှာဖြစ်ပါတယ်။

(2) သွေးတွင်းပိုတက်ဆီယမ်ပမာဏကို ထိန်းညှိပေးခြင်း - ကျောက်ကပ်သည် ပိုတက်ဆီယမ်ကို ကောင်းစွာမစွန့်ထုတ်နိုင်ပါက နှလုံးခုန်နှုန်းမမှန်ခြင်းနှင့် ကြွက်သားအားနည်းခြင်းတို့ဖြစ်စေနိုင်ပါတယ်။

(3) ကျောက်ကပ်ဆေးခြင်းဖြင့် သွေးတွင်းအဆိပ်များကိုဖယ်ရှားခြင်း - သွေးတွင်း၌ အဆိပ်အတောက်များစုပုံလာပါက ယာယီသွေးလဲခြင်း (သို့) ကျောက်ကပ်ဆေးခြင်း ပြုလုပ်ရန်လိုအပ်ပါတယ်။ ကျောက်ကပ်ဆေးခြင်းဖြင့် ပိုလျှံနေသောပိုတက်ဆီယမ်ကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်း

          နေကောင်းခါစတွင်

- ပိုတက်ဆီယမ်နည်းပါးသောအစားအစာများကိုသာ ရွေးချယ်စားသုံးပါ။ပိုတက်ဆီယမ်ဓာတ်မြင့်မားသော အစားအစာများမှာ ငှက်ပျောသီး၊ လိမေ္မာ်သီး၊ အာလူး၊ ကညွတ်နှင့် ခရမ်းချဉ်သီးတို့ဖြစ်၍ ပိုတက်ဆီယမ်ပါဝင်မှုနည်းသော အစာများမှာ ပန်းသီး၊ ဂေါ်ဖီထုတ်၊ ပဲစိမ်း၊ စပျစ်သီးနဲ့ စတော်ဘယ်ရီတို့ဖြစ်ကြပါတယ်။

- ဆားသိပ်ထားသော အစားအစာများကိုရှောင်ကြဉ်ပါ။စည်သွတ်ဗူးများ၊ အသင့်စား အစားအစာများ၊ ဟင်းသီးဟင်းရွက်ချဉ်အမျိုးမျိုးနှင့် ဒိန်ခဲများစသော ဆားဓာတ်များစွာပါဝင်သည့် အစားအသောက်များကိုရှောင်ကြဉ်ပါ။

- နွားနို့၊ ဒိန်ခဲ၊ ပဲခြောက်၊ မြေပဲ စသည်တို့တွင် Phosphorus ဓာတ်ပါ၀င်သည့်အတွက် စားသုံးခြင်းကို လျှော့ချပါ။ သွေးတွင်း Phosphorus များခြင်းသည် အရိုးများကို အားနည်းစေ၍ အရေပြားယားယံခြင်းကိုဖြစ်စေနိုင်ပါတယ်။

          ကျောက်ကပ်ပုံမှန်အလုပ်လုပ်ပြီဆိုပါက အထက်ပါအထူးအစားအစာများကို စားသုံးရန်မလိုတော့သော်လည်း ကျန်းမာရေးနှင့်ညီညွတ်မျှတအောင် စားသုံးရန်မှာမူအရေးကြီးလှပါတယ်။

ကာကွယ်ခြင်း

        ရုတ်တရက်ကျောက်ကပ်ကောင်းစွာ အလုပ်မလုပ်သောအခြေအနေကိုကာကွယ်ရန် ခက်ခဲသော်လည်း ဖြစ်နိုင်ချေကို လျှော့ချရန်မူ နည်းလမ်းများစွာရှိပါတယ်။

- အကိုက်အခဲပျောက်ဆေးများ (ဥပမာ - aspirin) ကိုသောက်သုံးမည်ဆိုပါက ဆေးညွှန်းအတိုင်း အတိအကျလိုက်နာပါ။ ၎င်းဆေးဝါးများကို အလွန်အကျွံသောက်သုံးမိပါက ကျောက်ကပ်ကောင်းစွာအလုပ်မလုပ်နိုင်တော့ပေ။ အထူးသဖြင့် ကျောက်ကပ်ရောဂါသည်များ၊ ဆီးချိုရောဂါသည်များနှင့် သွေးတိုးရောဂါရှိသူများတွင် ပိုဆိုးနိုင်ပါတယ်။

- ဆီးချိုရောဂါ (သို့) သွေးတိုးရောဂါကဲ့သို့ ကျောက်ကပ်ပျက်ဆီးနိုင်ချေများသော ရောဂါဝေဒနာရှင််များသည် ဆရာဝန်နှင့်သေချာတိုင်ပင်၍ ဆရာဝန်ညွှန်ကြားချက်များအတိုင်း လိုက်နာသင့်ပါတယ်။

- ကျန်းမာရေးနှင့်ညီညွတ်တဲ့ လူနေထိုင်မှုပုံစံကို ဖန်တီးပါ။ တက်တက်ကြွကြွနေထိုင်၍ အာဟာရှိအောင်စားသုံးပါ။ အရက်ကိုမဖြစ်မနေမှသာ အနည်းငယ်သောက်သုံးပါ။

 

Dr. Thinzar Wynn

www.drmyanmar.com