/
node/6256

အအေးမိတဲ့အခါ လက်ကိုင်ပုဝါဆောင်တာ ကောင်းတဲ့အလေ့အထလား

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အအေးမိနေရင် နေမကောင်းရင် လက်ကိုင်ပုဝါလေးတွေနဲ့ အလုပ်လာကြ အပြင်သွားကြပါတယ်။ အရင်ကဆို လက်ကိုင်ပုဝါရောင်စုံ ခါးမှာချိတ် ရင်ဘတ်မှာ တွယ်ပြီး ဖက်ရှင်တောင်ထုတ်ခဲ့ကြတယ် မဟုတ်ပါလား။ အဲဒီလက်ကိုင်ပုဝါဖက်ရှင်ကို အခုမေ့လိုက်ပါတော့။ ကိုယ်နှာချေရင် ချောင်းဆိုးရင် အုပ်တဲ့လက်ကိုင်ပုဝါတွေမှာ ဘက်တီးရီးယားပိုးတွေ ဗိုင်းရပ်တွေ ရာချီကပ်ညှိနေတတ်ပြီးအဲဒီ လက်ကိုင်ပုဝါကပဲ ရောဂါပိုးပျံ ့နှံ့တဲ့ အရင်းအမြစ်ဖြစ်နေတတ်ပါသတဲ့။

 

လက်ကိုင်ပုဝါမဆောင်ရင် ဘာဆောင်ရမလဲ ??

          လက်သန့်စင် ဆေးရည်နဲ့ ဆပ်ပြာပါတဲ့။

• အအေးမိတဲ့အခါ လကိကိုမကြာခဏဆေးပါ။ မသန့်ရှင်းတဲ့ လက်ဟာ ရောဂါပိုးတွေ ပျံ့ပွားရာ အဓိကအစပါပဲ။

• နှာချေတဲ့အခါ ချောင်းဆိုးတဲ့အခါ ရောဂါပိုးတွေ လေမှာမပျံ့ဖို့ နှာခေါင်းစည်းတပ်ထားနိုင်ပါတယ်။

• လုပ်ဖော်ကိုင်ကိုင်ဖက်တွေထဲကအသက်ကြီးသူတွေ၊ ပန်းနာရင်ကျပ်ရှိိသူတွေ အနီးကိုမကပ်ပါနဲ့။ ကိုယ့်ဆီကပိုးတွေက သူတို့ဆီကို အလွယ်တကူကူးစက်စေနိုင်ပါတယ်။

• နေအိမ်ကကလေးတွေကို ချီတာ၊ ဖက်ရမ်းနမ်းရှုံ့တာတွေ မလုပ်ပါနဲ့။ နုနယ်တဲ့ ကလေးတွေကို အလွယ်တကူ ကူးတတ်ပါတယ်။

• တစ်ရှူးဆောင်ပါ။ နှပ်ညှစ်ပြီးသား တစ်ရှူးကိုချက်ချင်းပစ်ပါ။ ကိုယ်ကနှပ်ညှစ်ပြီးတဲ့အခါ  လက်ဆေးပါ။

• မသန့်တဲ့လက်က ခုံတွေ၊ စားပွဲတွေ၊ ကွန်ပျူတာတွေ၊ စာအုပ်တွေကိုကိုင်လိုက်တဲ့အခါ ရောဂါပိုးတွေ ကူးပြောင်းရောက်ရှိသွားပါတယ်။ အဲဒါတွေကို တခြားလူတွေကိုင်မိတဲ့အခါ အအေးမိပိုးတွေ အလွယ်တကူကူးသွားနိုင်ပါတယ်။

• ကိုယ်အအေးမိနေတဲ့အခါ ကိုယ်နဲ့ ထိတွေ့နေတဲ့ စောင်၊ ခြင်ထောင်တွေကို နေပူပူမှာ လှမ်းလိုက်ပါ။ စားပွဲတွေ၊ ကုလားထိုင်တွေကို ပိုးသန့်စင်ဆေးရည်နဲ့ သန့်ရှင်းပေးပါ။ မဖြစ်မနေအလုပ်သွားရ၊ အပြင်သွားရမယ်ဆိုရင် လက်ကိုင်ပုဝါအစား လက်သန့်စင် Gel ဆေးရည်ဘူးလေးတွေ ဆောင်သွားပါ။

ဒီတော့ အနှစ်ချုပ်အနေနဲ့ဆိုရင် အအေးမိနေတုန်း လက်ကိုင်ပုဝါမဆောင်ဘဲ ဆောင်သင့်တဲ့ အရာလေးတွေကတော့

  • လက်သန့်စင်ဆေးရည် ( Hand Gel )
  • လက်သန့်စင် ဆပ်ပြာ ( Antibacterial Soap)
  • တစ်ရှူး( Tissue)
  • နှာခေါင်းစည်း ( Mask ) တို့ပဲ ဖြစ်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

(Unicode)


 














