/
node/6191

သွေးတိုးရောဂါကြောင့် အသက်မဆုံးရလေအောင်...

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        ရေရှည် သွေးတိုးလာတဲ့ လူနာတွေမှာ ကျောက်ကပ်၊ နှလုံး၊ လေဖြန်းတာတွေ ကြုံရနိုင်ပြီး အရွယ်မတိုင်ခင် အသက်ဆုံးပါးနိုင်ခြေ ရှိနေပါတယ်။ အမေရိကန် တစ်နိုင်ငံတည်းမှာတောင် သွေးတိုးရောဂါ ရှိနေတဲ့သူ ၈၅ မီလီယံ ရှိနေပါတယ်။

          သွေးတိုးအကြောင်း ရှင်းသွားအောင် အောက်က အမေးအဖြေလေးတွေ ဖတ်ကြည့်နော်။

 

♦       သွေး ဘာလို့တိုးတာလဲ?

          များသောအားဖြင့် အကြောင်းရင်း မသိရသေးပါဘူး။  သွေးကြောလေးတွေ မာလာလို့ ဖြစ်တတ်သလို နာတာရှည် ကျောက်ကပ်ရောဂါကြောင့်လည်း ဖြစ်လာနိုင်ပါတယ်။

 

♦       သွေး တိုး၊ မတိုး တစ်ခါချိန်ရုံနဲ့ သိနိုင်လား?

          အနည်းဆုံး နှစ်ကြိမ်ခန့် သက်သောင့်သက်သာ အနေအထားမှာ ချိန်ပြီးမှ သွေး တိုး၊ မတိုး ဆုံးဖြတ်လို့ပါတယ်။

 

♦       တစ်ခါတလေမှ တိုးတာပဲ ... သွေးကျဆေး လိုလို့လား?

          သွေးတိုးရှိပြီလို့ သတ်မှတ်လိုက်ရင် တစ်ခါတလေပဲဖြစ်ဖြစ်၊ နေ့စဉ်တိုးတာပဲဖြစ်ဖြစ် သေချာထိန်းချုပ်ကုသဖို့ လိုအပ်လာပါပြီ။

 

♦       သွေးတိုးမှန်း သိလာရင် ဘာစလုပ်မလဲ?

          ပထမဆုံးအနေနဲ့ ဆေးတစ်မျိုးတည်း သောက်ရုံနဲ့ သွေးတိုးကျဖို့ မဖြစ်နိုင်တာကို နားလည်ထားရပါမယ်။ နေ့စဉ် မိနစ် ၂၀ ခန့် လေ့ကျင့်ခန်း လုပ်ပါ။

          စိတ်တည်ငြိမ်ဖို့ တရားထိုင်ပါ။

          အရက်ဖြတ် ဆေးလိပ်ဖြတ်ပါ။

 

♦       သွေးတိုးတဲ့အခါ အငန်မစားရင် လုံလောက်ပြီလား?

          အငန်တစ်မျိုးတည်း ငါးပိ၊ ငါးခြောက်၊ ငံပြာရည် ရှောင်ရုံနဲ့ မလုံလောက်ပါဘူး။ အဆီအအိမ့်၊ တညင်းသီး၊ ဝက်သား၊ ဆီပြန်ဟင်းတွေကိုပါ အထူးရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ သွေးကြောတွေကို ကျန်းမာစေတဲ့ အစားအသောက်ကတော့ အသီးအရွက်များများနဲ့ အသား အသင့်အတင့် စားတဲ့ပုံစံ ဖြစ်ပါတယ်။

 

♦       ဘာဆေးတွေ သောက်ဖို့ လိုမလဲ?

          ဆေးကို ဆရာဝန်က ညွှန်ကြားပေးပါလိမ့်မယ်။ တစ်မျိုးတည်းထက် နှစ်မျိုးပေါင်း သောက်ဆေးတွေနဲ့ ထိရောက်စွာ ကုသနိုင်နေပါပြီ။ အနိမ့်ဆုံးပမာဏကနေ ဆေးစပေးပါတယ်။ ဆေးအမျိုးအစားတွေကတော့ အမျိုးမျိုးပါပဲ။ မိမိနဲ့ သင့်တော်ရာကို ရွေးချယ်သောက်သုံးရမှာပါ။

 

♦       ဘယ်လောက်ဆိုရင် သွေးတိုးတယ်လို့ ပြောလို့ရလဲ?

