အရိုးပွရောဂါ (Osteoporosis)
အရိုးပွရောဂါဆိုသည်မှာ အရိုးသိပ်သည်းဆနည်းပါးလာခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြီး အကျိုးဆက်အနေဖြင့် အရိုးများကို အားနည်းစေပါတယ်။ အရိုးပွရောဂါရှိတဲ့လူနာတွေဟာ ချော်လဲခြင်း၊ ပြုတ်ကျခြင်းတို့ကြောင့် အရိုးကျိုးနိုင်ရုံသာမက အရိုးများပါးလာခြင်းကြောင့် ခါးချိုးခြင်း၊ ချောင်းဆိုးခြင်း တို့ပြုလုပ်ရုံမျှနဲ့ပင် အရိုးကျိုးလွယ် နိုင်ပါတယ်။ အရိုးရောဂါထဲတွင် အဖြစ်အများဆုံးဖြစ်ပြီး၊ သွေးဆုံးပြီးအမျိုးသမီးတွေဟာ အမျိုးသားတွေထက် အရိုး ပွရောဂါကို အများဆုံးခံစားရလေ့ရှိပါတယ်။ တင်ပါးဆုံရိုး၊ လက်ကောက်၀တ်ရိုးနဲ့ ခါးဆစ်ရိုးတို့ဟာ အရိုးပွရောဂါ ကြောင့် အရိုးကျိုးခြင်း အဖြစ်များဆုံး နေရာတွေဖြစ်ပါတယ်။
♦ ဖြစ်ပွားရသည့်အကြောင်းရင်း
ပုံမှန်အားဖြင့် အရိုးများတွင် ပျက်ဆီးသွားသောအရိုးတစ်သျှူးများနေရာတွင် အရိုးတစ်သျှူးအသစ်အစား ထိုးနိုင်တဲ့လုပ်ငန်းစဉ် ရှိပါတယ်။ ငယ်ရွယ်သူများတွင် အရိုးတစ်သျှူးအသစ်အစားထိုးမှုသည် ပိုမိုမြန်ဆန်လေ့ရှိပြီး အသက်ကြီးလာတာနဲ့အမျှ ၎င်း လုပ်ဆောင်ရည်ဟာ လျော့ကျလာပါတယ်။ အရိုးတစ်သျှူးအသစ် အစားမထိုးနိုင် တာကြောင့် အရိုးပွရောဂါကို ခံစားရခြင်းဖြစ်ပါတယ်။
♦ ရောဂါလက္ခဏာများ
ရောဂါစဖြစ်ဖြစ်ချင်း အရိုးတစ်သျှူးများပျက်စီးဆုံးရှုံးခါစတွင် လက္ခဏာပြလေ့မရှိပါ။ ရောဂါရင့်လာပြီး အရိုးများအားနည်းလာပါက အောက်ပါလက္ခဏာရပ်များကို တွေ့ရှိရမှာ ဖြစ်ပါတယ်။
၁။ ခါးနာခြင်း
၂။ ခါးကိုင်းလာခြင်း
၃။ အရပ်ပုပုလာခြင်း
၄။ အရိုးများအလွယ်တကူကျိုးခြင်း
♦ အရိုးပွရောဂါဖြစ်ပွားနိုင်ခြေများသူများ
အောက်ဖော်ပြပါလူများတွင် အရိုးပါးရောဂါဖြစ်ပွားနိုင်ချေမြင့်မားနိုင်ပါတယ်။
- သွေးဆုံးပြီးအမျိုးသမီးများ
- သက်ကြီးရွယ်အိုများ (အမျိုးသမီး + အမျိုးသား)
- အာရှတိုက်သားများ နှင့် လူဖြူလူမျိုးများ
- အရိုးအဆစ်သေးသွယ်သူများ
- မိသားစုမျိုးရိုးရှိသူများ
- အမျိုးသမီးများတွင် အီစထိုဂျင်(Oestrogen) ဟော်မုန်း၊ အမျိုးသားများတွင် တက်စတိုစတီရုန်း (Testoste rone) ဟော်မုန်း ပမာဏနည်းသူများ
- သိုင်းရွိက်ဟော်မုန်းများသူများ
- ကယ်လဆီယမ်ဓါတ်နည်းသူများ
- ၀ိတ်အလွန်အကျွံလျှော့သူများ
