/
node/4990

နမိုးနီးယားရောဂါပိုး (အဆုတ်ရောင်ခြင်း)

Category
ကျန်းမာရေး (A-Z)

          နမိုးနီးယားလို့ခေါ်တဲ့ အဆုတ်ရောင်ရောဂါက Streptococcus pneumoniae ဆိုတဲ့ ဘက်တီးရီးယားပိုး တစ်မျိုးကြောင့်ဖြစ်ပြီး သာမန်ကနေ ပြင်းထန်ဆိုးရွားတဲ့အခြေအနေထိ ဖြစ်နိုင်ပါတယ်။ ဒီဘက်တီးရီးယားပိုး မျိုးနွယ်စုတူပေါင်း 90 ကျော်ရှိပြီး အချို့သောပိုးတွေက ပိုပြီးပြင်းထန်တဲ့ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။

 

>> ရောဂါအမျိုးအစားများ

          အဓိကအရေးပါတဲ့ ကိုယ်တွင်းအင်္ဂါတွေနဲ့ သွေးရဲ့အပြင်မှာပဲ ဖြစ်လေ့ရှိပြီး မပြင်းထန်တဲ့ နမိုးနီးယားရောဂါနဲ့ ကိုယ်တွင်းအင်္ဂါနဲ့ သွေးထဲကို ရောဂါပိုးဝင်ရောက်တဲ့ ပြင်းထန်နမိုးနီးယားဆိုပြီး နှစ်မျိုး ခွဲခြားထားပါတယ်။

          ကိုယ်တွင်းအင်္ဂါတွေထဲကို ရောဂါပိုး ဝင်ရောက်ခြင်းမရှိတဲ့ မပြင်းထန်နမိုးနီးယားတွေကတော့ -

•        လေပြွန်ရောင်ခြင်း

•        နားရောင်ခြင်း - နားတွင် ရောဂါပိုးဝင်ခြင်းကြောင့်

•        နှာခေါင်းအတွင်းရှိ လမ်းကြောင်းငယ်လေးများ ရောင်ရမ်းခြင်း

 

>> ပြင်းထန်အဆုတ်ရောင်နမိုးနီးယားရောဂါ

•        သွေးတွင်းရောဂါပိုး ဝင်ရောက်ခြင်း - ရောဂါ သိပ်မပြင်းထန်တတ်ပါဘူး

•        သွေးဆိပ်သင့်ခြင်း - ရောဂါ ပိုပြင်းထန်လာပါတယ်။

•        အရိုးရောင်ရမ်းခြင်း - အရိုးတွင်းသို့ ရောဂါပိုးဝင်ခြင်း

•        အဆစ်များရောင်ခြင်း

•        နမိုးနီးယား - အဆုတ်ရောဂါပိုးဝင်ခြင်း၊ ရောင်ခြင်း

•        ဦးနှောက်အမြှေးပါးရောင်ခြင်း

 

>> ရောဂါဖြစ်စေသော အကြောင်းအရင်းများ

          နမိုးနီးယားရောဂါ ဖြစ်စေတဲ့ရောဂါပိုးပေါင်း 90 ကျော် ရှိတဲ့အနက်အချို့ကို ခန္ဓာကိုယ်ခုခံအားစနစ်က အလွယ်တကူ တိုက်ဖျက်နိုင်ပေမယ့် အချို့ပိုးတွေကတော့ ခုခံနိုင်အားကောင်းပြီး ရောဂါပိုး ပြင်းထန်စေနိုင်ပါတယ်။

 

>> ရောဂါပိုး ဘယ်လိုကူးစက် ပျံ့နှံ့နိုင်ပါသလဲ?