          အပေါ်သွေး ၁၃၀ နှင့်အထက်၊ အောက်သွေး ၈၀ နှင့်အထက်ပါ။

 

♦       သွေးတိုးကို မကုဘဲထားရင် ဘာတွေဖြစ်လာမလဲ?

          နှလုံးသွေးကြောကျဉ်းတာ၊ လေဖြတ်တာ၊ မျက်စိမှုန်တာနဲ့ ကျောက်ကပ်ရောဂါတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။

 

♦       ဆေးသောက်ပြီး သွေး ကျ၊ မကျ ဘယ်လိုသိမလဲ?

          သွေးကျဆေး အာနိသင်ရဖို့ အနည်းဆုံး နှစ်ပတ်ခန့် စောင့်ရပါတယ်။ ဒါကြောင့် ဆေးသောက်ပြီး နှစ်ပတ်တစ်ခါ သွေးပြန်ချိန်ကြည့်လို့ ရပါတယ်။

 

♦       စိတ်တိုတဲ့အခါ၊ ဒေါသထွက်တဲ့အခါ ခေါင်းတွေ မူးလာတာ သွေးတိုးလို့လား?

          ယတိပြတ် ပြောလို့မရပါဘူး။ ရမ်းပြီး ဆေးသောက်မယ့်အစား နေ့စဉ် ပုံမှန်သောက်ပါ။ တစ်ခုခု ခေါင်းကိုက်တာ၊ မူးတာရှိခဲ့ရင် သွေးတိုးနေတတ်တာ ဖြစ်နေတတ်လို့ ဆရာဝန်နဲ့ပြသ သွေးချိန်ပြီး သူတို့ ညွှန်ကြားသလို သွေးကျဆေး သောက်ရပါမယ်။

 

♦       သွေးပေါင် နှစ်ရာကျော်တယ် ... လူက ဘာမှမဖြစ်ဘူး ...?

          ဖြစ်နိုင်ပါတယ်။ ဘာလက္ခဏာမှမပြဘဲ သွေးပေါင် အများကြီး တိုးနေသူတွေ ရှိပါတယ်။ ဓားသွားပေါ်မှာ လမ်းလျှောက်နေသလိုပါပဲ။ ဖြစ်မှကုသမယ် ဆိုရင်တော့ နောက်ကျသွားပြီ။ ဘာမှမခံစားရလည်း လူက နေကောင်းနေလည်း သွေးတိုးနေရင် ကုသပါ။

 

♦       ဘယ်လိုလူတွေ သွေးတိုး ပိုဖြစ်တတ်သလဲ?

○        အသက် ၄၀ ကနေ ၆၀ ကျော်

○        အဝလွန်သူတွေ

○        အရက်သောက်သူတွေ

○        ဆီးချိုရောဂါသည်တွေ

○        ကိုယ်လက်လှုပ်ရှားမှုနည်းသူတွေ

○        အသီးအနှံစား နည်းသူတွေ

○        အချိုနဲ့ အငန်နဲ့ အဆီအအိမ့်ကြိုက်သူတွေ

○        မိသားစုထဲမှာ သွေးတိုးရှိသူတွေ

 

♦       သွေးတိုးရင် ဘယ်လိုခံစားရလဲ?

          ဘာမှမခံစားရတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သွေးတိုးကို တိတ်တဆိတ် လူသတ်သမားလို့ ခေါ်ကြတာပါ။

 

♦       ခေါင်းကိုက်တာရယ်၊ နှာခေါင်း သွေးယိုတာရယ်ဖြစ်ရင် ...?

          အလွန်အကျွံ သွေးတိုးနေတာ ဖြစ်နိုင်ပါတယ်။

          ချက်ချင်းပြသ ကုသမှုခံယူပါ။

 

♦       တခြားရောဂါတွေကြောင့် သွေးတိုး ဖြစ်လာတယ်ဆိုတာ ...?

○        ဆီးချိုရောဂါ

○        ကျောက်ကပ်ရောဂါ

○        ကျောက်ကပ်အကျိတ်ရောဂါ

○        ဟော်မုန်းအကျိတ်ရောဂါ

○        လည်ပင်းကြီးရောဂါ

○        အိပ်ပျော်နေစဉ် အသက်ရှူ ရပ်တန့်ရောဂါ

○        အဝလွန်ရောဂါ

○        နာတာရှည် ကျောက်ကပ်ရောင်ရောဂါတွေကြောင့် သွေးတိုး ဖြစ်လာနိုင်ပါတယ်။

 

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)