- အစာအိမ်နှင့်အူလမ်းကြောင်းခွဲစိတ်မှုပြုလုပ်ထားခြင်းကြောင့် ကယ်လ်ဆီယမ်ဓါတ်စုပ်ယူမှုအားနည်းနေ သူများ
- စတီးရွိုက်ဆေးဝါးမှီ၀ဲနေသူများ
- အတက်ရောဂါ၊ စားချဥ့်ပြန်ရောဂါ၊ ကင်ဆာရောဂါအတွက် ဆေးဝါးများသောက်သုံးနေရသူများ၊
- ကိုယ်လက်လှုပ်ရှားမှုနည်းသူများ၊ အရက်အလွန်အကျွံသောက်သူများ၊ ဆေးရွက်ကြီးသောက်သုံးသူများ
♦ နောက်ဆက်တွဲဆိုးကျိုးများ
နောက်ဆက်တွဲဆိုးကျိုးများကတော့ အရိုးကျိုးလွယ်ခြင်းနှင့် ရောဂါဖြစ်တာကြာလျှင် အရပ်ပုသွားခြင်းတို့ပဲ ဖြစ်ပါတယ်။
♦ စစ်ဆေးခြင်း
Bone Densitometry လို့ခေါ်တဲ့ X-ray (ဓါတ်မှန်) တစ်မျိုးနဲ့ အရိုးသိပ်သည်းဆကို စစ်ဆေးနိုင်ပါတယ်။
အများအားဖြင့် တင်ပါးဆုံရိုး၊ လက်ကောက်၀တ်ရိုးနဲ့ ခါးရိုးတို့ကို ရိုက်လေ့ရှိပါတယ်။
♦ ကုသခြင်း
အရိုးများ၏သိပ်သည်းဆကိုစစ်ဆေးပြီး နောင်ဆယ်နှစ်အတွင်း အရိုးကျိုးနိုင်ခြေမြင့်မားမှုရှိ၊ မရှိပေါ်မူတည် ၍ ကုသမှုကုထုံးကွဲပြားနိုင်ပါတယ်။
အရိုးကျိုးနိုင်ချေနည်းပါးတဲ့သူတွေအနေနဲ့ နေထိုင်စားသောက်မှုပုံစံပြောင်းခြင်း၊ လေ့ကျင့်ခန်းမှန်မှန်လုပ် ခြင်း၊ ကယ်လ်ဆီယမ်နှင့် ဗီတာမင် D ဓါတ်မှီ၀ဲခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။
အရိုးကျိုးနိုင်ချေမြင့်မားတဲ့သူတွေအတွက်
၁။ Bisphosphonate ဆေးကိုအများဆုံးအသုံးပြုပါတယ်။
၂။ အမျိုးသမီးများအတွက် Oestrogen, Raloxifene စတဲ့ဟော်မုန်းဆေးဝါးများကိုလည်း အသုံးပြုပါတယ်။
၃။ အမျိုးသားများတွင် ကျားဟော်မုန်းကြောင့် အရိုးပွရောဂါဖြစ်ပါက အရိုးတွင်းရှိသိပ်သည်းဆမြင့်မားစေရန် Testo sterone ဟော်မုန်း အစားထိုးကုသနည်းကို အသုံးပြုပါတယ်။
♦ အရိုးပွရောဂါရှိသူများလိုက်နာရန်
၁။ အရိုးပွရောဂါခံစားရသူတွေအနေဖြင့် ချော်လဲနိုင်တဲ့နေရာမှန်သမျှကို အထူးသတိထားဖို့ လိုအပ်ပါတယ်။ ဒေါက်မြင့်ဖိနပ်စီးတာမျိုးကို ရှောင်ကြဉ်ပြီး အလွယ်တကူချော်မလဲနိုင်မယ့် ဖိနပ်မျိုး ကို ရွေးချယ်၀ယ်ယူဖို့လိုပါတယ်။
၂။ ဆေးလိပ်သောက်ရင် အရိုးတစ်သျှူး ပျက်စီးဆုံးရှုံးမှု ပိုများတဲ့အတွက် ဆေးလိပ်ဖြတ်ပါ။
၃။ တစ်နေ့မှာ အရက် ၂ ခွက် ထက်ပိုသောက်ရင် အရိုးတစ်သျှူးအသစ်ဖြစ်ပေါ်မှုကို ကျဆင်းစေပြီး အရိုးပွလာတဲ့အတွက် အရက်လျော့သောက်ဖို့လိုပါတယ်။