          ဒီရောဂါပိုးက နှာခေါင်းနဲ့ ပါးစပ်ကနေမှတစ်ဆင့် လူ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာပါတယ်။ ရောဂါပျံ့နှံ့ပုံကတော့ အအေးမိ တုပ်ကွေးရောဂါတွေမှာလိုပါပဲ။

•        တိုက်ရိုက်ထိတွေ့မိခြင်း - ဥပမာအားဖြင့် တစ်ယောက်ယောက်က နှာချေ (သို့) ချောင်းဆိုးလိုက်တဲ့အခါ ပိုးပါဝင်တဲ့ သေးငယ်တဲ့အစက်လေးတွေက လေထဲမှာ ပျံ့နှံ့သွားပြီး အခြားသူတွေကို အသက်ရှူရာမှတစ်ဆင့် ကူးစက်စေနိုင်ပါတယ်။

•        တစ်ဆင့်ထိတွေ့မိခြင်း - ဥပမာ - ရောဂါပိုးပါတဲ့ အရည်စက်တွေက တံခါးလက်ကိုင်မှာရှိနေပြီး ဒီလက်ကိုက်ဖုကို တစ်ယောက်ယောက်က ကိုင်တွယ်ပြီး သူ့နှာခေါင်းနဲ့ ပါးစပ်တွေကို ထိတွေ့မိမယ်ဆိုရင် ကူးစက်နိုင်ပါတယ်။

          အထူးပြောကြားချင်တာကတော့ ဒီရောဂါပိုးက အအေးမိ တုပ်ကွေးရောဂါပိုးတွေလောက်တော့ ကူးစက်မှု မများပါဘူး။ ဘာကြောင့်လဲဆိုတော့ လူအများစုရဲ့ ခုခံအားစနစ်က ဒီနမိုးနီးယားရောဂါပိုးကို တိုက်ဖျက်ပေးနိုင်လို့ပဲ ဖြစ်ပါတယ်။

          မူကြိုကျောင်း၊ ဘိုးဘွားရိပ်သာနဲ့ ဒုက္ခသည်စခန်းကဲ့သို့သော ခုခံအားနည်းတဲ့သူတွေ စုဝေးနေတဲ့ နေရာတွေမှာတော့ ရောဂါပိုး ပျံ့နှံ့လွယ်ပြီး ရောဂါအဖြစ်များစေပါတယ်။

 

>> ဘယ်လိုတွေကြောင့် ရောဂါ ပိုဖြစ်နိုင်သလဲ?

          အသက်ကြီးလို့ပဲဖြစ်ဖြစ်၊ ကျန်းမာရေးမကောင်းလို့ပဲဖြစ်ဖြစ် အကြောင်းတစ်စုံတစ်ရာကြောင့် ခုခံအားစနစ် အားနည်းတဲ့သူတွေမှာ ရောဂါပိုး ဝင်ရောက်နိုင်ခြေ များပါတယ်။

          ဘက်တီးရီးယားပိုးက လည်ချောင်းထဲကနေမှတစ်ဆင့် အဆုတ်၊ သွေး၊ ဦးနှောက်စတဲ့ အခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေထဲကို ရောက်ရှိသွားပြီး ရောဂါပြင်းထန်စေနိုင်ပါတယ်။

 

>> ရောဂါပိုး ဝင်ရောက်နိုင်ခြေများတဲ့ အောက်ပါသူတွေမှာဆိုရင် ကာကွယ်ဆေးထိုးထားသင့်ပါတယ်။

•        အသက် 2 နှစ်အောက် ကလေးများ

•        အသက် 65 နှစ်အထက် လူကြီးများ

•        အသက် 2 နှစ်နှင့် 65 နှစ်အကြား နာတာရှည်ရောဂါ ခံစားနေရသော မည်သူမဆို

 

>> အောက်ပါလူတွေမှာ ရောဂါပိုး ဝင်ရောက်နိုင်ခြေ များပါတယ်။

•        HIV/ AIDS ကဲ့သို့သော ရောဂါမျိုးကြောင့် ခုခံအား ကျဆင်းခြင်း

•        ကင်ဆာရောဂါ ဓာတ်ကင်ကုသခြင်း (သို့) စတီးရွိုက်ဆေးများစသည့် ကိုယ်ခံအား ကျဆင်းစေသော ဆေးကုသမှု ခံယူနေသူများ

