/
node/992

၈ လကျော်အတွင်း ၁၃၆ ပေါင်ကျသွားခဲ့သူ

Category
အောင်မြင်စွာ ၀ိတ်ချ နိုင်သူများ

        ကျွန်မနာမည် Heather ပါ။ အသက် ၂၄ နှစ်ရှိပြီး အရပ် ၅ ပေ ၆ လက်မ မြင့်ပါတယ်။ ဒီလို ၁၃၆ ပေါင် မကျခင်တုန်းက ကျွန်မရဲ့ကို်ယ်အလေးချိန်က ၂၅၄ ပေါင်ရှိခဲ့ပါတယ်။

၀ိတ်လျှော့ဖို့ဆုံးဖြတ်လိုက်ခြင်း

        ကျွန်မမှာ ၂ နှစ်နဲ့ ၄ နှစ်အရွယ် သားလေး ၂ ယောက်ရှိပါတယ်။ ကျွန်မသူတို့လေးတွေနဲ့ မမောမပန်းဘဲ ကောင်းကောင်းဆော့ချင်ပါတယ်။ နောက်ပြီး မှန်ထဲကြည့်မိရင်တောင် ကျွန်မကိုယ်ကျွန်မ မုန်းတဲ့ခံစားချက်ကို လည်း စိတ်ကုန်လာပါတယ်။ ဒီလိုနဲ့ နေလာရင်း တစ်မနက်ခင်းမှာ အိပ်ယာထဲက ထထချင်း ၀ိတ်လျှော့ဖို့ တစ်ခုခု ကိုကျွန်မလုပ်သင့်ပြီဆိုတဲ့ အသိချက်ကနဲ၀င်လာပါတယ်။ အဲဒီနောက်ပိုင်းမှာ ကျွန်မ ဒီအသိစိတ်လေးကို အမြဲနှလုံးသွင်းဖြစ်ပြီး ကျန်းမာလှပတဲ့ ဘ၀တစ်ခုကို ဖန်တီးဖို့ ကိုယ့်ကိုကိုယ် တွန်းအားပေးဖြစ်ပါတယ်။

ကြိုးစားခဲ့တဲ့ မမေ့နိုင်နေ့ရက်များ

        ပထမဆုံးအနေနဲ့ တစ်နေ့တာလုံးစားသမျှကို စာအုပ်တစ်အုပ်ထဲမှာ ဒိုင်ယာရီရေးသလို ရေးမှတ်တဲ့ အကျင့် ကိုပျိုးထောင်ခဲ့ပါတယ်။ နောက်ပြီး တစ်ခါတည်း အများကြီးစားတဲ့အကျင့်ကို ရှောင်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို နည်းနည်းနဲ့ အကြိမ်ရေများများ စားပေးပါတယ်။ ရေကလွဲပြီး ဘာအချိုရည်မှ မသောက်ဘဲနေ ခဲ့ပါတယ်။ လေ့ကျင့်ခန်းအနေနဲ့တော့ လမ်းလျှောက်တာမျိုးကစပြီးလုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှအလေး နဲ့ လေ့ကျင့်တဲ့ လေ့ကျင့်ခန်းမျိုးကို လုပ်ခဲ့ပါတယ်။

နာကျင်လည်း ရှေ့ဆက်လျှောက်ဆဲ

        လေ့ကျင့်ခန်းလုပ်တော့ ကြွက်သားတွေရောင်ပြီး တစ်ကိုယ်လုံးကိုင်ရိုက်ထားသလို နာကျင်ခဲ့ပါတယ်။ ပင် ပန်းပေမယ့် ကျွန်မအားတင်းပြီး ဆက်လုပ်ပါတယ်။ ဘာလို့လဲဆိုတော့ ပင်ပန်းတာနဲ့ယှဉ်ရင် ရလာတဲ့ရလဒ်က ကျွန်မအတွက် အရမ်းတန်ဖိုးရှိတာကိုး။

ပန်းတိုင်သို့ ရောက်ရှိခြင်း

        လေ့ကျင့်ခန်းလုပ်ရင်း လုပ်ရင်းနဲ့ ၈ လ နည်းနည်းကျော်လာတော့ ၁၃၆ ပေါင်ကျသွားပြီး ကိုယ်အလေးချိန် ၁၁၈ ပေါင်ပဲ ကျန်ပါတော့တယ်။ ကျွန်မက ကိုယ်အလေးချိန်ကျလွယ်ပါတယ်။ ဒါကလည်း အသက်ငယ်သေးလို့ ဖြစ်ပါလိမ့်မယ်။ နောက်ပြီး ရအောင်လုပ်မယ်ဆိုတဲ့ စိတ်စွမ်းအင် မွေးမြူထားနိုင်တာရယ်၊ အချိုတွေနဲ့ ၀စေနိုင်တဲ့ အစားအသောက်တွေအားလုံးကို ေ၀းေ၀းကရှောင်နိုင်တာရယ်ကြောင့်လဲ ဒီလိုမြန်မြန်ကျသွားတာလို့ ယုံကြည်ပါ တယ်။