♦ အရိုးပွရောဂါမဖြစ်အောင်ကာကွယ်ခြင်း
ဘ၀တစ်လျှောက်လုံး အရိုးကျန်းမာရေးကောင်းမွန်ဖို့အတွက် အဓိကအချက်ကြီး (၃) ချက်ကို လိုက်နာဖို့ လိုအပ်ပါတယ်။
၁။ ခန္ဓာကိုယ်ထဲမှာ ကယ်လ်စီယမ်ဓါတ် လုံလောက်စွာ ရှိနေရပါမယ်။ ကယ်လ်စီယမ်ဓါတ်ပါ၀င်မှုများတဲ့ ပင် လယ်ငါး၊ အဆီထုတ်ပြီးသား နို့နှင့် နို့ထွက်ပစ္စည်းများ ၊ အစိမ်းရင့်ရောင်ဟင်း သီးဟင်းရွက်များ၊ ပဲနို့၊ တို့ဖူး၊ ကယ်လ်စီယမ်ဓာတ်ဖြည့်စွက်ထားတဲ့ ကွေကာအုပ်နဲ့ ကယ်လ်စီယမ်ဓာတ် ဖြည့်စွက်ထားတဲ့ လိမေ္မာ်ရည် စတာတွေကို စားသုံးပေးပါ။ ဒါမှမဟုတ် ကယ်လ်စီယမ်အားဖြည့်ဆေးဝါးတွေကို မှီ၀ဲ မယ်ဆိုရင်လည်း ရပါတယ်။ ဒါပေမယ့် ကိုယ်ခန္ဓာထဲမှာ ကယ်လ်စီယမ်ဓာတ်တွေ လိုအပ်တာထက်ပိုများသွားရင် နှလုံးရောဂါနဲ့ ကျောက်ကပ် မှာ ကျောက်တည်တာတွေဖြစ်တတ်တာမို့လို့ တစ်နေ့တာလိုအပ်ချက်ထက် ပိုမစား၊ သောက်ဖို့ အရေးကြီးပါတယ်။
၂။ အရိုးနှင့် ကြွက်သားများကိုသန်မာစေဖို့အတွက် အလေးဖြင့် လေ့ကျင့်ရသော လေ့ကျင့်ခန်းများ၊ ကြိုးခုန်ခြင်း၊ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ လှေကားတက်ခြင်းစသည်တို့ကို ပုံမှန်လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။
၃။ ဗီတာမင် D ပမာဏ လုံလောက်ဖို့ လိုပါတယ်။ ဗီတာမင်D က ကယ်လ်စီယမ်တွေကို ခန္ဓာကိုယ်ထဲ စုပ်ယူတဲ့ ဖြစ်စဉ်ကို အားပေးပါတယ်။ လူတော်တော်များများက နေရောင်ခြည်ကနေလိုအပ်တဲ့ ဗီတာမင် D ပမာဏကို ရရှိကြပါတယ်။ ဒါပေမယ့် နေရောင်ခြည်မရနိုင်တဲ့ အေးခဲတဲ့ဒေသမှာနေထိုင်တဲ့သူတွေ၊ လူနေအိမ်ခြေသိပ်သည်းလွန်းတဲ့ နေရာမှာ နေထိုင်သူတွေ၊ နေရောင်မခံသူတွေ အနေနဲ့ ဗီတာမင် D အားဖြည့်ဆေးဝါးတွေကို မှီ၀ဲသင့်ပါတယ်။
တစ်နေ့တာအတွက် ကယ်လ်ဆီယမ်နဲ့ ဗီတာမင် D လိုအပ်ချက်ပမာဏတွေ ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
| ကယ်လဆီယမ် | ဗီတာမင် D |
အသက် 19 မှ 50 နှစ်ကြား (အမျိုးသား+ အမျိုးသမီး) | 1000 mg | 600 IU |
အသက် 51 မှ 70 နှစ်ကြား အမျိုးသား | 1000 mg | 600 IU |
အသက် 51 မှ 70 နှစ်ကြား အမျိုးသမီး | 1200 mg | 600 IU |
အသက် 70 ကျော် (အမျိုးသား+ အမျိုးသမီး) | 1200 mg | 800 IU |
Dr. Htet Htet Aung






