•        သရက်ရွက်ရောဂါ ဖြစ်ဖူးသူများ

•        နာတာရှည် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်း ကဲ့သို့သော နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါခံစားနေရသူများ

•        နှလုံးသွေးကြောရောဂါရှိသူ (သို့) နှလုံးတိုက်ခိုက်ခြင်း ခံထားရသူများ

•        နာတာရှည် ကျောက်ကပ်ရောဂါရှိသူ ၊ အရက်ကြောင့် အသည်းမကောင်းသူများ

•        ဆီးချိုရောဂါ ခံစားနေရပြီး အင်ဆူလင်ထိုးနေရသူများ

•        အာရုံကြောမကြီး ထိခိုက်ထားပြီး ဦးနှောက်ထဲမှ အရည်ကြည်များ စိမ့်ထွက်တတ်သူများ

 

>> ရောဂါလက္ခဏာများ

          ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတဲ့ ဘက်တီးရီးယားပိုး အမျိုးအစားအပေါ် မူတည်ပြီး ရောဂါလက္ခဏာတွေလည်း ကွဲပြားခြားနားပါတယ်။ အဖြစ်များတဲ့ ရောဂါလက္ခဏာအချို့ကတော့ -

•        ကိုယ်ပူကြီးခြင်း (100.4 ဒီဂရီဖာရင်ဟိုက်နှင့်အထက်)

•        ချမ်းတုန်ခြင်း

•        ချေွးထွက်ခြင်း

•        နာကျင်ကိုက်ခဲခြင်း

•        ခေါင်းကိုက်ခြင်း

•        နေထိုင်မကောင်းခြင်း

 

>> ဘယ်လိုဖြစ်လာရင် ဆေးခန်းသွားပြဖို့ လိုသလဲ?

•        သုံးရက်ထက် ပိုပြီးအဖျားကြီးနေမယ်

•        ချောင်းဆိုးတဲ့အခါ ချွဲထဲမှာ သွေးပါမယ်

•        အသက်ရှူ မြန်မယ် (တစ်မိနစ် အကြိမ် 30 အထက်) သို့ ရင်ဘတ်အောင့်မယ်

•        ထိုင်းမှိုင်း လေးလံလာမယ်

•        အသက်ရှူရ ခက်လာမယ်ဆိုရင် ချက်ချင်းဆေးကုသမှု ခံယူရပါမယ်။

 

          ကလေးတွေမှာ အောက်ပါအခြေအနေတွေ ကြုံတွေ့ရရင် နီးစပ်ရာဆေးရုံ၊ ဆေးခန်းကို ချက်ချင်းပြသရပါမယ်။

•        အသက် 3 လအောက် ကလေးမှာ ကိုယ်အပူချိန် 38°C အထက် ဖျားခြင်း

•        အသက် 3-6 လ ကိုယ်အပူချိန် 39°C အထက်

•        အသက် 2 နှစ်အထက် ကလေးတွေမှာ 3 ရက်ထက်ပိုပြီး ရောဂါလက္ခဏာများ မပျောက်ဘဲ ဆက်ရှိနေခြင်း။

 

>> အရေးပေါ်ဆေးကုသမှု ခံယူရမည့် အခြေအနေများ

          အဆိုးရွားဆုံး အခြေအနေကတော့ ဘက်တီးရီးယားပိုးဝင်ပြီး ဦးနှောက်အမြှေးပါး ရောင်ခြင်းပါပဲ။ ဆေးရုံတက်ပြီး ချက်ချင်းကုသမှုခံယူဖို့ အရေးကြီးပါတယ်။

          ဦးနှောက်အမြှေးရောင်ရဲ့ ကနဦး လက္ခဏာတွေကတော့ -

•        ကြွက်သားများ၊ အဆစ်များ၊ ခြေလက်များ ကိုက်ခဲခြင်း

•        ချမ်းတုန်ခြင်း၊ လက်နှင့် ခြေထောက်များ အလွန်အမင်း အေးစက်နေခြင်း

•        နှှုတ်ခမ်းပြာခြင်း၊ အသားအရည်များ ဖျော့တော့လာခြင်း

 