၀ိတ်ထိန်းခြင်းနှင့် ပြောင်းလဲလာသော စိတ်ခံစားချက်

        ကိုယ်အလေးချိန် ၁၁၈ ပေါင်ရောက်ပြီးပေမယ့် တစ်ပတ်ကို ၆ ရက် တိတိ မပျက်မကွက် လေ့ကျင့်ခန်းသွား လုပ်ပါတယ်။ အရင်လို စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာ၊ အားငယ်တာ၊ ရှက်တာတွေ၊ ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိတာတွေ အခုဆို ကျွန်မမှာမရှိတော့ပါဘူး။ အားအင်တွေလည်း ပိုရှိလာပြီး ကလေးတွေကို အကောင်းဆုံးပ့ံပိုးပေးနိုင်တဲ့ အမေတစ်ယောက်ဖြစ်နေပါပြီ။ ၀ိတ်လျှော့နိုင်ခဲ့တာ ကျွန်မအတွက် ကိုယ့်ဘာကိုယ်လုပ်ပေးနိုင်ခဲ့သမျှထဲမှာ အကောင်းဆုံးဖြစ်ပါတယ်။

အခြား၀ိတ်လျှော့ခဲ့သူများ၏ အောင်မြင်မှုများက အားတစ်ခုဖြစ်ခဲ့

        ၀ိတ်လျှော့နေတုန်းက စိတ်ဓာတ်ကျပြီး ဆက်မလုပ်ချင်တော့တဲ့ အခါမျိုးတွေရှိခဲ့ပါတယ်။ အဲဒီလိုအချိျန်မှာ internet ကနေပြီး တခြားသူတွေရဲ့ ကြိုးစားအောင်မြင်ခဲ့တာတွေကို ဖတ်ပြီး ကိုယ့်ကိုကိုယ် စိတ်ပြန်တက်ကြွလာအောင် လုပ်ပါတယ်။ ၀ိတ်လျှော့တယ်ဆိုတာ လွယ်တဲ့အလုပ်မဟုတ်တဲ့အတွက် အပင်ပန်းခံဖို့၊ ဇွဲရှိဖို့၊ အရေးကြီးကြောင်း ကိုယ့်ကိုကိုယ် အမြဲသတိပေးဖြစ်ပါတယ်။

          ကျွန်မလိုပဲ ၀ိတ်ကျချင်တဲ့သူတွေကို အောက်ပါနည်းလမ်းတွေလိုက်နာဖို့ တိုက်တွန်းလိုပါတယ်။

၁။       စိတ်ရှည်ပါ၊ ရည်မှန်းချက်ပန်းတိုင်ထားပြီး တဆင့်ချင်း လှမ်းတက်ပါ။

၂။       လှုပ်ရှားမှုကြမ်းကြမ်းတွေက အရိုး၊ အဆစ် နဲ့ ကြွက်သားတွေကို အနာတရဖြစ်စေပါတယ်။ ဒါကြောင့် ပျော့ပျောင်းတဲ့ လေ့ကျင့်ခန်းတွေကနေစပြီး လုပ်ဆောင်ပြီးမှ တဖြည်းဖြည်းတိုးပြီး လုပ်သွားပါ။

၃။       အဆီလောင်ကျွမ်းစေမယ့် အစားအသောက်တွေရွေးချယ် စားသောက်ပါ။

၄။       တစ်ခါစားနည်းနည်းနဲ့ တစ်နေ့မှာ ၅ - ၆ ကြိမ်စားပါ။ ည ၈ နာရီနောက်ပိုင်း ဘာမှမစားပါနဲ့။ ၀ိတ်တက် လာမှာဆိုးပြီး အစာမစားဘဲမနေပါနဲ့။ အထူးသဖြင့် မနက်စာမစားဘဲ မနေပါနဲ့။

၅။       အဆီနည်း အသား၊ ပေါင်မုန့်ညို၊ ပဲအမျိုးမျိုး၊ ဟင်းနုနွယ် စတဲ့ အာဟာရဓာတ်ပြည့်၀တဲ့ အစားအစာတွေ ကိုစားပါ။ ပရိုတင်းဓာတ်ကြွယ်၀တဲ့ အစားအသောက်တွေကို များများစားပေးရင် ဗိုက်ကြာကြာပြည့်စေတဲ့အတွက် အလွန်အကျွံစားဖြစ်တာကို ကာကွယ်ရာရောက်ပါတယ်။ ဆီကြော်တွေ၊ အမြန်စာတွေ စားတာကိုရှောင်ကြဉ်ပါ။

၆။       ရေများများသောက်ပါ။ ရေသောက်ခြင်းဟာ ဆာလောင်မှုကို ပြေပျောက်စေရုံသာမက အသားအရေ ကြည်လင်စေပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ကင်းစင်စေပါတယ်။

၇။       နေ့ရက်တိုင်းကို ပျော်ရွှင်မှုများနှင့်စတင်ပါ။ ပျော်စရာကောင်းတဲ့ အတွေးတွေကိုပဲ ခေါင်းထဲမှာထားပါ။