          ရောဂါ ပိုးဆိုးလာတဲ့အခါမှာ ဖြစ်လေ့ရှိတာတွေကတော့ -

•        ဖန်ခွက်နှင့် ဖိကြည့်သော်လည်း ပျောက်မသွားသော အနီရောင်အစက်နှင့် အဖုအပိန့်များ အရေပြားပေါ်တွင် ပေါ်လာခြင်း

•        မှိုန်းလာခြင်း၊ စိတ်ရှှုပ်ထွေးလာခြင်း

•        တက်ခြင်း

•        အလင်းရောင်ကို မခံနိုင်တော့ခြင်း

•        လည်ပင်းတောင့်ခြင်း

•        အသက်ရှူနှုန်းမြန်ခြင်း စတဲ့လက္ခဏာတွေ ဖြစ်ပါတယ်။

 

          ကလေးတွေမှာ ဖြစ်လေ့ရှိတဲ့ ဦးနှောက်အမြှေးပါးရောင်တဲ့ လက္ခဏာတွေကတော့ လူကြီးတွေနဲ့ မတူပါဘူး။ ကလေးတွေမှာ ဖြစ်တတ်တဲ့လက္ခဏာတွေကတော့ -

•        ပျော့ခွေသွားခြင်း၊ တုန့်ပြန်မှု မရှိခြင်း၊ တောင့်တင်းနေခြင်း

•        စိတ်တိုလွယ်ခြင်း၊ အချီမခံတော့ခြင်း

•        ပုံမမှန်သောငိုခြင်း

 

>> ရောဂါရှာဖွေ ဖော်ထုတ်ခြင်း

          ရောဂါလက္ခဏာပေါ် မူတည်ပြီး စမ်းသပ်မှုအမျိုးမျိုး ရှိပါတယ်။

•        သွေးစစ်ခြင်း

•        ဓာတ်မှန်ရိုက်ခြင်း

•        သွေးပေါင်ချိန်တိုင်းခြင်း - ရောဂါပြင်းထန်လာတဲ့အခါမှာ သွေးပေါင် ကျသွားတတ်ပါတယ်။

•        ခါးရိုးချဉ်ဆီ ဖောက်စစ်ခြင်း

•        ဆီးစစ်ခြင်း

 

>> ကုထုံးများ

          မပြင်းထန်တဲ့ နမိုးနီးယားကတော့ ကုသမှု ခံယူစရာမလိုဘဲ သူ့အလိုလို ပြန်ပျောက်သွားလေ့ ရှိပါတယ်။ အနားယူခြင်း၊ အရည်များများသောက်ခြင်း၊ ပါရာစီတမောကဲ့သို့သော အကိုက်အခဲပျောက်ဆေးတွေက ရောဂါ မြန်မြန်သက်သာစေနိုင်ပါတယ်။

          ပြင်းထန်နမိုးနီးယားကိုတော့ အိမ် (သို့) ဆေးရုံမှာ ပိုးသတ်ဆေးပေးပြီး ကုသပါတယ်။

 

>> နမိုးနီးယားရောဂါပိုးကို ဘယ်လိုကာကွယ်ကြမလဲ?

          ရိုးရှင်းတဲ့ တစ်ကိုယ်ရည် သန့့်ရှင်းရေး နည်းလမ်းလေးတွေနဲ့ ရောဂါပိုး မပျံ့နှံ့အောင် ကာကွယ်နိုင်ပါတယ်။

•        လက်ကို ပုံမှန် သေသေချာချာ အမြဲဆေးခြင်း (အထူးသဖြင့် နှာခေါင်းနှင့် ပါးစပ်များကို ကိုင်တွယ်ပြီးချိန်၊ အစာမစားမီ၊ မချက်ပြုတ်မီ အချိန်များတွင်)

•        နှာချေ၊ ချောင်းဆိုးတဲ့အခါ တစ်ရှူးနဲ့ အုပ်ဆိုးပါ။ ပြီးရင် ဒီတစ်ရှူးကို သေချာစွန့်ပစ်ပြီး လက်ကို သေချာဆေးပါ။

•        ပန်းကန်ခွက်ယောက်များကို အများနှင့် မျှဝေသုံးစွဲခြင်း မပြုပါနှင့်။

 

>> ကာကွယ်ဆေး

          နမိုးနီးယားရောဂါပိုး မဝင်ရောက်စေဖို့ pneumoccal vaccine က ထိရောက်ပါတယ်။ ကလေးနဲ့ လူကြီးအတွက်ဆိုပြီး ကာကွယ်ဆေး အမျိုးအစား နှစ်မျိုးရှိပါတယ်။

          ကလေးများတွေအတွက် ကလေးအသက် 8 ပတ်၊ 16 ပတ်နဲ့ တစ်နှစ်အရွယ်တွေမှာ ထိုးဆေး 3 ကြိမ်ထိုးဖို့ လိုပါတယ်။ ကလေး 10 ယောက်မှာ တစ်ယောက်လောက်က ဆေးထိုးတဲ့နေရာမှာ နီခြင်း၊ ရောင်ခြင်းနဲ့ ကိုယ်နည်းနည်းပူခြင်းတွေ ဖြစ်တတ်တာကလွဲပြီး ကာကွယ်ဆေးက စိတ်ချရပါတယ်။ နီတာ၊ ရောင်တာတွေကလည်း မြန်မြန်ပြန်ပျောက်ပါတယ်။

          လူကြီးတွေမှာတော့ ကာကွယ်ဆေး 1 ကြိမ်ပဲထိုးဖို့ လိုပါတယ်။ ဒါပေမဲ့ ခုခံအားကျတဲ့လူတွေမှာတော့ အားဖြည့်ဆေး ထပ်ထိုးဖို့လိုပါတယ်။ ဆေးထိုးတဲ့နေရာမှ နာခြင်း၊ ရောင်ခြင်းတွေ ခံစားရတတ်ပါတယ်။ အချို့ကတော့ အနည်းငယ် ဖျားလေ့ရှိပြီး 3 ရက်လောက်နေရင် ပျောက်သွားပါတယ်။

          အရက်နှင့် နမိုးနီးယားရောဂါပိုး - အရက်အလွန်အကျွံ သောက်တဲ့သူတွေမှာ ပြင်းထန်အဆုတ်ရောင်နမိုးနီးယားရောဂါ ဖြစ်နိုင်ခြေ ပိုများပါတယ်။ အရက်က ခုခံအား ကျစေပါတယ်။

          ဆေးလိပ်သောက်ခြင်း -  ဆေးလိပ်သောက်ခြင်းကလည်း ပြင်းထန်အဆုတ်ရောင်နမိုးနီးယားရောဂါ ဖြစ်စေတဲ့ အကြီးမားဆုံး အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ လေ့လာမှုတွေအရ ပြင်းထန်အဆုတ်ရောင်နမိုးနီးယားရောဂါဖြစ်တဲ့ ကျန်းမာတဲ့လူကြီးတွေရဲ့ ၆၀% လောက်က ဆေးလိပ်သောက်သူတွေ ဖြစ်တယ်လို့ တွေ့ရှိခဲ့ရပါတယ။် အကြောင်းအရင်းကို သေချာမသိပေမယ့် ဖြစ်နိုင်တဲ့အကြောင်းတစ်ခုကတော့ ဆေးရွက်ကြီးမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေကို ခုခံအားစနစ်ကို နှောင့်ယှက်ခြင်းကြောင့် ဖြစ်ပါတယ်။ ဆေးလိပ်ဖြတ်ခြင်းက ပြင်းထန်အဆုတ်ရောင် နမိုးနီးယားရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးရုံသာမက ကင်ဆာ၊ နှလုံးရောဂါနဲ့ လေဖြတ်ခြင်း ဖြစ်နိုင်ခြေကိုပါ လျော့ကျစေပါတယ်။

 

Dr. Mya Myo Myo Swe (www.drmyanmar.com)